Transparency Myanmar

transparency.myanmar@gmail.com

DVB News, 2nd September 2010

ပြင်းထန်သော တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည့် ကရင်ပြည်နယ် မြောက်ပိုင်း တောင်ပေါ် ဒေသများတွင် လူသားချင်း စာနာ ထောက်ထားသော အရေးပေါ် ကယ်ဆယ် ကူညီမှုများ လိုအပ်နေသည်ဟု ပြည်တွင်း လူ့အခွင့်အရေး အုပ်စုက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင် မြောက်ပိုင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသများတွင် ကရင် လူ့အခွင့်အရေး အုပ်စု KHRG က ၂၀၀၉ ဇန်နဝါရီမှ ၂၀၁၀ ဧပြီလ အတွင်း လေ့လာ ပြုစုခဲ့သော အစီရင်ခံစာအရ လွန်ခဲ့သော အနှစ် ၂၀ အတွင်း တပ်မတော်၏ တိုက်ခိုက်မှု အကျိုးဆက် အဖြစ် နှိပ်စက် ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရသော လူးထော်မြို့နယ် အတွင်းရှိ အရပ်သားများ၏ ကိစ္စမှာ ကရင် ပြည်နယ်တွင် အဆိုးဝါးဆုံး ပြဿနာ တစ်ခု ဖြစ်သည်ဟု သိရသည်။

"မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ တစ်ခုတည်းတွင်ပင် မြန်မာ စစ်တပ်များက ရွာပေါင်း ၃၃၀၀ ခန့် ဖျက်ဆီးခဲ့ကြခြင်းကြောင့် အာရှတိုက်၏ အဆိုးဝါးဆုံး ပြည်တွင်း အိမ်မဲ့ယာမဲ့ ပြဿာနာဇုံ တစ်ခု ဖြစ်ပေါ်စေခဲ့သည်" ဟု အစီရင်ခံစာက ထောက်ပြထားသည်။

"လူးထော်မြို့နယ် ဧရိယာသည် ၂၀၀၅ မှ ၂၀၀၈ အတွင်း ပြင်းထန်သော ထိုးစစ်များ ဆင်နွှဲခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ယခုအခါ ဒေသခံ ၂၇,၀၀၀ ခန့်မှာ တောထဲ၊ တောင်ထဲတွင် ဆက်လက် ပုန်းအောင်းနေရဆဲ ဖြစ်သည်။ အချို့မှာ မြို့ပေါ်တွင် အိမ်မဲ့ယာမဲ့များ အဖြစ် လည်းကောင်း၊ အချို့မှာ အဓမ္မ မောင်းထုတ်ခံရသဖြင့် မြေနိမ့်ပိုင်းသို့ လည်းကောင်း၊ အချို့မှာလည်း ထိုင်းနိုင်ငံတွင်း ဒုက္ခသည် စခန်းများတွင် လည်းကောင်း နေထိုင်လျက် ရှိကြသည်" ဟု KHRG မှ ပြောရေး ဆိုခွင့် ရှိသူ Matt Finch က DVB သို့ ပြောကြားသည်။

လူးထော် မြို့နယ် တဝိုက် ပြီးခဲ့သော နှစ် ၂၀ နီးပါး ထိုးစစ် ဆင်နွှဲခဲ့သော မြန်မာ တပ်မတော်၏ နည်းဗျူဟာများတွင် ကျေးရွာများအား ပစ်ခတ်ခြင်း၊ အိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ စားနပ်ရိက္ခာ သိုလှောင်သော နေရာများကို ဖျက်ဆီးခြင်း၊ မြေမြှုပ်မိုင်းများ မြှုပ်ခြင်း စသည်တို့ ပါဝင်ခြင်းကြောင့် စစ်ပြေး ဒုက္ခသည် ရွာသားများအား အိမ်သို့ ပြန်နိုင်ခြင်း မရှိကြပါ။

ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ပြည်သူအများ အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်း၊ လူသားချင်း စာနာသော အနေအထားများ ယိုယွင်း ပျက်စီးခြင်း၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ပညာ သင်ခွင့် ရရှိရေး တို့အပေါ် ဆိုးဝါးစွာ ထိခိုက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေခဲ့သည်။

"ဒီနယ်မြေတွေမှာ အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စအတွက် ဆက်စပ်နေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒီက အရပ်သားတွေက ဗမာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို လွတ်အောင် ရှောင်တတ်၊ ရှားတတ်ကြတယ်။ ဒါ့ကြောင့် ဗမာ စစ်တပ်က သူတို့ ကောင်းစွာ ထိန်းချုပ်ချင်တဲ့ နယ်မြေတွေမှာ အရပ်သားတွေကို မောင်းထုတ်တဲ့ နည်းဗျူဟာကို သုံးတာပါ" ဟု Finch က ပြောကြားသည်။

အဆိုပါ ဒေသများမှ ကရင်လူမျိုးများမှာ မြန်မာ စစ်တပ်အား အတင်းအကျပ် ခိုင်းစေခံ လုပ်သားများ၊ အခွန်အကောက်များ၊ ထောက်လှမ်းရေး သတင်းများ ဖြည့်ဆည်း ပေးရသည်ဟုလည်း Finch ၏ အဆိုအရ သိရသည်။

သာပွန်ခရိုင် အတွင်းမှ အရပ်သားများအား ပစ်မှတ်ထားသည့် အခြား အကြောင်းရင်း တစ်ခုမှာ မြန်မာ အစိုးရနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် KNLA တပ်ဖွဲ့နှင့် အဆက်အသွယ် ရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရပ်သားများကို KNLA က လက်လှမ်း မမှီအောင် ဖယ်ရှားရေးမှာ တပ်မတော်၏ ဦးစားပေး ကိစ္စ ဖြစ်နေသည်။

ယခု လက်ရှိ ဖာဖွန် ခရိုင် တောင်ပေါ်ဒေသများတွင် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားသော ကူညီမှုများ လုံးဝ မရှိဘဲ ထိုင်းနိုင်ငံ အခြေစိုက် ပြည်တွင်း အဖွဲ့အစည်းများ၏ အကူအညီများကိုသာ အရပ်သားများ လက်ခံ ရရှိကြသည်ဟု ဆိုသည်။

"လူးထော်မြို့နယ် အတွင်းမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဆက်ပြီး အလုပ် မလုပ်နိုင်အောင် ကယ်ဆယ်ရေး လုပ်သားတွေကို စစ်တပ်က တမင်တကာ တိုက်ခိုက်ပါတယ်။ သာဓက အနေနဲ့ ဒီနှစ် ဇူလိုင် အစောပိုင်းမှ နယ်လှည့် ဆေးကုအဖွဲ့ တစ်ဖွဲ့ကို စစ်တပ်က ပစ်ခတ်လို့ အသက် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနယ်မြေမှာ လှုပ်ရှားမယ့် ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်" ဟု Finch က ရှင်းလင်း ပြောကြားသည်။

စစ်အစိုးရက တင်းကြပ်သော စည်းးကမ်းများ ချမှတ်ထားမှုကြောင့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ အရပ်သားများနှင့် တွေ့ထိနိုင်ခြင်း မရှိစေရန် မြန်မာ အစိုးရ ပြင်းထန်စွာ တားမြစ် ချုပ်ချယ်မှုကြောင့် ၂၀၀၇ တွင် ထိုနယ်မြေမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးကပ်လာခြင်းကြောင့် အရပ်သားများကို မဲဆွယ်ရန် နွေးထွေးမှု ပြသသည့် အနေဖြင့် ထိုးစစ်များ လျော့နည်းသွားမည်ဟု မှန်းဆမှု တချို့ ရှိနေသော်လည်း ကရင်ပြည်နယ် အထက်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဟု မိမိတို့ အနေဖြင့် မျှော်လင့် မထားကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလိမ့်မည်" ဟု Finch က မှတ်ချက်ပေးသည်။

"လူးထော် ကျေးရွာတွင် လူသားချင်း စာနာသော အကူအညီများ အရေးပေါ် လိုအပ်နေသည်" ဟု အစီရင်ခံစာက အကြံပြု ထားသော်လည်း ရွေးကောက်ပွဲ နီးလာသည် နှင့်အမျှ ကယ်ဆယ်ရေး လုပ်သားများအား မောင်းထုတ်နေသည့် မြန်မာ အစိုးရ၏ မထီမဲ့မြင် အပြုအမူများကြောင့် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment