Transparency Myanmar

transparency.myanmar@gmail.com

DVB News, 31st August 2010

နာဂစ်စ် ဆိုက်ကလုန်း တိုက်ခတ် အပြီး နှစ်နှစ် အတောအတွင်း ကုလသမဂ္ဂ နှင့် မြန်မာ စစ်ဖက် အစိုးရ အကြား ယုံကြည်မှုကို တည်ဆောက် နိုင်ခဲ့ကြသည်ဟု ကုလ သမဂ္ဂ ဌာနေ ကိုယ်စားလှယ် တစ်ဦးက ဒေသတွင်း ဆွေးနွေးပွဲ တစ်ခုတွင် တနင်္လာနေ့က ပြောကြားခဲ့သည်။

အဆိုပါ ထင်မြင်ချက်ကို သတိကြီးစွာ ထား၍ သုံးသပ်ခဲ့သော အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က "တကယ်လို့ နာဂစ်စ်လို သဘာဝ ကပ်ဘေး နောက်တစ်ခါ ပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တို့ အတူတကွ အဲဒီမှာ တစ်ကနေ ပြန်စကြရပါလိမ့်မယ်" ဟု သတိပေး ပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ရာစု နှစ်ဝက်မျှ အသွင်အပြင် မျိုးစုံဖြင့် အုပ်ချုပ်လာခဲ့သော စစ်ဖက် အစိုးရသည် လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် ဆုံးရှုံးကာ လူပေါင်း ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ၂၀၀၈ မေလ ၂ ရက် ဆိုင်ကလုန်း အပြီးတွင် ပြည်ပ ကယ်ဆယ်ရေး အကူအညီများကို ငြင်းဆန်ခဲ့ခြင်းကြောင့် ကမ္ဘာတဝှမ်း၏ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရသည်။

အခြေခံ ဆေးဝါးများနှင့်ပင် အလွယ်တကူ ကုသနိုင်သော "ရေမှတဆင့် ကူးစက်သည့် ရောဂါများ" ကြောင့် လူထောင်ပေါင်း များစွာ ရောဂါများ ဖြစ်ပွားခဲ့ကြပြီး အစိုးရ၏ နှေးကွေးသော တုန့်ပြန်မှုကြောင့် လူ့အသက် အများစု ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အာရှတိုက်၏ အဆိုးဆုံး ဘေးအန္တရာယ် စာရင်းဝင် ဆိုက်ကလုန်း မုန်တိုင်း၏ ကြီးမားသော ဆိုးကျိုးကို တုန့်ပြန်ရမည့် အစား စစ်အစိုးရက နယ်စပ် တံခါးပေါက်များကို ပိတ်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်သားများနှင့် သတင်းထောက်များ ဆိုက်ကလုန်းဒဏ်ခံ ဧရာဝတီ ဒေသသို့ မဝင်ရောက်နိုင်အောင် ပိတ်ပင် တားဆီးခဲ့သည်။ ကြေကွဲစရာ နာဂစ်၏ သားကောင်များကို မြှုပ်နှံ သဂြိုလ်ရာတွင် ကူညီခဲ့ကြသည့် မြန်မာ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများမှာ ယခုအခါ နှစ်ရှည် ထောင်ဒဏ် ပြစ်ဒဏ် ကျခံလျက် ရှိကြသည်။

ကုလသမဂ္ဂ အာဆီယံနှင့် မြန်မာ အစိုးရတို့ ၃ ပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ဖွဲ့စည်းရန် ဝိုင်းဝန်း တောင်းဆိုမှုကို ဆိုက်ကလုန်း အပြီး ရက်သတ္တပတ် များစွာ ကြာမှ မြန်မာ အစိုးရက လက်ခံခဲ့သည်။ သို့သော်လည်း ယခုလ အစောပိုင်းတွင် အဆိုပါ အဖွဲ့၏ တာဝန်များကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ရာ ဆောင်ရွက်လက်စ ကယ်ဆယ် ထူထောင်ရေး လုပ်ငန်းများမှာ မြန်မာ စစ်ဗိုလ်ချုပ်များ၏ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့ရာတွင် ဆူရင်ပင် ဆူဝမ်က "နိုင်ငံတကာ အသိုင်းအဝိုင်းက အဲဒီမှာ ဝိုင်းပြီး ကူညီခဲ့ကြတယ် ဆိုတာကို မြန်မာ အစိုးရက သိရှိ နားလည်လာပါပြီ" ဟု ပြောကြားခဲ့သော်လည်း ၎င်းက ဆက်လက်၍ "မြန်မာနိုင်ငံရဲ့ ရှေ့မတိုး၊ နောက်မဆုတ် အကျပ်အတည်းကို ကျောက်ချထားတယ်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေမှာလည်း ပူးပေါင်း ဆောင်ရွက်မှာပါ ဆိုတာကို ကမ္ဘာကို စည်းရုံးဖို့ အတွက် စစ်ဗိုလ်ချုပ်တွေ လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်" ဟု ဖြည့်စွက် ပြောကြားသည်။

"တကယ်လို့ ဒီလို မလုပ်နိုင်ခဲ့ဘူး ဆိုရင်တော့ တစ်ကမ္ဘာလုံးက ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လူရာ သွင်းဖို့၊ မြန်မာနိုင်ငံနဲ့ အလုပ် ဆက်လုပ်ဖို့ လုံးဝ လိုလားတော့မှာ မဟုတ်ဘူး ဆိုတာကတာ့ အသေအချာပါပဲ။ ဒါကြောင့် ဒီကိစ္စက သေရေးရှင်ရေး တမျှ အရေးပါတယ်။ အလွန်အမင်း အရေးကြီးပါတယ်" ဟု ၎င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment