Transparency Myanmar

transparency.myanmar@gmail.com

PTI, 26th August 2010

မြန်မာနိုင်ငံကို စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် အိုဘားမား အစိုးရက ဆုံးဖြတ်ခြင်း၊ မနှစ်က စတင်ခဲ့သော နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲများနှင့် ပတ်သက်၍ များစွာ ဝေဖန် ပြောဆိုနေကြခြင်းတို့သည် လက်တွေ့ကျသည့် အစီအစဉ် အားလုံး အတွက် အတားအဆီး ဖြစ်လာခဲ့သည်။

"မကြာမီ အတောအတွင်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲတွေ ရှိ/မရှိကို ကျွန်တော် မခန့်မှန်း နိုင်ပါဘူး။ ရက်သတ်မှတ်ဖို့ အတွက် အချိန် လိုဦးမယ်လို့လည်း မပြောနိုင်ပါဘူး" ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားခဲ့သူ ဝါရင့် အစိုးရ အရာရှိက တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒမှာ အသက်ဝင်နေဆဲ ဟူသော အချက်ကိုမူ အခိုင်အမာ ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဆက်လက် ဆွေးနွေး ညှိနှိုင်းမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဖိအားပေးဖို့ နည်းလမ်းတွေကိုလည်း ဆက်ပြီး ရှာဖွေမှာပါ" ဟု အမည် မဖော်လိုသော အရာရှိက ဆိုသည်။

ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဝန်းအဝိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကြေညာခဲ့သော တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသည် မည်သည့် ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်း မရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ပျက်လက်ပျက် ဖြစ်မှုသာ အမှန်တကယ် မြင့်တက်လာခဲ့ခြင်းကြောင့် ဖိအားပေးမည့် အစီအစဉ်ကို အားကိုးရန် သိသိသာသာ လက်ခံလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးမည့် အပေါ် အခြားနိုင်ငံများက ၎င်းတို့၏ သဘောထား အမြင်ကို တင်ပြလာပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ၎င်းတို့နှင့် တိုင်ပင် ညှိနှိုင်းကာ ဆုံးဖြတ်မည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထိုနေ့ အစောပိုင်းတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူက "မြန်မာ စစ်ဖက် အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းမှုကို အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း" ထပ်မံ ပြောဆိုခဲ့သည်။

"နိုင်ငံတကာ ဥပဒေကို မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ကို သေသေချာချာ ဖွဲ့စည်းတာဟာ ကြောင်းကျိုး ခိုင်လုံပြီး သင့်လျော် မှန်ကန်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ကို ဘယ်လို အကောင်းဆုံး ဆောင်ရွက်မလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာ သုံးသပ် နေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က ၎င်း၏ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း ထင်ရှားသော မြန်မာ့ အရေး ကျွမ်းကျင်သူ Reynaud Egreteau က "လွန်ခဲ့သော ၁၅ နှစ် အတွင်း မြန်မာနိုင်ငံသည် ဖြတ်ကျော်ရန် ခက်ခဲသော ပတ်ဝန်းကျင်တွင် တရုတ်နှင့် အာဆီယံ သံတမန် ဆက်ဆံမှုတို့ကိုသာ လက်ကိုင်ထား၍ ၎င်း၏ နိုင်ငံခြားရေး မူဝါဒကို ကျကျနန ထိန်းကျောင်း သွားခဲ့သည်" ဟု East West Center အတွက် ရေးသားသော ဆောင်းပါးတွင် တင်ပြခဲ့သည်။

ထို့အပြင် နယူးဒေလီသည် ၎င်းအတွက် ခက်ခဲ၍ အများကို စိတ်ပျက် စေခဲ့သည့်တိုင်၊ ပြည်တွင်း၊ ပြည်ပ အကြောင်းရင်း များစွာကြောင့် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံရန် ကြိုးစားနေခြင်း ဖြစ်လိမ့်မည်ဟု ဟောင်ကောင် University မှ သုတေသန လက်ထောက် ပါမောက္ခ Egreteau က ဆိုသည်။

"၂၀၁၀ ဇူလိုင် လကုန်က မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုဖို့ အိန္ဒိယနိုင်ငံက ဆုံးဖြတ်ခဲ့တာဟာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်နေခြင်းရဲ့ ဝင်းပမှုကို ပြခဲ့သလို ဖြစ်ပုံရပေမယ့် အိန္ဒိယနိုင်ငံက သူ့ရဲ့ အရှေ့ဖက် အိမ်နီးချင်းနဲ့ ဘာတွေများ တိုးတက်အောင် လုပ်ဆောင်ခဲ့သလဲ ဆိုတာကို ဂရုတစိုက် စဉ်းစား သုံးသပ်ကြည့်မယ် ဆိုရင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးဟာ အဆင် မချောသေးဘူး ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်" ဟု ၎င်းက ရေးသားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment