Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာတစ်ဝှမ်းရှိ သူပုန် အုပ်စုများသို့ လက်နက်များ ရောင်းချသည်ဟု သံသယ ရှိသော ရုရှား လူမျိုး Viktor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း ပေးပို့မည့် အစီအစဉ်မှာ နှောင့်နှေးဦးမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ဆိုသည်။

Viktor Bout အား ခေါ်ဆောင်သွားမည့် အမေရိကန် လေယာဉ်မှာ ဘန်ကောက်မြို့ မြောက်ပိုင်းဒေသရှိ ဒွန်းမောင်းလေဆိပ်၊ လေတပ် အခြေစိုက် စခန်းသို့ ရောက်နှင့်နေပြီ ဖြစ်သော်လည်း ဥပဒေဆိုင်ရာ အကြောင်းကိစ္စများ ထွက်ပေါ်လာသောကြောင့် ၎င်းအား လွှဲဟြေင်းမည့် ကိစ္စကို ခေတ္တ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လအတွင်း ထိုင်း-အမေရိကန် ပူးတွဲ စစ်ဆင်ရေး တစ်ခုတွင် ဖမ်းဆီးရမိခဲ့သော Victor Bout ၏ အမှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့ စကားများလျက် ရှိသည်မှာ ထိုအချိန်ကတည်းက ဖြစ်သည်။

ထိုင်းတရားရုံးက မစ္စတာ Victor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးနိုင်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ရုရှားက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက သတင်းထောက်များအား ပြောဆိုရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ အရေးကိစ္စ အချို့ကြောင့် လွှဲပြောင်းပေးမည့် ကိစ္စ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အချုပ်အခြာ အာဏာ ပိုင်နက်ကိစ္စ

Victor Bout အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းမည့် ကိစ္စ နှောင့်နှေးရခြင်းတွင် ငွေကြေး ခဝါချမှု၊ လိမ်လည်မှု အပါအဝင် အခြားသော အမှုများနှင့်လည်း ဆက်နွယ်နေသည်ဟု ယုံကြည်ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အထက်ပါ အမှုများကို ထပ်မံ တိုင်တန်းခဲ့သည်။ ပြစ်ချက် သုံးခုအတွက် မစ္စတာ Victor ၏ အယူခံကို လာမည့် အောက်တိုဘာလတွင် ကြားနာ စစ်ဆေးရန် စီစဉ်ထားသည်။ ထိုင်းဒုတိယ ဝန်ကြီးချုပ် Suthep Thaugsuban က သတင်းထောက်များကို ပြောဆိုရာတွင် "အမေရိကန် ပြည်ထောင်စုက Victor ကို အမှု ထပ်ဖွင့်ထားပါတယ်။ အဲဒီအမှုတွေကို တရားရုံးမှာ စစ်ဆေးနေတုန်းပါပဲ။ အဲဒါကြောင့် ရှေ့နေတွေ အနေနဲ့ တရားရုံးရဲ့ ခွင့်ပြုမိန့်ကို စောင့်ရပါမယ်။ တရားရုံးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး" ဟု ဆိုသည်။

မစ္စတာ Victor နှင့် ပတ်သက်၍ စူပါပါဝါ နိုင်ငံကြီး နှစ်ခု ဖြစ်သော ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အနေဖြင့် ထိုင်းနိုင်ငံအပေါ် ဖိအားပေးမှုများ မပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"ထိုင်းနိုင်ငံကို နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံပေါ် တက်ပြီး အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ရတဲ့အထိ အဖြစ် မခံပါဘူး" ဟု ဒုတိယ ဝန်ကြီးချုပ် Suthep Thagsuban က ဆိုသည်။

"လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး အန္တရာယ်များတဲ့ ဂိမ်းတစ်ခုထဲ ဝင်ကစားလို့ ထိုင်းနိုင်ငံ ဘာအကျိုးအမြတ်မှ ဖြစ်မလာပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ အနေဖြင့် တရားဥပဒေနှင့် အညီ မစ္စတာ Victor အမှုကို ကိုင်တွယ် ဖြေရှင်းလျက် ရှိကြောင်း၊ ၎င်းအား အမြန် လွှဲပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ မည်သူ တစ်ဦး တစ်ယောက်ကမျှ ထိုင်းနိုင်ငံကို ဖိအားပေးနိုင်မည် မဟုတ်ကြောင်း အသိပေး ပြောဆိုသည်။

ထိုင်းတပ်ဖွဲ့ဝင်များက မစ္စတာ Victor အား အကျဉ်းထောင်မှ လေဆိပ်သို့ ခေါ်ဆောင်သွားရာတွင် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင် ၅၀ ဖြင့် စောင့်ကြပ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ မစ္စတာ Victor သည် အသက် ၄၃ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး ကိုလံဘီယာရှိ သူပုန်အုပ်စုများကို လက်နက်များ ရောင်းချသူအဖြစ် အမေရိကန် ပြည်ထောင်စုက သံသယ ဖြစ်ခြင်းကို ခံခဲ့ရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment