Transparency Myanmar

transparency.myanmar@gmail.com

Business Standard, By Ajay Modi, 24th August 2010

မဏိပူရတွင် ရေနံထွက် ပစ္စည်းများ ပြတ်လပ်မှုကို ကြုံတွေ့နေရသည် ဖြစ်ရာ၊ ဗဟို အစိုးရအား အိမ်နီးချင်း ဖြစ်သော မြန်မာနိုင်ငံမှ လောင်စာဆီ တင်သွင်းရန် ခွင့်ပြုချက် တောင်းခံလျက် ရှိသည်။

ပြည်နယ် အစိုးရက ထိုသို့ ဆောင်ရွက်ရခြင်းမှာ United Naga Council က လေးလ အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် သြဂုတ်လ ၃ ရက်နေ့မှစ၍ စီးပွားရေး ပိတ်ဆို့မှုကို ရက်နှစ်ဆယ်ကြာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

"ပြည်နယ် အစိုးရက မြန်မာနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် တင်သွင်းဖို့ ကျွန်တော်တို့ကို လျှောက်ထား လာပါတယ်။ ပြည်တွင်း လမ်းကြောင်းတွေက သူတို့ ပြည်နယ်ကို မရောက်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့က သိပ်ခွင့်မပြုချင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက လောင်စာဆီဟာ Euro III စံကို မမီလို့ပါပဲ။ ကျွန်တော်တို့ အောက်တိုဘာ ၁ ရက်နေ့ ကစပြီး Euro III စံပြည့်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်" ဟု ဗဟို အစိုးရ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

အစောပိုင်းက နာဂအုပ်စုများသည် မဏိပူရကို ပြည်မကြီးနှင့် ဆက်သွယ်သော အဝေးပြေး လမ်းမကြီး အမှတ် ၃၉ နှင့် ၅၃ ကို ဧပြီလ ၁၁ ရက်မှစ၍ နှစ်လခန့် ပိတ်ထားခဲ့သည်။ အကြောင်းမှာ NSCN (I-M) ခေါင်းဆောင် Thuingaleng Muivah အား ဇာတိရွာသို့ လာရောက် ခွင့်မပြုရန် မဏိပူရ အစိုးရက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများသည် လောင်စာဆီ အပါအဝင် မရှိမဖြစ် အသုံးအဆောင်များ ဆိုးရွားစွာ ပြတ်လပ်မှုကို ဖြစ်စေသည်။

မြို့ကြီး ၁၃ မြို့ ဖြစ်သော Delhi၊ မွန်ဘိုင်း၊ ကိုးလ်ကတ္တား၊ ချန်ဒိုင်း၊ ဟိုက်ဒရာဘတ်၊ ဘန်ဂလော၊ Lucknow၊ Kanpur၊ Agra၊ Surat၊ Ahmedahad၊ Pune နှင့် Sholapur တို့တွင် လောင်စာဆီ အဆင့်ကို Euro III မှ Euro IV သို့ ဧပြီလ ၁ ရက် မှစ၍ မြှင့်တင်ခဲ့ပြီး ဖြစ်သည်။ တိုင်းပြည်၏ ကျန်အစိတ်အပိုင်းများတွင် Euro II မှ Euro III သို့ အောက်တိုဘာလ ၁ ရက် မှစ၍ မြှင့်တင်ရန် စီစဉ်ပြီး ဖြစ်သည်။

ထိုသို့ ပို၍ သန့်ရှင်းသော မော်တော်ယာဉ် လောင်စာဆီများကို သတ်မှတ်ရခြင်းမှာ ဆိလ်ဖာနှင့် ဘင်ဇင်း တို့ကဲ့သို့ ပတ်ဝန်းကျင် အန္တရာယ် ဖြစ်စေမည့် ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မဏိပူရတွင် နာဂ အုပ်စုများက စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် Lok Sabha တွင် ပိုမို အရေးပေး ဂရုစိုက်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး P Chidambaram က ဖြေကြားရာတွင် အစိုးရ အနေဖြင့် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ ပြည့်စုံ လုံလောက်ရေး အတွက် ပိုမို ကြိုးစားပေးလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။ Indian Oil မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် ၎င်းတို့ကုမ္ပဏီသည် မဏိပူရသို့ ရေနံထွက် ပစ္စည်းများ ပေးပို့ရေး အတွက် အခြား လမ်းကြောင်းများ ရှာ၍ ကြိုးစားနေကြောင်း ဆိုသည်။

အဝေးပြေးလမ်း ၃၉ နှင့် ၅၃ မှာ လူအများ ခရီးသွားရန်သာ ဖွင့်ပေးထားခြင်း ဖြစ်၍ မရှိမဖြစ် အသုံးအဆောင်များ သယ်ယူ ပို့ဆောင်ရေးကို မထိခိုက်နိုင်ကြောင်း Chidambaram က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment