Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း (Myanmar Airways-MA) တွင် လက်ရှိအသုံးပြုနေသော F-32 အမျိုးအစား လေယာဉ်များ နေရာတွင် အစားထိုးရန် တရုတ်နိုင်ငံမှ လေယာဉ်သုံးစင်း ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း လေကြောင်း အာဏာပိုင်အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်များက သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောကြားသည်။

တရုတ်နိုင်ငံထုတ် MA-60 အမျိုးအစား (လူစီးထိုင်ခုံ ၄၅ ခုံပါဝင်သည်) လေယာဉ် တစ်စင်း စက်တင်ဘာလတွင် ရောက်ရှိမည် ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ မြန်မာ့ လေကြောင်းသည် ပြည်တွင်းရှိ မြို့ ၂၅ မြို့သို့ ဂျက်လေယာဉ် သုံးစင်း၊ ATR-72 နှစ်စင်း၊ ATR-42 တစ်စင်း၊ F-37 နှစ်စင်းတို့ဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း မြန်မာ့လေကြောင်းအပြင် ပုဂ္ဂလိကပိုင်းက တာဝန်ယူ ဆောင်ရွက်သော မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်း (MAI) အမည်ရ နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုလည်း ရှိသည်။

MAI ကို ယခင် ၁၉၉၃ ခုနှစ်တွင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုတို့၏ ဖက်စပ် လေကြောင်းလုပ်ငန်း တစ်ခုအဖြစ် စတင် ထူထောင်ခဲ့သည်။ ထိုအချိန်က MAI သည် နိုင်ငံတကာ ခရီးစဉ်အဖြစ် ဘန်ကောက်၊ စင်ကာပူ နှင့် ကွာလာလမ်ပူသို့ ပြေးဆွဲခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟောင်ကောင် အခြေစိုက် Region Air of Hong Kong က စင်ကာပူ ကုမ္ပဏီမှ MAI ၏အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူလိုက်သည်။ ကျန်ရှိသော အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နိုင်ငံပိုင် မြန်မာ့လေကြောင်းက ဆက်လက် ပိုင်ဆိုင်ထားသည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဧရာမ ပုဂ္ဂလိက စီးပွားရေး အုပ်စု ဖြစ်သော ကမ္ဘောဇ ကုမ္ပဏီက အစိုးရ၏ ပုဂ္ဂလိကပိုင် ပေးရေး အစီအစဉ်ဖြင့် MAI ကို ပြောင်းလဲ ဝယ်ယူလိုက်သည်။ သတင်းများအရ ကမ္ဘောဇသည် MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ကျန်ရှိသော အစုရှယ်ယာကို အစိုးရကပင် ဆက်လက် ပိုင်ဆိုင်ထားသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment