Transparency Myanmar

transparency.myanmar@gmail.com

နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေသော ရေပိုင်နက် အတွင်း ဂျပန် ကင်းလှည့် သင်္ဘောနှင့် တိုက်မိခဲ့သည့် တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန် ဖြစ်သူအား ဂျပန်အစိုးရက ဖမ်းဆီးထားရာမှ ပြန်လည် လွှတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရုတ် ကပ္ပတိန်ကို ဖမ်းဆီးခဲ့သည့် အတွက်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။

တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန် Zhan Qixiong သည် အရှေ့ တရုတ် ပင်လယ်အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှုဖြင့် အငြင်းပွားနေသည့် ကျွန်းစုများအနီး ကင်းလှည့်နေခဲ့သော ဂျပန်သင်္ဘော နှစ်စင်းအား တမင်သက်သက် ဝင်တိုက်ခဲ့သည်ဟု ဂျပန် အာဏာပိုင်တို့က ဦးစွာ စွပ်စွဲခဲ့သည်။

ကပ္ပတိန် Zhan Qixiong အား ဖမ်းဆီးခဲ့သည့် အချိန်မှ စ၍ တရုတ်အစိုးရက ၎င်းအား အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးရန် အဆက်မပြတ် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ ကပ္ပတိန် Zhan Qixiong အား ပြန်လွှတ်ပေးရန် စီစဉ်ခြင်းသည် တရုတ်နိုင်ငံ စစ်ဘက် နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး ဗွီဒီယို ရိုက်ကူးသည် ဟူသော သံသယရှိခြင်း ခံရသူ ဂျပန်လေးဦးကို တရုတ် အစိုးရက ထိန်းသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဘေဂျင်းမြို့တော် အခြေစိုက် ဂျပန်သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက အဆိုပါ ဂျပန်လေးဦးအား တရုတ် အစိုးရက ထိန်းသိမ်းထားသည် ဟူသော ကိစ္စအား အတည်ပြု ပြောကြားသည်။ သို့သော် ယခုကဲ့သို့ ဂျပန် နိုင်ငံသား လေးဦးအား ဖမ်းဆီးမှုသည် ကပ္ပတိန် Zhan Qixong အား ဖမ်းဆီးမှုနှင့် ဆက်စပ်မှုရှိ၊ မရှိ ဟူသော ကိစ္စကို ထင်ကြေးပေး ပြောဆိုလိုခြင်း မရှိကြောင်း ယင်းပြောရေး ဆိုခွင့် ရှိသူက ဆိုသည်။

မစ္စတာ Zhan Qixiong အား ဖမ်းဆီး ထိန်းသိမ်းပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတွင် တင်းမာမှုများ လွန်စွာ မြင့်တက်လာခဲ့သည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ကပ္ပတိန် Zhan Qixiong အရေးကိစ္စသည် ဂျပန် အစိုးရတွင် တာဝန် အပြည့်အဝ ရှိပြီး ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် ယခု ရက်သတ္တပတ် အစောပိုင်းတွင် ပြောဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယခုကိစ္စ အာရှဒေသကို ရေရှည် ဂယက် ရိုက်ခတ်မှု မဖြစ်ပေါ်မီ တရုတ်-ဂျပန် နှစ်ဖက်စလုံးက အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်း ပြောဆိုသည်။ တရုတ် ငါးဖမ်း သင်္ဘောနှင့် ဂျပန် ကင်းလှည့် သင်္ဘောတို့ တိုက်မိခဲ့သည့် နေရာသည် နှစ်နိုင်ငံ သာမက ထိုင်ဝမ်ကပါ သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေသည့် နယ်မြေ ဖြစ်သည်။ အဆိုပါ ဒေသတွင် လူသူ မနေထိုင်သည့် ကျွန်းများ ရှိပြီး ထိုကျွန်းများတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပေါကြွယ်ဝကြောင်း သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment