Transparency Myanmar

transparency.myanmar@gmail.com

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား ကွဲကွာနေကြသည့် မိသားစုများ ပြန်လည် ပေါင်းစည်းရေး စတင်ရန် မြောက်ကိုရီးယား ဘက်က အဆိုပြုမှုကို တောင်ကိုရီးယားက အပြုသဘော ဆောင်စွာ စဉ်းစားလျက် ရှိကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စက်တင်ဘာလ ပထမပတ်အတွင်း တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့က မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့အတွက် ရေဘေး ဒုက္ခသည်များ ကူညီ ထောက်ပံ့ငွေ ဒေါ်လာ ၈ ဒဿမ ၄ သန်း ပေးပို့မည်ဟု ထုတ်ဖော် ပြောဆိုပြီးနောက် မြောက်ကိုရီးယား ဘက်က ကွဲကွာနေသော မိသားစုများ ပြန်လည် ပေါင်းစည်းရေး ပြုလုပ်ရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ အဆိုပါ ကမ်းလှမ်းမှုကြောင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံမှု ပုံစံ လုံးလုံးလျားလျား ပြောင်းလဲသွားဖွယ် ရှိသည်။

ကိုရီးယား ကောက်ရိတ်သိမ်း ပွဲတော် ရုံးပိတ်ရက်တွင် ကွဲကွာလျက် ရှိသော မိသားစုများ ယာယီ ပြန်လည် ပေါင်းစည်းရေး အစီအစဉ် တစ်ရပ် ပြုလုပ်ရန် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့ တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ကို အဆိုပြုထားသည်။ အဆိုပါ ရုံးပိတ်ရက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ မြောက်ကိုရီးယား နိုင်ငံ Geumgang တောင် အပန်းဖြေ စခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း KCNA သတင်းဌာနက ဆိုသည်။

"ကွဲကွာနေတဲ့ မိသားစုတွေရဲ့ ခံစားချက်တွေ သက်သာစေဖို့ ပြန်လည် ပေါင်းစည်း တွေ့ဆုံမယ့် ကိစ္စအပေါ် တောင်-မြောက်ကိုရီးယား နှစ်ဖက်စလုံးက ကောင်းစွာ နားလည် သဘော ပေါက်ထားပါတယ်" ဟု မြောက်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲ Chang Jae-eon က တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့ အကြီးအကဲထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံမှ ကွဲကွာနေသော မိသားစုဝင်များ တွေ့ဆုံ ပေါင်းစည်းပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက ကျင်းပ ပြုလုပ်ခဲ့သည်။

Korea Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment