Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အရပ်သား အသွင်ဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ရေး အတွက် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများ ရာထူးမှ နုတ်ထွက်လိုက်ကြောင်း စစ်အစိုးရ အာဏာပိုင်များက ပြောကြားသည်။

မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး ရွှေမန်းလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ဝင်ရောက်နိုင်ရန် အစိုးရ အဖွဲ့ရာထူးနှင့် စစ်ဘက် ရာထူးတို့မှ နုတ်ထွက်ခဲ့သည်။ ထို့အတူ အတွင်းရေးမှူး-၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ရာထူးမှ နုတ်ထွက်ပြီး USDP ပါတီသို့ ဝင်ရောက်ခဲ့သည်ဟု စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်း ရပ်ကွက်များက ဆိုသည်။

"ရွေးကောက်ပွဲ ပြီးသွားရင် သူရရွှေမန်း သမ္မတ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်" ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်း အသိုင်းအဝိုင်းက DPA သတင်းဌာနသို့ ပြောဆိုသည်။

အခြားသော ဒုတိယ ဗိုလ်ချုပ်ကြီး ၁၀ ဦးလည်း ရာထူးမှ အလားတူ နုတ်ထွက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု ပြု၊ မပြု ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ယခုကဲ့သို့ ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများ ရာထူးမှ နုတ်ထွက်ခြင်းသည် နှစ်ပေါင်း ၂၀ ကြာမျှ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ပိတ်ဆို့ခဲ့သည့် စစ်အစိုးရ အဖွဲ့အတွင်း အကြီးမားဆုံး ပြောင်းလဲမှု တစ်ရပ် ဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။ ယခု ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ အင်အားစုများ အနိုင် မရရှိအောင် စစ်အစိုးရက အကွက်ကျကျ ပြင်ဆင်ထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ နောက်ပိုင်း ထွက်ပေါ်လာမည့် လွှတ်တော်တွင် စစ်အစိုးရ ကျောထောက် နောက်ခံမှု ရယူထားသည့် ပါတီများ နေရာ ရရှိအောင် ပြုလုပ်ပြီး စစ်အာဏာရှင် စနစ် သက်တမ်း ရှည်ကြာအောင် ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။

USDP ပါတီက လွှတ်တော်ကြီး သုံးရပ်အတွက် အမတ်လောင်း ၁၁၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အတိုက်အခံ ပါတီများ ဘက်မှ အမတ်လောင်း ၅၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု သိရသည်။

ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများ အနေဖြင့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်း မှတ်ပုံတင်ရမည် ဖြစ်ရာ အမတ်လောင်းများ မှတ်ပုံတင်ကြေး ငွေကျပ် ငါးသိန်း ရှာဖွေရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်သူများ မှတ်ပုံ တင်နိုင်ရန် ရက်သတ္တပတ်လုံး ရုံးခွဲများ ဖွင့်လှစ်ပေးထားကြောင်း ထုတ်ပြန် ကြေညာထားသည်။ သို့ရာတွင် ကော်မရှင်က မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ထားသည့် အချိန်ကာလမှာ အလွန် တိုတောင်းပေရာ အမတ်လောင်းများ အနေဖြင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း (ဒေါ်လာ ၅၀၀) ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

နိုင်ငံသား တစ်ဦးချင်းစီ ဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ အောက်တွင် ရှိသော နိုင်ငံ တစ်ခုအတွက် မှတ်ပုံတင်ကြေး ငါးသိန်း ဟူသည်မှာ လွန်စွာ များပြားကြောင်း နိုင်ငံရေးပါတီ အများစုက မကျေမနပ် ပြောဆိုလျက် ရှိသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည်ဟု မျှော်လင့်ရသော ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသော နိုင်ငံရေး ပါတီပေါင်း ၄၀ ခန့် ရှိသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမကို ထောက်ခံသော မြန်မာ ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးရန် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟု သပိတ် မှောက်ထားသည်။ အကြောင်းမှာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများ မျှတမှု မရှိသောကြောင့်ဟု ဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment