Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 27th August 2010

ဟောင်ကောင် တိုးရစ်စ်များ လိုက်ပါလာသော ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့သည့် သေနတ်သမား၏ ခေါင်းတလား ပေါ်တွင် ဖိလစ်ပိုင် အလံ လွှမ်းထားခြင်းကို ရုပ်သံ ထုတ်လွှင့်မှုတွင် တွေ့မြင်ခဲ့ပြီးနောက် အလွန်ပင် တုန်လှုပ်မိကြောင်း တရုတ် အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

"ဈာပနမှာ နိုင်ငံတော် အလံနဲ့ ထိုက်တန်သူဟာ သူရဲကောင်း ပီသသူ၊ လေးစားထိုက်သူ၊ ဂုဏ်သိက္ခာ ကြီးမားသူသာ ဖြစ်သင့်ပါတယ်။ အပြစ်မဲ့ အသက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့သူ အတွက် မဖြစ်သင့်ပါဘူး" ဟု မနီလာမှ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်သည်။

"ဘာမှ မဟုတ်ပေမဲ့ ဖိလစ်ပိုင် နိုင်ငံတော် အလံရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေပါတယ်" ဟု တရုတ် သံရုံးက ပြောကြားခဲ့သည်။ တာဝန်မှ ထုတ်ပယ်ခံရသော ရဲတပ်ဖွဲ့ဝင်​ ရိုလန်ဒို မင်ဒိုဇာက ၎င်းအပေါ် မတရား စွပ်စွဲမှုများကို ရှင်းလင်းရန်နှင့် အလုပ်ပြန်ရရန် အတွက် ကြိုးစားရာတွင် ဟောင်ကောင် တိုးရစ်စ်များ လိုက်ပါလာသော ဘတ်စ်ကားကို ပြန်ပေးဆွဲခဲ့ရာမှ ပြဿနာများ ရှုပ်ထွေးခဲ့ရခြင်း ဖြစ်သည်။

ဓားစာခံများအား ပြန်ပေးဆွဲမှုကို ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ စိတ်ဆိုး ဒေါသ ထွက်ရကြောင်း တရုတ် အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ပြီး ယခု အလံ ကိစ္စကြောင့် တင်းမာမှုများ ပိုဆိုးသွားသည့် လက္ခဏာ ရှိသည်။

ဖိလစ်ပိုင်ရှိ တရုတ် သံရုံးက အဆိုပါ ရက်စက်သော ရာဇဝတ်မှုကို ပြစ်တင် ရှုတ်ချလိုက်ပြီး အထက်ပါ အခံရခက်သော ကိစ္စ အတွက် ပြင်းပြင်းထန်ထန် ဒေါသထွက်ကြောင်း ဖော်ပြလိုသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မနီလာ တောင်ဖက် ၂ နာရီ ခရီးဝေးသော တန်နောင်းမြို့ရှိ မင်ဒိုဇာ၏ နေအိမ်တွင် ၎င်း၏ အလောင်းကို ပြင်ဆင်ရာ၌ ၎င်း၏ ခေါင်းပေါ်သို့ ဖိလစ်ပိုင် အလံကို လွှမ်းအုပ်ထားခဲ့ခြင်း ဖြစ်သည်။ တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ပြီးနောက် အဆိုပါ အလံကို ဖယ်ရှားရန် ဖိလစ်ပိုင် အစိုးရက အမြန်ဆုံး လှုပ်ရှားခဲ့သည်။ ၎င်း၏ မိသားစုက အလံကို လွှမ်းထားခဲ့ခြင်း ဖြစ်ပုံ ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ မင်ဒိုဇာ၏ ဈာပနကို စနေနေ့တွင် ပြုလုပ်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment