Transparency Myanmar

transparency.myanmar@gmail.com

ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ အဆင့်မြင့် သံတမန်အဖွဲ့ စေလွှတ်ပြီး ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘတ်စကား ပြန်ပေးဆွဲမှုကို ကိုင်တွယ် ဖြေရှင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုမည့် အစီအစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

အဆိုပါ အဆင့်မြင့် သံတမန် အဖွဲ့ကို ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘက်တို ရိုမူလိုနှင့် ဒုတိယသမ္မတ ဂျီဂျိုမာဘီနေတို့က ဦးဆောင်မည် ဖြစ်ကြောင်း၊ သို့သော် မည်သည့် နေ့ရက်တွင် သွားရောက်မည် ဟူသော အချက်ကို မသတ်မှတ်ရသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

"သံတမန် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အထူးမစ်ရှင် သွားရန် အသင့် အနေအထားတွင် ရှိနေပြီ ဖြစ်သည်။ သံတမန်အဖွဲ့ အနေဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဘတ်စကား ပြန်ပေးဆွဲမှုနှင့် ပတ်သက်သော ရှင်းလင်း တင်ပြချက် တစ်ရပ် ယူဆောင်လာမည် ဟူသော အချက်ကို နှစ်ဖက်စလုံးက သိရှိ နားလည်ထားသည်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

"ယခုအခါ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်သော ရှင်းလင်း တင်ပြချက် အစီရင်ခံစာ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အတွက် ဖိလစ်ပိုင် အာဏာပိုင်များ စနစ်တကျ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်" ဟုလည်း ဆိုသည်။

ဘတ်စကား ပြန်ပေးဆွဲမှုအတွက် တရုတ်နိုင်ငံနှင့် ဟောင်ကောင်သို့ အထူး သံတမန်အဖွဲ့ တစ်ဖွဲ့အား ဖြစ်နိုင်ပါက အမြန်ဆုံး စေလွှတ်မည်ဟု ဖိလစ်ပိုင် အစိုးရက အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် စုံစမ်း စစ်ဆေးမှုများ အပြီးသတ်ရန် အချိန်စောင့်ရမည် ဟူသော အချက်ကိုမူ ထိုစဉ်က ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

သြဂုတ်လ ၂၃ ရက် (တနင်္လာနေ့) တွင် တိုက်ခိုက်ရေး ရိုင်ဖယ် သေနတ် ကိုင်ဆောင်ထားသူ ဖိလစ်ပိုင် ရဲအရာရှိဟောင်း တစ်ဦးက ဟောင်ကောင်မှ တိုးရစ်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးကို မနီလာမြို့၌ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရဲအရာရှိက အလုပ်အကိုင် ပြန်လည် ရရှိရေး၊ တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း ငွေညှစ်မှုများ ကျူးလွန်ခဲ့သည် ဟူသော ပြစ်ချက်များ ကင်းရှင်းရေးအတွက် ယင်းသို့ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။

၁၂ နာရီတာမျှ ကြာမြင့်ခဲ့သည့် ပြန်ပေးဆွဲမှု ဖြစ်ရပ်ဆိုးကြီးတွင် တိုးရစ် ရှစ်ဦးနှင့် ပြန်ပေးဆွဲသူ သေနတ်သမားတို့ သေဆုံးခဲ့ရသည်။ အဆိုပါဖြစ်ရပ်ကို နိုင်ငံတကာ ရုပ်သံ မီဒီယာများက တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ တစ်ကမ္ဘာလုံး ကြည့်ရှုခွင့် ရရှိခဲ့သည်။ လေ့ကျင့်မှု မပြည့်ဝသော၊ လက်နက် ကိရိယာ မပြည့်စုံသော ဖိလစ်ပိုင်ရဲများနှင့် ပြန်ပေးသမားတို့ ပစ်ခတ်မှုကို ဟောင်ကောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြန်ပေးဆွဲမှုကို ဖြေရှင်းရာတွင် အမှားအယွင်း များစွာ ရှိခဲ့သည်ဟူသော အချက်ကို ဖိလစ်ပိုင် အစိုးရနှင့် ရဲတပ်ဖွဲ့က ဝန်ခံ ပြောဆိုသည်။ ထိုဖြစ်ရပ်အပေါ် ဟောင်ကောင် နိုင်ငံသားများ လွန်စွာ မကျေမနပ် ဖြစ်လျက် ရှိသည်ဟု သတင်းဌာနများက ရေးသားသည်။

သေဆုံးသူ ဟောင်ကောင် တိုးရစ်များအား ထိမှန်ခဲ့သော ကျည်ဆန်မှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့၏ ကျည်ဆန် သို့မဟုတ် ပြန်ပေးဆွဲ သေနတ်သမား၏ ကျည်ဆန် ဖြစ်သည် ဟူသော အချက်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖိလစ်ပိုင် တရားရုံးနှင့် ပြည်ထဲရေး ဌာနတို့က စုံစမ်း စစ်ဆေးမှုများ ပူးတွဲ လုပ်ဆောင်ချိန်တွင် ရဲတပ်ဖွဲ့လည်း မိမိဘာသာမိမိ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။ ဖိလစ်ပိုင် လွှတ်တော်ကလည်း ယင်းကိစ္စကို ကြားနာ စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်။

လတ်တလော အနေအထားတွင် စုံစမ်း စစ်ဆေးမှုများ မည်သည့် အချိန် အဆုံးသတ်နိုင်မည် ဟူသော အချက်ကို အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment