Transparency Myanmar

transparency.myanmar@gmail.com

ကျန်းမာရေး ညံ့ဖျင်းနေသည်ဟု ယူဆရသော မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ နိုင်ငံတော် သမ္မတ ဖြစ်လာနိုင်ရေးအတွက် စစ်ဘက်ရာထူးမှ အနားယူလိုက်ပြီ ဖြစ်ကြောင်း အစိုးရ အတိုက်အခံ မီဒီယာများ၏ သတင်း ပေးပို့ချက်အရ သိရသည်။

၁၉၉၂ ခုနှစ်မှ စတင်၍ အရှေ့တောင် အာရှ ဒေသ၏ အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံအပေါ် ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများဖြင့် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ ရာထူးအား ယုံကြည် စိတ်ချရသော ဗိုလ်ချုပ်ကြီး တစ်ဦးကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု သတင်း ပေးပို့ချက်များက ဆိုသည်။

မည်သို့ပင်ဆိုစေ The Telegraph သတင်းစာ အဆိုအရ အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာအစိုးရ၏ အကြီးအကဲအဖြစ် ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။

အခြားသော စီနီယာ ဗိုလ်ချုပ်ကြီးများလည်း တပ်ရာထူးမှ အလားတူ အငြိမ်းစား ယူလိုက်ကြကြောင်း၊ လာမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ယင်းသို့ အငြိမ်းစား ယူခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလို စစ်ဘက်ရာထူးမှ အငြိမ်းစား ယူခြင်းသည် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်း စစ်တပ်နှင့် အစိုးရအဖွဲ့တွင် ၎င်း၏ အာဏာ ဆက်လက် တည်တံ့ ခိုင်မြဲရေးအတွက် ဖြစ်သည်ဟု မြန်မာ ပြည်သူများက ရှုမြင်ကြသည်။

"ဗိုလ်ချုပ်မှူးကြီးက သမ္မတ ဖြစ်ချင်လို့ အခုလို တပ်ရာထူးကနေ အငြိမ်းစား ယူတာပါ" ဟု မြန်မာနိုင်ငံ တွင်းမှ သတင်းရင်းမြစ် တစ်ခုက The Guardian သတင်းစာသို့ ပြောကြားသည်။

မြန်မာ စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အပြီးသတ် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရပ်ဘက် ပြည်သူသာ သမ္မတ ဖြစ်ခွင့် ရှိသည်။ သို့သော် သမ္မတနှင့် ဒုတိယ သမ္မတ ဖြစ်လာမည့် သူမှာ စစ်မှုထမ်းဖူးသူ ဖြစ်ရမည်ဟု အခြေခံ ဥပဒေက ဆိုပြန်သည်။

ပြီးခဲ့သည့် ဧပြီလတွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စီနီယာ စစ်ဘက် အရာရှိကြီးများ တပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု ဦးသိန်းစိန်) သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဦးဆောင်ရန် အငြိမ်းစား ယူခဲ့ခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment