Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သီးသန့် ဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တွင် လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းနှင့် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျင်းပပေးခြင်း ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက် ကောင်းမွန်လာရေး ဟူသော ဦးတည်ချက်ဖြင့် ကျင်းပမည့် အဆိုပါ သီးသန့် ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ကုန်သည်ကြီးများ၊ ဝန်ကြီးများနှင့် အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်သည်။ မဏိပူရ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ကို ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌက Bijoy Koijam က ဦးဆောင်မည် ဖြစ်ကြောင်း၊ အတွင်းရေးမှူး Nabakishore လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

စာရင်းဇယားများအရ မိုးရေးနှင့် တမူးပြည်နယ် တို့မှတစ်ဆင့် ဖြတ်သန်း ကုန်သွယ်လျက် ရှိသည့် ကုန်သွယ်ရေး အမျိုးအစားမှ ယခင် ၂၂ မျိုးသာ ရှိရာမှ ယခုအခါ ၄၄ ခုအထိ တိုးမြင့်လာသည်။

ကုန်သွယ်ရေး သဘော တူညီချက်၌ ပါဝင်သည့် ကုန်ပစ္စည်း အမျိုးအစားသစ်များတွင် စက်ဘီး အပိုပစ္စည်းများ၊ အသက်ကယ် ဆေးဝါးများ၊ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ ချည်ထည်များ၊ စတီးပစ္စည်းများ၊ အလှကုန်များ၊ သရေထည် ဖိနပ်များ၊ သကြား၊ဆား၊ ခြင်ဆေးခွေ၊ မီးသီး၊ ဘရိတ်ဓား၊ ဓာတ်မှန်နှင့် ဓာတ်ပုံ ဖလင်များ ပါဝင်သည်။

ဤအတောအတွင်း မဏိပူရသို့ အရှေ့တောင် အာရှနိုင်ငံများမှ သံအမတ်ကြီးများ သွားရောက် လည်ပတ်ရန် စီစဉ်ထားမှုကို စက်တင်ဘာလသို့ ပြောင်းလဲ ရွှေ့ဆိုင်းလိုက်သည်။ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့အား အိန္ဒိယ အနောက်မြောက်ပိုင်း ဒေသသို့ လေ့လာရေး ခရီးအဖြစ် အိန္ဒိယ အရှေ့မြောက်ပိုင်း ဆိုင်ရာ ပြည်နယ် ဝန်ကြီးဌာနက စပွန်ဆာ ပေးကာ ခေါ်ယူခဲ့ပြီး ဖြစ်သည်။

မဏိပူရ ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ ဆန်မက်ထရစ် တန်ချိန် ၃၀၀၀၀ တင်သွင်းရန် အိန္ဒိယ အစိုးရ၊ စားသုံးသူ ပြည်သူ့ရေးရာ၊ အစားအသောက်နှင့် ဖြန့်ဝေရေး ဝန်ကြီးဌာနက မဏိပူရ စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (MANIDCO) ကို ခြွင်းချက်မရှိ ဝယ်ယူခွင့် လက်မှတ် 'No Objection Certificate' ထုတ်ပေးလိုက်ပြီးနောက် အဆိုပါ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သီးသန့် ဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။

The Sangai Express မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment