Transparency Myanmar

transparency.myanmar@gmail.com

Business Mirror, 30th August 2010

"နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စများတွင် အခက်အခဲများ ရှိနေသော်လည်း အီးယူ အနေဖြင့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန် ကြိုးစားနေဆဲ ဖြစ်သည်" ဟု အီးယူ ကုန်သွယ်ရေး ကော်မရှင်နာက ပြောကြားလိုက်သည်။

Karel de Gucht က "အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ၎င်းတို့၏ ပြည်တွင်း ဈေးကွက် အပြည့်အဝ ပေါင်းစည်းမှုကို ပထမဦးစွာ ပြုလုပ်ရမည်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အီးယူနှင့် အာဆီယံသည် အလှမ်း ကျယ်လွန်းသည့် ဒေသချင်း လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရေး အတွက် ဆွေးနွေးပွဲများ ၇ ကြိမ်ခန့် ပြုလုပ်ခဲ့ကြ ပြီးနောက် ၂၀၀၉ ခုနှစ် မတ်လတွင် စေ့စပ် ဆွေးနွေးမှုများကို ရပ်နားလိုက်သည်။ နိုင်ငံရေးနှင့် စီးပွားရေး အကြောင်းရင်းများကြောင့် အာဆီယံနှင့် ကုန်သွယ်ရေး လွတ်လပ်ခွင့် ဆွေးနွေးပွဲများကို ဆက်လက် မပြုလုပ်နိုင်ခြင်း ဖြစ်သည်" ဟု အီးယူက ပြောကြားသည်။

နိုင်ငံရေး ကိစ္စတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်း ရက်စက်မှုများသည် အထင်ရှားဆုံး ဖြစ်သည်ဟု De Gucht က ပြောကြားသည်။ စေ့စပ် ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံကို ဖယ်ထားရန် အီးယူက ကြိုးစားခဲ့သော်လည်း အာဆီယံက ၎င်း၏ မူဝါဒကို မပြောင်းလဲခဲ့ပါ။

"အဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကလည်း တစ်ပုံစံတည်း မဟုတ်ပါဘူး။ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး မူဝါဒတွေ မတူညီကြတော့ သဘော တူညီချက် ရရှိဖို့ အခက်အခဲ ရှိပါတယ်။ အထူးသဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေပေါ့" ဟု ၎င်းက ဆိုသည်။

"အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ၆ နိုင်ငံနှင့် အပြန်အလှန် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်များ ရရှိအောင် ကြိုးစားရန် အီးယူက ဆုံးဖြတ်ထားသည်။ ယခု နှစ်ကုန်တွင် စင်္ကာပူနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားပြီး ဗီယက်နမ်နှင့်လည်း လေ့လာ အကဲဖြတ် ဆွေးနွေးပွဲများ ပြုလုပ်နေသည်" ဟု ၎င်းက ပြောကြားသည်။ အခြား အာဆီယံ အဖွဲ့ဝင်များ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့ကလည်း စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု သိရသည်။

"ဒီအာဆီယံ အဖွဲ့ဝင်တွေနဲ့ အပြန်အလှန် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်တွေ ရရှိခြင်းဟာ အနာဂတ်မှာ ဒေသတစ်ခုလုံးနဲ့ သဘောတူညီချက် ရရှိဖို့ အတွက် လှေကားထစ် တစ်ခု အဖြစ်တော့ အထောက်အကူ ရနိုင်ပါလိမ့်မယ်" ဟု De Gucht က ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံနှင့် အီးယူသည် လူ့အခွင့်အရေး ကိစ္စများ၊ ရွှေ့ပြောင်း နေထိုင်မှုများ၊ ကုန်သွယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စများ အကျုံးဝင်သည့် လုပ်ဖော်ကိုင်ဖက် ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက် (PCA) ကို ကနဦး သဘောတူညီမှု ရရှိပြီး ဖြစ်သည်။

အဆိုပါ PCA သဘော တူညီချက်ကို လာမည့် အောက်တိုဘာ၌ ဘရပ်ဆယ်တွင် ပြုလုပ်မည့် အာရှ၊ ဥရောပ ထိပ်သီး အစည်းအဝေးတွင် လက်မှတ် ရေးထိုးရန် အီးယူနှင့် ဖိလစ်ပိုင် ခေါင်းဆောင်များက စီစဉ်ထားသည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံ၏ နောက်တွင် အီးယူသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး ယခုအချိန်အထိ ဒေသတွင်း အကြီးဆုံး ရင်းနှီး မြှုပ်နှံသူ ဖြစ်၍ ဒေသတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄.၅ % ကို မြှုပ်နှံထားသည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အတွင်း အီးယူနှင့် အာဆီယံ အကြား အပြန်အလှန် ကုန်စည် ကူးသန်း ရောင်းဝယ်မှုမှာ ယူရို ၁၁၈ ဘီလျံအထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏမှာ အီးယူ စုစုပေါင်း ကုန်သွယ်ရေး တန်ဖိုး၏ ၅ % ကျော်ကျော်ခန့် ရှိသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment