Transparency Myanmar

transparency.myanmar@gmail.com

ထိုင်ဝမ် လေတပ်အတွက် ရေဒါပစ္စည်းများ ပေးပို့ ရောင်းချသွားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သြဂုတ်လ ၂၅ ရက်နေ့တွင် အသိပေး ပြောဆိုသည်။ ထိုင်ဝမ်သို့ ပေးပို့မည့် ပစ္စည်းများမှာ လွန်စွာ အရေးမပါ လှသောကြောင့် ထိုင်ဝမ်ကျွန်းအတွက် F-16 တိုက်လေယာဉ်များ ရောင်းချရန် သမ္မတ မာရင်ကျိုးက လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း ဝါရှင်တန်ကို တိုက်တွန်းခဲ့သည့် ကိစ္စလောက် တရုတ်ပြည်မကြီး အမျက်ထွက် စိတ်ဆိုးလာဖွယ် မရှိပေ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip J Crowley က ထိုင်ဝမ်သို့ ရောင်းချမည့် အမျိုးအမည်များတွင် "ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး စနစ်နှင့် ဂျက်တိုက် လေယာဉ်များအတွက် ရေဒါပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ၊ နည်းပညာ အချက်အလက်များ ပါဝင်သည် ဟု အတည်ပြု ပြောဆိုသည်။ အဆိုပါ ကာကွယ်ရေး ပစ္စည်းများကို ငွေကြေး မည်၍ မည်မျှဖြင့် ရောင်းချသည် ဟူသော အချက်အလက်များကို မစ္စတာ Philip Crowley က ဖော်ပြ ပြောဆိုခဲ့ခြင်း မရှိသလို အမေရိကန် ကုမ္ပဏီများ ပါဝင် ပတ်သက်မှုကိုလည်း ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

ဥပဒေကြောင်းအရ ထိုင်ဝမ်သို့ လက်နက် ထောက်ပံ့ ရောင်းချရမည်ဟု အမေရိကန် ပြည်ထောင်စုက ခံယူထားသည်။ အဆိုပါ စစ်သုံးပစ္စည်းများ ရောင်းဝယ်မှုနှင့် ပတ်သက်၍ ထိုင်ဝမ် စစ်တပ်က သုံးသပ် ထင်မြင်ချက် တစ်စုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့သော်လည်း ဝါရှင်တန် ဆင်ခြေဖုံး ဒေသတွင် အခြေစိုက်သည့် ပုဂ္ဂလိက Advocacy အုပ်စုတစ်ခု ဖြစ်သော အမေရိကန်-ထိုင်ဝမ် စီးပွားရေး ကောင်စီက "အသေးစား ရောင်းဝယ်မှု" တစ်ခု ဖြစ်ကြောင်း သတ်မှတ် ပြောဆိုသည်။

ထိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ ကာလကြာရှည်စွာ စစ်အင်အား တိုးချဲ့ တည်ဆောက်မှု အပေါ် တုံ့ပြန်နိုင်ရေးအတွက် 66 F-16 C/D ဂျက် တိုက်လေယာဉ်များ ရောင်းချပေးရန် အမေရိကန် ပြည်ထောင်စုကို အဆက်မပြတ် ဖိအားပေး တောင်းဆိုခဲ့သည်။ ငွေကြေး အမြောက်အမြား အသုံးပြုကာ တရုတ် စစ်အင်အား တည်ဆောက်နေမှုသည် ပြည်မကြီး အနေဖြင့် ထိုင်ဝမ်ကျွန်းကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ရန် ဦးတည်ထားခြင်း ဖြစ်သည်။

ထိုင်ဝမ်နှင့် တရုတ် ပြည်မကြီးသည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း ကွဲထွက်ခဲ့ကြသည်။ ထိုင်ဝမ်သည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မြေ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြည်မကြီးက ယနေ့ အချိန်အထိ ပြောဆိုနေဆဲ ဖြစ်သည်။ အကယ်၍ ထိုင်ဝမ်အနေဖြင့်
ကိုယ်ပိုင် လွတ်လပ်ရေး ကြေညာပါက ဝင်ရောက် တိုက်ခိုက်မည် ဖြစ်သည်ဟုလည်း ပြည်မကြီးက သတိပေး ခြိမ်းခြောက်ထားသည်။

ထိုင်ဝမ်သို့ အမေရိကန် ပြည်ထောင်စုက စစ်လက်နက် ပစ္စည်များ ရောင်းချမှု မှန်သမျှကို တရုတ်ပြည်မကြီးက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်လျက် ရှိသည်။ ယင်းသို့ လက်နက် ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု ဆိုသည်။

ယခု နှစ်ဆန်းပိုင်းတွင် ဝါရှင်တန် အစိုးရက ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ တန်ဖိုး ရှိသည့် လက်နက်များ ရောင်းချမည်ဟု ကြေညာလိုက်ရာ တရုတ်ပြည်မကြီးက အမေရိကန်နှင့် စစ်ရေးပူးပေါင်း လုပ်ဆောင်မှုများကို ရပ်ဆိုင်းပစ်လိုက်သည်။

တရုတ်နိုင်ငံ၏ ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက F-16 C/D ဂျက်တိုက်လေယာဉ်များ ရောင်းချမည့် အစီအစဉ်ကို ရပ်ဆိုင်းခြင်း ပြုလုပ်မည်ကို ထိုင်ဝမ် ကာကွယ်ရေးဌာနမှ အရာရှိကြီးများက စိုးရိမ်လျက် ရှိသည်။

သို့သော် အိုဘားမား အုပ်ချုပ်ရေးက ချွေးသိပ်သည့် အနေဖြင့် F-16 ဂျက်တိုက်လေယာဉ်များ ရောင်းချပေးရန် သဘော တူလာနိုင်သည်ဟု ၎င်းတို့က မျှော်လင့်လျက် ရှိသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment