Christion Science Monitor, 6th July 2010
မိုးရွာတော့မည့် ကောင်းကင်အောက်တွင် မြန်မာ့ ဆန်အိုးကြီးကို ဖြည့်ပေးသည့် အစိမ်းရောင် မြသား ကွင်းပြင်များသည် အင်အားပြည့်နေသယောင် အသွင်ဆောင်နေသည်။ လယ်သမားများကလည်း သူ၏ နှစ်စဉ် လုပ်နေကျအတိုင်း ကောက်စိုက်ရန် ပြင်ဆင်နေကြပေပြီ။
သို့သော် မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှု အခြေအနေမှာမူ မကောင်းလှပေ။ အထွက်နှုန်း ကျလာခြင်း၊ ကြွေးများ ထူလာခြင်းနှင့် ဝင်ငွေ ကျဆင်းလာခြင်းများသည် လယ်သမားများကြားတွင် အလေးပေး စဉ်းစားရမည့် အချက်များ ဖြစ်လာပြီး ဆိုးရွားသော အခြေအနေ အတွက် မျိုးစေ့များ ဖြစ်လာပြီး၊ တိုင်းပြည်၏ ၇၀ % သော လူများ နေထိုင်သော ကျေးလက် စီးပွားရေး တိုးတက်မှုကို ရပ်တံ့စေသည်။ အဆိုပါ အခြေအနေကို ပိုမို ဆိုးရွားစေသော အချက်မှာ ၂၀၀၈ ခုနှစ် မေလက တိုက်ခဲ့သော နာဂစ်မုန်တိုင်းပင် ဖြစ်သည်။
နာဂစ် ဆိုက်ကလုန်းသည် အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံဖြစ်သော မြန်မာနိုင်ငံကို လူသားချင်း စာနာသော အကူအညီများ ပိုမို ပေးလာစေရေး အတွက် တံခါးဖွင့်ပေးခဲ့သည်။ သဘာဝ ဘေးဒဏ် ခံခဲ့ရသော အလယ်သမားများနှင့် တံငါသည်များ၏ ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရေး အတွက် အုပ်ချုပ်သူ စစ်ဗိုလ်များနှင့် နိုင်ငံခြားသား အလှူရှင်များကြားတွင် ရှားရှားပါးပါး အချေအတင် ဆွေးနွေးမှုများ ရှိလာသည်။
ရလဒ်အားဖြင့် မျှော်လင့်ချက် မဲ့နေသော ဆန်စပါးကဏ္ဍနှင့် ကျေးလက် လူအဖွဲ့အစည်းများ အတွက် အကူအညီများ ပိုမိုပေးရေး ကိစ္စများတွင် ယာယီသဘော ကြိုးစား အားထုတ်မှုများ တွေ့လာရသည်။ ဖွံ့ဖြိုး တိုးတက်ရေး ပညာရှင်များက ပြောကြားရာတွင် ပြင်ပ အကူအညီများ ပိုမို လိုအပ်ကြောင်း၊ လယ်သမားများ အကြွေး သံသရာတွင် နစ်ပြီး လယ်မြေများ ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် ဘဏ်ချေးငွေများလည်း လိုအပ်ကြောင်း ပြောသည်။
အဆိုပါ ကျွမ်းကျင်သူများနှင့် လွတ်လပ်သော စီးပွားရေး ပညာရှင်များက ပြောကြားရာတွင် အန္တိမ ရည်မှန်းချက်မှာ ဆန်စပါး ထုတ်လုပ်မှုကို စွမ်းအားပြည့် ရှိနေစေရေး ဖြစ်ကြောင်း ပြောသည်။ သို့မှသာ ကမ္ဘာ့ ဆန်တင်ပို့သူ အများဆုံး နိုင်ငံများ အဖြစ် မြန်မာနိုင်ငံထံမှ လွှဲပြောင်း ရယူထားသော ထိုင်းနှင့် ဗီယက်နမ်တို့ကဲ့သို့ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
"တိုင်းပြည်ကို အင်အားအသစ် ဖြည့်တင်းဖို့ဆိုရင် ကျေးလက် စီးပွားရေးကို ကြည့်ရပါလိမ့်မယ်" ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံ ဘန်ကောက်ရှိ အာရှ ဌာနချုပ် အကြီးအကဲ Noleen Heyzer က ပြောသည်။
လယ်သမားများ၏ ကြွေးသံသရာ
ပြိုလုဆဲဆဲ အိမ်လေးတွင် နေထိုင်နေရသော ကိုကျော်မြင့် (အမည်မှန်မဟုတ်) ၏ အလားအလာများမှာ မျှော်လင့်ချက် ကင်းမဲ့လျက် ရှိသည်။ သူသည် မြစ်ကမ်းတလျှောက် လယ်မြေဧက ၂၀ ပိုင်ဆိုင်ပြီး၊ စိုက်ပျိုးရန် မျိုးစေ့များကို ချန်ထားသည်။ သို့သော် ယခုနှစ်တွင် သူသည် လယ်အားလုံး စိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် မျိုးကောင်းမျိုးစေ့များ အတွက် ငွေကြေး မတတ်နိုင်သောကြောင့် ဖြစ်သည်။ မြို့ပေါ်မှ စပါးကုန်သည်ကလည်း ဆိုင်ကလုန်းပြီးနောက် ငွေမချေးတော့ပေ။ အစိုးရ စိုက်ပျိုးရေးဘဏ်ကလည်း လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်း (ဒေါ်လာ ၁၀၀) လိုအပ်သော်လည်း ငွေကျပ် ၂ သောင်း (ဒေါ်လာ ၂၀) သာ ထုတ်ချေးသည်။
ကိုကျော်မြင့်က ပြောရာတွင် အကယ်၍ လိုအပ်သော ချေးငွေများ ရရှိခဲ့လျှင်ပင် နိုဝင်ဘာလ ရိတ်သိမ်းချိန် အပြီးတွင် ထိုငွေ ပြန်ဆပ်နိုင်ရန် လုံလောက်သော ငွေပြန်မရနိုင်ကြောင်း၊ ကြွေးတင်ရဦးမည် ဖြစ်ပြီး ထိုသံသရာတွင်သာ လည်နေကြောင်း ပြောသည်။
ကိုကျော်မြင့်၏ မိသားစုတွင် လူ ၁၂ ဦး ရှိပြီး၊ အရွယ်ရောက်သူတိုင်း လယ်ထဲတွင် အလုပ်လုပ်ကြရသည်။ ၎င်းတို့သည် ရန်ကုန်မြို့နှင့် ခြောက်နာရီသာ သွားရသော နေရာတွင် နေထိုင်ကြသည်။ အလုပ်သမား ခေါ်သော စက်ရုံကလည်း အနည်းငယ်သာ ရှိသည်။ မြို့ပေါ်တွင် ဝင်ငွေနည်းပြီး၊ အသုံးစရိတ် ကြီးမှုကြောင့် လိုအပ်ချက်ပင် မပြည့်နိုင်ပါ။ "ကျေးလက်များရှိ အလုပ်လက်မဲ့များ အနေနဲ့ မြို့ပေါ်တက်လည်း အလုပ် မရှိဘူး" ဟု အကူအညီပေးရေး အေဂျင်စီ ဝန်ထမ်းတစ်ဦးက ပြောသည်။
တစ်ဖက်မှ ကြည့်ပြန်သောအခါ ဆင်းရဲသည့် အဖြစ်ချင်း အတူတူတွင် ကိုကျော်မြင့်က လယ်ပိုင်သေးသည်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်က Harvard Kennedy ကျောင်း၏ လေ့လာမှုများအရ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ၅၀ % မှ ၇၀ % သော သူများသည် လယ်မြေ ပိုင်ဆိုင်မှု မရှိကြဘဲ ကြွေးမဆပ်နိုင်မှုကြောင့် မြေယာပိုင်ဆိုင်ခွင့်များ ဆုံးရှုံးခဲ့ကြရသည်ဟု သိရှိရသည်။
"လယ်သမားတွေဟာ သူရင်းငှား အနည်းငယ်သာ ခန့်ထားနိုင်ပြီး နေ့တွက် အနည်းငယ်ပဲ ပေးနိုင်ကြတယ်" ဟု မြစ်ဝကျွန်းပေါ်တွင် အလုပ်လုပ်နေသော ဗြိတိသျှ ကုသိုလ်ဖြစ် အဖွဲ့ဖြစ်သော Save the Children မှ မြန်မာပြည် ဒါရိုက်တာ Andrew Kirkwood က ပြောသည်။
မျှော်လင့်ချက် ရောင်ခြည်
ပြီးခဲ့သည့်နှစ်က ဆန်စပါး ထုတ်လုပ်မှု အဖွဲ့ကြီး ဖွဲ့စည်းခဲ့ခြင်းသည် ပြောင်းလဲမှုအတွက် လက္ခဏာပင် ဖြစ်သည်။ ၎င်းအဖွဲ့သည် လယ်သမားများ၊ ကုန်သည်များ၊ ဆန်စက်ပိုင်များနှင့် စိုက်ပျိုးရေး ကုမ္ပဏီများနှင့် အစိုးရကြားတွင် ညှိနှိုင်းပေးမည့် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့၏ ဥက္ကဋ္ဌကို အစိုးရက ခန့်ထားသော်လည်း၊ ဒေသဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များကိုမူ မြန်မာနိုင်ငံ၏ အာဏာရှင် စတိုင် လုပ်ထုံးလုပ်နည်းမှ ဖောက်ထွက်ပြီး လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ဆန်ဝယ်ယူသူများကို တားဆီးထားသည့် အပြောင်းအလဲများသော ကန့်သတ်မှုများ အပြီးတွင် ကုန်သည်များသည် အလားအလာ ကောင်းသော ဆန်ပိုမို တင်ပို့ ရောင်းချရေး တံခါးဖွင့်မှုကို များစွာ စိတ်အားထက်သန်လျက် ရှိကြသည်ဟု အထက်ပါအဖွဲ့၏ အကြံပေး ပညာရှင် ဦးတင်မောင်သန်းက ပြောသည်။ အချို့ ဆန်စက်ပိုင်များကလည်း ဈေးကွက်ကို ပိုမို အခြေခံသော စနစ်ကို မျှော်လင့်ပြီး စက်ပ္စည်း အသစ်များ ပိုမို ရင်းနှီးမြှုပ်နှံပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။ "တကယ်လို့ ကျွန်တော်တို့ရဲ့ ဆန်စပါး စီးပွားရေးကို ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်မိပြီဆိုရင်၊ ဆန်စပါး ထုတ်လုပ်မှုအတွက် ကျွန်တော် မပူတော့ဘူး" ဟု ၎င်းက ပြောသည်။
အချို့လယ်သမားများသည် ချေးငွေအတွက် လမ်းကြောင်းသစ်များ ချိတ်ဆက်မိနေပြီ ဖြစ်သည်။ အသစ် ဖွဲ့စည်းခဲ့သော စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးရေး ကုမ္ပဏီ ၃၀ ခန့်သည် လယ်သမားများအား ငွေများ ထုတ်ချေးလျက် ရှိရာ၊ ယခင်က ဆန်ကုန်သည်များ ပါးပါးလှီးယူသော အတိုးနှုန်းထက် များစွာ သက်သာသော တစ်လလျှင် ၃ % ဝန်းကျင်ဖြင့် ချေးလျက် ရှိသည်။ (ဆန်ကုန်သည်များက တစ်လလျှင် ၁၀ % အတိုးယူသည်။ အယ်ဒီတာ) ပညာရှင်များက ပြောကြားရာတွင် ယခု ပုဂ္ဂလိက ငွေချေးမှု ပမာဏမှာ သေးငယ်သေးကြောင်း၊ လယ်မြေ ဆယ်ဧကရှိ လယ်သမားများကိုသာ ချေးငှားနိုင်သေးကြောင်း၊ မတည် ရင်းနှီးငွေ မလုံမလောက်ဖြင့် လည်ပတ်နေသော အစိုးရ စိုက်ပျိုးရေးဘဏ်ကိုပင် အစားထိုးရန် မဖြစ်နိုင်သေးကြောင်း ဆိုသည်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များမှ တာဝန်ရှိသူများက ပြောကြားရာတွင် မြစ်ဝကျွန်းပေါ် ဆန်ထုတ်လုပ်မှု အလှည့်အပြောင်း ဖြစ်စေရန် အခြား ကျေးလက်ဒေသများကိုလည်း အလေးပေးမှု အတူတူ ဖြစ်ရန် လိုကြောင်း ဆိုသည်။ ကျေးရွာများတွင် ဆင်းရဲမွဲတေမှုနှင့် အာဟာရဓာတ် ချို့တဲ့မှုမှာ အကြီးအကျယ် ခံစားနေရသော ဝေဒနာများ ဖြစ်ကြောင်း ပြောကြသည်။ မြန်မာနိုင်ငံတွင် ကလေးငယ် ဆယ်ဦးအနက် တစ်ဦးမှာ အသက်ငါးနှစ် မရောက်မီ သေဆုံးလျက် ရှိပြီး၊ ကုလသမဂ္ဂ၏ အဆိုအရ ကမ္ဘာပေါ်တွင် ကလေးငယ် သေဆုံးမှုနှုန်း စတုတ္တ အဆိုးဆုံး နိုင်ငံ ဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ ဒဏ်များ ခံစားရသော ဒေသများတွင် စစ်ဒဏ်ကို ခံစားကြရသော တိုင်းရင်းသား နယ်စပ်ဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်း ခြောက်သွေ့ဒေသများ ပါဝင်သည်။ အပူပိုင်း ဒေသတွင် လယ်သမားများသည် ငွေပေါ်သီးနှံများ ဖြစ်သော ပဲ၊ ကြက်သွန် စသည်တို့ အပေါ်တွင်သာ မှီခိုနေရသည်။ အကူအညီပေးရေး အဖွဲ့များမှ ဝန်ထမ်းများသည် အဆိုပါ ဒေသများနှင့် အထိအတွေ့ များလှသည် ဖြစ်ရာ ဒုက္ခ ခံစားရမှုများမှာ ပိုမို ရှင်းလင်းစွာ တွေ့လာရကြောင်း မြန်မာနိုင်ငံ World Food Program မှ အကြီးအကဲ Chris Kaye က ပြောသည်။
"တဖြည်းဖြည်း ဖြစ်လာတာ ရောဂါ ကျွမ်းနေပါပြီ။ ပြဿနာရဲ့ အခြေခံကတော့ ချေးငွေ မရရှိမှုနှင့် ထည့်ဝင်ပေးမှုတွေ လိုအပ်မှုများ ပါဝင်သော ကျေးလက် စီးပွားရေးပင် ဖြစ်ပြီး၊ လူနေမှု ဘဝတွေ ဆိုးဆိုးဝါးဝါး ပျက်စီးနေပါပြီ" ဟု ၎င်းက ပြောသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.