Transparency Myanmar

transparency.myanmar@gmail.com

Asia Times Online, By Marwaan Macan-Marker, 11th August 2010

မြန်မာနိုင်ငံ အတွက် လူ့အခွင့်အရေး စစ်ဆေးရန် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုမှုကို ပြီးခဲ့သည့် မတ်လက အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ၎င်း၏ စာမျက်နှာ ၃၀ ပါ အစီရင်ခံစားကို ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် တင်ပြစဉ်က ထည့်သွင်း ဖော်ပြခဲ့သည်။ ယခုအခါ Quintana သည် မြန်မာနိုင်ငံသို့ စတုတ္တ အကြိမ် သွားရောက်ရန် အတွက် မြန်မာ အစိုးရက ဗီဇာ ငြင်းပယ် ခဲ့သည်ဟု ကုလသမဂ္ဂနှင့် သံတမန် အသိုင်းအဝိုင်း၏ အဆိုအရ သိရှိရသည်။

Quintana သည် ယခုအခါ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့သို့ ရောက်ရှိနေပြီး၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အောက်တိုဘာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်လျက် ရှိသည်။ ယခု ၎င်းအပေါ် မြန်မာ အစိုးရ၏ ပြုမူပုံများမှာ ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားသူများက အံ့သြစရာ မကောင်းဟု ဆိုသည်။

၎င်း၏ ရှေ့အထူး ကိုယ်စားလှယ် Paulo Sergio Pinheiro အားလည်း ကုလသမဂ္ဂတွင် ပြင်းထန်သော အစီရင်ခံစာ တင်ပြမှုကြောင့် မြန်မာ အစိုးရက တိုင်းပြည်သို့ လာရောက်ရန်ကို ပိတ်ပင်ခဲ့သည်။

"Quintana က စစ်ရာဇဝတ်မှုတွေ အတွက် စုံစမ်းဖို့ နိုင်ငံတကာ ကော်မတီ ဖွဲ့ဖို့ ပြောတော့ အစိုးရရဲ့ အထိမခံတဲ့ အကြောင်း ကို သွားကိုင်တွယ် ဆိုတာ သိပ်ရှင်းနေပါတယ်။ အစိုးရက အဲဒီ့လို ဝေဖန်မှုမျိုးကို သည်းမခံနိုင်ပါဘူး" ဟု မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် လူထု အဖွဲ့အစည်း အဖြစ် အာရှ-ပစိဖိတ်တွင် လှုပ်ရှားနေသော Burma Partnership မှ ညှိနှိုင်းရေးမှူး ခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ၏ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က တောင်းဆိုခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်သည်။

Quintana သည် ဗီဇာ ငြင်းပယ် ခံရသော်လည်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ရေး အတွက် တွန်းအား ပေးရန် ကတိပြုထားဆဲ ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်သော အဖွဲ့ဖြစ်သော Human Rights Watch မှ မြန်မာနိုင်ငံ ပညာရှင် David Scott Matheison က ပြောသည်။ "သူလက်မလျှော့သေးပါဘူး။ မြန်မာပြည် ပြန်သွားပြီး၊ အထဲက တက်ကြွသူတွေနဲ့ တွေ့ဖို့ စိတ်အား ထက်သန်နေတုန်းပဲ" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြည့်ရှုရန် ကုလသမဂ္ဂက ၁၉၉၂ တွင် စတင် လုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာ အစိုးရ အပေါ် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရန် စတင် ဆွေးနွေး ခဲ့သည်။

သို့သော် ၂၀၀၂ ခုနှစ်တွင်မှသာ စစ်ရာဇဝတ်မှုများ အတွက် စွပ်စွဲမှုများ ပါဝင်သော အစီရင်ခံစာများ ထွက်ပေါ်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးတက်လျက် ရှိသော တိုင်းပြည်တွင် ဖိနှိပ်မှုများနှင့် ကျူးလွန်မှုများ ပိုမို ဆိုးရွားလာမှု အတွက် အတည်ပြု ပေးသလို ဖြစ်သည်။ ထိုအထဲတွင် ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု နက်ဝပ်ခ် (Shan Women's Action Network SWAN) က ထုတ်ဝေသော "အဓမ္မပြုခွင့် လိုင်စင်" (License to Rape) အမည်ရ အစီရင်ခံစာသည် အစိုးရ၏ ဆိုးဝါးသော ပြုမူပုံများကို ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် အစိုးရ စစ်တပ်က ရှမ်းတိုင်းရင်းသား သူပုန်များ အပေါ် တိုက်ခိုက်ရာတွင် ရှမ်းအမျိုးသမီးများ အပေါ် အဓမ္မ ပြုကျင့်မှုကို စစ်ပွဲ၏ အစိတ်အပိုင်း အဖြစ် အသုံးပြုပုံကို မှတ်တမ်းများဖြင့် ဖော်ပြထားသည်။

၂၀၀၂ ခုနှစ် အစီရင်ခံစာ နောက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပထမဆုံး အကြိမ် အဖြစ် နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် စစ်ဖြစ်လျက် ရှိသော နေရာများတွင် အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်းနှင့် အခြား ရာဇဝတ်များ ကျူးလွန်မှု အတွက် မြန်မာ အစိုးရ အပေါ် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

SWAN ၏ အစီရင်ခံစာပါ ဖော်ပြချက်များသည် သူ့နောက် ထွက်ပေါ်လာသော အခြား အစီရင်ခံစာများတွင် ဖော်ပြချက်များနှင့် အနည်းငယ် ပြောင်းလဲမှု ရှိသည်။ အချို့မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ခွဲထွက်ရေး အတွက် ပဋိပက္ခ ဖြစ်နေသော ကရင်ပြည်နယ်မှ အမျိုးသမီးများ၏ ပုံနှိပ် ထုတ်ဝေမှုများ ပါဝင်သည်။

ကရင်နှင့် ရှမ်း လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ဖက်နှင့် မြောက်ဖက် ထိုင်းနှင့် တရုတ် နယ်စပ်များတွင် နေထိုင်ကြပြီး၊ ငါးသိန်းခန့်မှာ ပြည်တွင်းတွင် နေထိုင်စရာ မရှိဘဲ အလွန် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် နေထိုင် နေကြရသည်။ ၎င်းတို့၏ ရွာများတွင် စစ်ပြေး ဒုက္ခသည် အဖြစ် ပြေးလွှား နေရသည်။

အဆိုပါ စစ်ပွဲ ပဋိပက္ခများကြောင့် တိုင်းရင်းသား အရပ်သား လူထု အပေါ် သက်ရောက်မှုများကို ၂၀၀၉ ခုနှစ်က နိုင်ငံတကာ ဂျူရီ လူကြီး ငါးဦး ရေးသားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တိုင်းရင်းသား ကျေးရွာ ၃၀၀၀ ကျော်ကို စစ်အစိုးရက မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဟားဗတ် တက္ကသိုလ်၏ ဥပဒေကျောင်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာမှု စာတမ်းတွင် ဖော်ပြထားသည်။ အဆိုပါ ဖျက်ဆီးမှုကို ဒါဗာ (ဆူဒန်) တွင် ဖျက်ဆီးခဲ့သော ကျေးရွာများ အရေအတွက်နှင့် နှိုင်းယှဉ်၍ ရနိုင်ကြောင်း ဆိုသည်။

"မြန်မာ ပြည်သူလူထု အပေါ် စစ်အစိုးရက ဆက်လက် နှိပ်စက်နေမှုများကို ကမ္ဘာကြီးက စောင့်ကြည့် မနေနိုင်တော့ပါဘူး" ဟု ဗြိတိန်၊ မွန်ဂိုလီးယား၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဗင်နီဇွဲလားတို့မှ ဂျူရီ လူကြီးများ ရေးသားသော မြန်မာနိုင်ငံမှ ရာဇဝတ်မှုများ (Crimen in Burma) အစီရင်ခံစာတွင် ဖော်ပြထားသည်။ "မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အပေါ် စုံစမ်းရေး ကော်မရှင် အမြန်ဆုံး ဖွဲ့ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ကျွန်ုပ်တို့ တောင်းဆိုသည်" ဟု ဖော်ပြထားသည်။

Quintana ကလည်း ၎င်း၏ မတ်လ အစီရင်ခံစာတွင် အဆိုပါ အယူအဆကိုပင် ထပ်မံ အသံပြုခဲ့သည်။

Quintana ၏ အစီရင်ခံစာသည် ၎င်းအား ၂၀၀၈ ခုနှစ် မေလက ခန့်အပ်ပြီး ကတည်းက ဖေဖော်ဝါရီလ တတိယမြောက် ခရီးစဉ် အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ရက်စက်မှုများကို စာရင်းပြုလျက် မီးမောင်းထိုး ဖော်ပြခဲ့ရာ ဖမ်းဆီးထားသူများကို သေသည်အထိ နှိပ်စက်ခြင်း၊ အဓမ္မ လုပ်အား ပေးစေခြင်း၊ အစိုးရ ဆန့်ကျင်သူများအား ဖမ်းဆီးမှု၊ လွတ်လပ်စွာ ဖော်ပြခွင့်နှင့် စုဝေးခွင့် မရှိမှုတို့ကို ဖော်ပြထားသည်။

"အဲဒီ အစီရင်ခံစာကတော့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်ထံက အမြန်ဆုံး အစီရင်ခံစာပါပဲ။ အရင်ကတည်းက ပြောနေတဲ့ စစ်ဖြစ်တဲ့ ကြားထဲနေရတဲ့ တိုင်းရင်းသားတွေ အကြောင်း အတည်ပြု လိုက်တာပါပဲ" ဟု SWAN ၏ အဖွဲ့ဝင် Charm Tong က ပြောသည်။ "သူတို့ဟာ အခုထိ မြန်မာ စစ်တပ်ရန်ကြောင့် ထွက်ပြေးနေတုန်းပဲ" ဟု ၎င်းက ဆိုသည်။

"အဲဒီ ခံစားချက်တွေ ပျောက်သွားဖို့ ဆိုရင် Quintana ရဲ့ တောင်းဆိုမှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရာရောက်မှ ဖြစ်မှာပါ" ဟု ရှမ်းလူမျိုး လှုပ်ရှားသူ တစ်ဦးက Inter Press Service သို့ ပြောသည်။ "ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment