Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 26th August 2010

မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမပေးကြရန် သူမအား ထောက်ခံသူများကို ပြောကြားခဲ့သကဲ့သို့ လာမည့် ရွေးကောက်ပွဲများအတွင်း ဖြစ်ပေါ်လာနိုင်သော ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု မှန်သမျှကို ဖော်ထုတ်ကြရန်လည်း ပြည်သူများကို တိုက်တွန်းလိုက်သည်။

လက်ရှိ ဖျက်သိမ်းထားသော သူမ၏ NLD ပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ထားသော်လည်း ၎င်းလုပ်ငန်းစဉ်ကို လျစ်လျူရှု မထားသင့်ဟု သူမက ပြောကြားခဲ့ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြန်လည် ပြောဆိုသည်။ အကယ်၍ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများ ရှိခဲ့ပါက ရဲတပ်ဖွဲ့သို့ တိုင်ကြားရန် ပြည်သူများတွင် အခွင့်အရေးရှိသည်ဟု သူမက ဆိုသည်။

အထက်ပါ မှတ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဦးဥာဏ်ဝင်းက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ဥပဒေ စည်းကမ်းများကို ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဖြစ် ထည့်သွင်း စဉ်းစားရမည် ဖြစ်ကာ ယခု ရွေးကောက်ပွဲသည် ပြည်သူတို့၏ နိုင်ငံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု အဖြစ် ရှုမြင်၍ မရဟု သူမက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲ ဥပဒေ စည်းကမ်းများသည် တရားမျှတမှု မရှိဟု NLD ပါတီက ယူဆသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ဝေဖန် ဆန်းစစ်သူများကလည်း လာမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို ရာစုနှစ်ဝက် ဖိနှိပ် အုပ်ချုပ်ခဲ့သော စစ်တပ်၏ အာဏာ ခိုင်မြဲစေရန် လှည့်စားထားမှု တစ်ခုသာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

NLD ကို မဲပေးရန် ဆန္ဒရှိသူများ အနေဖြင့် လာမည့် ရွေးကောက်ပွဲကို မဲမပေးဘဲ နေနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်ဟုလည်း ဆိုသည်။

အစိုးရက ရွေးကောက်ပွဲ ရက်ကို သြဂုတ်လ ၁၃ ရက်တွင် ကြေညာခဲ့ပြီးနောက် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပမည့်ရက် အပေါ် မှန်းဆမှုများ အဆုံးသတ်သွားခဲ့သည်။ နိုင်ငံရေး ပါတီများ အနေနှင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၃၀ ရက် နောက်ဆုံးထား၍ တင်ပြရမည် ဖြစ်ရာ နှစ်ပတ်မျှသာ အချိန်ရရှိကြသည်။ ယခုကဲ့သို့ အချိန်ကပ်၍ ကြေညာခြင်းသည် ပြည်သူတို့အား မလေးစားသည့် သဘော သက်ရောက်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့် မရှိခြင်းကြောင့် ရွေးကောက်ပွဲများမှာ လွတ်လပ်မှုနှင့် မျှတမှု ရှိလိမ့်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင် ရရှိခဲ့ခြင်းကြောင့် စစ်ဖက် အုပ်ချုပ်သူများက အဆိုပါ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment