Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ၎င်းအနေဖြင့် တရုတ် ထိပ်တန်း ခေါင်းဆောင်များ အားလုံးနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့ တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် တွေ့ဆုံရာတွင် ၎င်းက "တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းချက်များကို ကောင်းစွာ သိရှိ နားလည်ပြီး ထောက်ခံလျက် ရှိကြောင်း" ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ "တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးသည် နှစ်နိုင်ငံလုံး အတွက် လွန်စွာ အရေးကြီးပါကြောင်း" ပြန်လည် ပြောဆိုသည်။

မည်သို့ ဆိုစေ မြန်မာ နိုင်ငံတွင် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ နယ်စပ်ဒေသ တစ်လျှောက်ရှိ အပစ်အခတ် ရပ်စဲရေး အုပ်စုများနှင့် တင်းမာမှုမှာ ပိုမို တင်းမာလာသည်ကို တွေ့ရသည်။ ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီ အဆိုအရ နယ်စပ်ဒေသရှိ ရှမ်းပြည်နယ် တပ်မတော် (SSA) ပင်မ အခြေစိုက် စခန်း အနီး၌ တစ်ဝိုက်တွင် မြန်မာ စစ်တပ်မှ တပ်ဖွဲ့များ ပိုမို တိုးမြှင့် ထားရှိလာကြောင်း သိရသည်။ မကြာသေးမီက ရာထူး တိုးမြှင့်ခြင်း ခံလိုက်ရသူ အရှေ့မြောက်ပိုင်း စစ်ဒေသမှူးက SSA ပင်မစခန်းသို့ သွားသည့် လမ်းကြောင်းများ အားလုံးတွင် လုံခြုံရေး တိုးမြှင့်ရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီးနောက် ယင်းသို့ တိုးမြှင့်လာခြင်း ဖြစ်သည်။

ညီညွတ်သော ဝ ပြည်နယ် တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့အတွက် နယ်စပ်ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်လည်း ရေးဆွဲထားပြီ ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် အဆိုပါ အပစ်အခတ် ရပ်စဲရေး အုပ်စုနှစ်စု အနေဖြင့် စက်တင်ဘာလ ပထမပတ် အတွင်း နယ်စပ် ဒေသစောင့် တပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းမည့် သဘော တူညီချက် တင်သွင်းရန် စစ်အစိုးရက ညွှန်ကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် UWSA နှင့် NDAA တို့က နယ်စပ် ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းမည့် ကိစ္စကို ငြင်းပယ်ခဲ့သည်။ လာမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုင်ငံရေး ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိမည် မဟုတ်သောကြောင့်ဟု ဆိုသည်။ ဝ အရာရှိကြီး တစ်ဦး အဆိုအရ နိုင်ငံရေး ကိုယ်စားလှယ်များ ပါဝင်ခွင့် ပိတ်ပင် ခံရသည့် ဝ ပါတီများတွင် ဝ ဒီမိုကရက်တစ် ပါတီ (WDP) နှင့် ဝ အမျိုးသား ညီညွတ်ရေး ပါတီ (WNUP) တို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တပ်မဟာ ၉၀၇ မှ ဗိုလ်ချုပ်ကြီး စောလဘွဲ့ကလည်း စစ်အစိုးရ၏ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်မှတ် မရေးထိုးနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် တိုင်းရင်းသား တပ်သားများအား မြန်မာ စစ်တပ်ထဲသို့ ထည့်သွင်းသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု လက်နက်ကိုင် အဖွဲ့အစည်း အများစုက ရှုမြင်ကြသည်။

အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သော မွန်ပြည်သစ် ပါတီ (NMSP) ကလည်း အဆိုပါ အစီအစဉ်ကို ငြင်းပယ်ထားကြောင်း NMSP နှင့် နီးစပ်သော သတင်း ရင်းမြစ်များက ဆိုသည်။ မွန်တိုင်းရင်းသားများ လွတ်လပ်မှု မရရှိသေးသရွေ့ လက်နက်ကိုင် တော်လှန်သွားမည် ဖြစ်ကြောင်း NMSP ခေါင်းဆောင်များက ဆိုသည်။

အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို သဘောမတူပါက သို့မဟုတ် သဘော တူညီကြောင်း တုံ့ပြန်မှု မပြုပါက ၎င်းတို့အား တရားမဝင် အဖွဲ့အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း နေပြည်တော်က ကြေညာချက် ထုတ်ပြန်ထားသည်။ UWSA အဖွဲ့ အဆိုအရ နေပြည်တော်မှ နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် UWSA အဖွဲ့ နယ်စပ် ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲမည့် ကိစ္စနှင့် ပတ်သက်ပြီး အချက် ရှစ်ချက်ပါ တန်ပြန် အဆိုပြုချက် တစ်ရပ် ပေးပို့ခဲ့သော်လည်း စစ်အစိုးရက ပယ်ချခဲ့သည်။ ထို့အတူ မုံလအုပ်စုဟု အမည်ရသော NDAA အဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နှင့် SSA တို့ကလည်း တန်ပြန် အဆိုပြုချက်များ ပြုလုပ်ခဲသည်။

နေပြည်တော်က ယင်းသို့ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ကိစ္စကို သဘော မတူညီပါက တရားမဝင် အဖွဲ့အဖြစ် သတ်မှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း လက်နက်ကိုင် အုပ်စုများ မြန်မာ စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက်ရန် ပိုမို ညီညွတ်မှု ရှိလာသည်ကို တွေ့မြင်ရသည်။

လက်ရှိ စာရင်းများအရ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲရေး အစီအစဉ်ကို လက်သင့် မခံသော အဖွဲ့အစည်းများမှာ UWSA၊ MNSAA၊ KIA၊ SSA မြောက်ပိုင်းတပ်မဟာ၊ ကယန်း ပြည်နယ်သစ် ပါတီ (KNLP) နှင့် မွန်ပြည်သစ် ပါတီတို့ ဖြစ်ကြသည်။ အဆိုပါ အဖွဲ့အစည်း အားလုံးက
၎င်းတို့ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရရှိပါက စစ်အစိုးရ၏ တောင်းဆိုမှုကို လက်သင့်ခံမည် မဟုတ်ဟု ဆုံးဖြတ်ထားကြပြီး ဒီမိုကရေစီ ရွေးကောက်ပွဲကို ထောက်ခံမှု သို့မဟုတ် ဝင်ရောက် ယှဉ်ပြိုင်မှု ပြုလုပ်မည် မဟုတ်ပေ။

မြန်မာ နိုင်ငံ၏ လတ်တလော အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အတွက် လက်နက်ကိုင် တော်လှန်ရေးသည်သာ ပန်းတိုင်သို့ ရောက်ရှိစေမည့် လက်တွေ့ ကျသော နည်းလမ်း ဖြစ်နေသည်ကို တွေ့ရသည်။

သို့အတွက်ကြောင့် နယ်စပ်ဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး ဟူသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိပ်မက်မှာလည်း လက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှု ရှိလာမည် မဟုတ်ပေ။

Burmadigest မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment