Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက မီဒီယာများအပေါ် ဆင်ဆာ တည်းဖြတ်မှုများ ပိုမို တိုးမြှင့် လုပ်ကိုင်လာကြောင်း နိုင်ငံတကာ မီဒီယာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က စက်တင်ဘလ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် ပြည်တွင်း သို့မဟုတ် ပြည်ပမှ နိုင်ငံခြား မီဒီယာများ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ရရှိလိမ့်မည် မဟုတ်ဟု RSF က ဆိုပြီး မြန်မာ နိုင်ငံကို "ဆင်ဆာ တည်းဖြတ်မှုတို့ ရှိရာ ဌာနေကြီး" ဟု သတ်မှတ် ဖော်ပြသည်။

မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ မီဒီယာများအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပိုမို လုပ်ကိုင်လာသည်ဟု ဆိုသည်။ မကြာသေးမီက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် တစ်စောင် ဖြစ်သော The Morden Times ဂျာနယ်သည် မိုးလေဝသ ခန့်မှန်းချက် သတင်း ခေါင်းစဉ်ကို ခွင့်ပြုချက် မရရှိဘဲ ပြောင်းလဲ ပစ်ခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ပိတ်ပင်ခြင်း ခံနေရသည်။

စက်တင်ဘာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ် ရှိသည် ဟူသော သတင်း တစ်ပုဒ်၏ ခေါင်းစဉ်ကို "စက်တင်ဘာမှာ လာမှာလား" ဟု ရေးသားခဲ့သောကြောင့် ရက်သတ္တပတ် အတော်ကြာ ထုတ်ဝေခွင့် ဆိုင်းငံ့ ခံထားရခြင်း ဖြစ်သည်။  အကြောင်းမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် "ရွှေဝါရောင် တော်လှန်ရေး" အမည်ရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သွယ်ဝိုက် ရည်ညွှန်းသည်ဟု ဆင်ဆာအဖွဲ့က ယူဆသောကြောင့်ဟု ဆိုသည်။

"မီဒီယာ လွတ်လပ်ခွင့် မရှိပါက ရွေးကောက်ပွဲ ဟူသည် အတုအယောင် သဘောမျှသာ ဖြစ်ပေလိမ့်မည်" ဟု RSF အဖွဲ့က ဆိုသည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်အုပ်ချုပ်ရေး စနစ်အောက်သို့ ရောက်ရှိခဲ့သည့် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကပိုင် သတင်းစာနှင့် မဂ္ဂဇင်း အစောင် ၁၅၀ ခန့် ထုတ်ဝေခွင့် ရရှိထားသော်လည်း ရေးသား ဖော်ပြမည့် အကြောင်းအရာ မှန်သမျှကို စစ်ဘက် အရာရှိ ဦးဆောင်သော စာပေစိစစ်ရေး အဖွဲ့သို့ မထုတ်ဝေမီ တင်ပြကြရသည်။

"ယခုကဲ့သို့သော ဆင်ဆာ တည်းဖြတ်မှုတွင် ကမ္ဘာပေါ်တွင် အတော့်ကို ထူးခြားသည့် ပုံစံမျိုး ဖြစ်ပြီး မီဒီယာ လွတ်လပ်မှု ထွက်ပေါ်လာမည်ကို ဟန့်တားမှု တစ်ရပ်လည်း ဖြစ်ပေသည်" ဟု RSF က ဆက်လက် ဖော်ပြသည်။ ထို့ပြင် အစိုးရ ဆန့်ကျင်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေမှုနှင့် စစ်အစိုးရ လိုလားသည့် နိုင်ငံရေးပါတီ အနည်းငယ်သာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခွင့် ရရှိသည် ဟူသော ရေးသား ဖော်ပြမှုများကိုလည်း အစိုးရက ဆက်လက် ဟန့်တားလျက် ရှိသည်ဟု RSF က ဆိုသည်။

"ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုများ၊ စစ်တပ်မှ ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အကြောင်းများ အစရှိသည် တို့ကိုလည်း ကန့်သတ်မှုဖြင့်သာ ရေးသား ထုတ်ဝေခွင့် ရရှိထားသည်" ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဥပဒေများမှာ အတိုက်အခံ ပါတီများ အပေါ် ဖိနှိပ် ချုပ်ခြယ် ထားသောကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရသည်။ အဆိုပါ ဥပဒေများက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ဟန့်တားထားသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment