Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ ငွေကြေး ပေါ်လစီ အပေါ် ဝေဖန်မှုများ အားလုံးကို ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်သည်။ တရုတ် ကုမ္ပဏီများ အတွက် မျှတမှု မရှိသော ကုန်သွယ်ရေး အကျိုးအမြတ် ရရှိနိုင်ရန် ယွမ်ငွေကြေး တန်ဖိုး လျှော့ချထားမှုကြောင့် တရုတ်နိုင်ငံအပေါ် အပြစ်ပေး အရေးယူမည်ဟု အမေရိကန် ပြည်ထောင်စုက ခြိမ်းခြောက်ထားသည့် ကိစ္စကြောင့် မစ္စတာ ဝမ်ကျားပေါင်က ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေခိုက် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် မစ္စတာ ဝမ်ကျားပေါင်က မိမိတို့၏ ငွေကြေး လဲလှယ်မှု နှုန်းထား ကိစ္စသည် အမေရိကန် ပြည်ထောင်စု၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး လိုငွေပြမှုနှင့် ပတ်သက်မှု မရှိသလို အဆိုပါ ကိစ္စကို နိုင်ငံရေးဇာတ်မသွင်းသင့်ကြောင်း အမေရိကန် စီးပွားရေး ခေါင်းဆောင်များကို ပြောကြားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။

"ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ဖို့ အခြေအနေတွေ မရှိပါဘူး" ဟု မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။ "တရုတ်-အမေရိကန် ကုန်သွယ်ရေးမှာ အမေရိကန် ကုန်သွယ်ရေး လိုငွေပြနေတဲ့ အဓိက အကြောင်းရင်းက ယွမ်ငွေ တန်ဖိုးကိစ္စ မဟုတ်ပါဘူး၊ ကုန်သွယ်မှုပုံစံနဲ့ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှု ကိစ္စသာ ဖြစ်ပါတယ်" ဟု ဆိုသည်။

ငွေစက္ကူ ကိစ္စ

ယွမ်ငွေတန်ဖိုး ဆက်လက် မြင့်တက်နေမည် ဆိုပါက တရုတ် နိုင်ငံအပေါ် ကုန်သွယ်ရေးအရ အပြစ်ပေး အရေးယူမှု ပြု၊ မပြုဟူသော ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် လွှတ်တော်ကော်မတီက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ မဲခွဲဆုံးဖြတ်မှုကို လာမည့် စက်တင်ဘာ နောက်ဆုံးပတ်တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။ "အမေရိကန် အစိုးရ အနေနဲ့ တရုတ်နိုင်ငံ အစိုးရနဲ့ အပြန်အလှန် သဘောမျိုးရော ဘက်ပေါင်းစုံ သဘောမျိုးပါတဲ့ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နိုင်ရေး အတွက် ဥပဒေ တစ်ရပ် ထွက်ပေါ်လာအောင် ကွန်ဂရက်က လုပ်ဆောင်ပေးရမယ့် အချိန် ရောက်နေပါပြီ" ဟု လွှတ်တော် ဥက္ကဌ Nancy Pelosi က ပြောကြားသည်။

တရုတ်နိုင်ငံ ယွမ်ငွေ တန်ဖိုးသည် ဈေးကွက် အနေအထားထက် လျော့နည်းနေသည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ယခု ရက်သတ္တပတ် အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုထားသည်။ "အဲဒီတော့ ကုန်သွယ်ရေးမှာ သူတို့ အသာစီးရနေတာပေါ့။ ကျွန်တော်တို့ အနေနဲ့ ပြောရရင် ဒီကိစ္စအတွက် ဆက်လက် တောင်းဆိုနေရမှာပဲ။ နောက်ပြီး အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ကိစ္စတွေ အတွက်လည်း ပြောဆိုနေရဦးမှာပါ။ တကယ်တမ်း ပြောရရင် အမေရိကန်-တရုတ် ကုန်သွယ်ရေးဟာ နှစ်လမ်းသွားပုံစံ ဖြစ်ပါတယ်" ဟု အိုဘားမားက ဆက်လက် ပြောသည်။

တရုတ်နှင့် အမေရိကန်အကြား ဖြစ်ပေါ်နေသော တင်းမာမှုများတွင် ငွေစက္ကူကိစ္စ တစ်ခုတည်း မဟုတ်ပေ။ တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပေါ်နေသော နယ်မြေ ပိုင်ဆိုင် မှုဆိုင်ရာ အငြင်းပွားမှုထဲသို့ အမေရိကန် အနေဖြင့် ဝင်ရောက် စွက်ဖက်မှု မပြုရန် တရုတ်နိုင်ငံက သတိပေးထားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်အား လက်နက် ရောင်းချမှုကိုလည်း တရုတ် ပြည်မကြီးက လွန်စွာ မကျေမနပ် ဖြစ်လျက် ရှိသည်။

မစ္စတာ ဝမ်ကျားပေါင်က "တရုတ်-အမေရိကန် ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ မပြေလည်မှုတွေကို လတ်တလော ကာလလေး အတွင်းမှာပင် ဖြေရှင်းလိုက်နိုင်ပါတယ်" ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စုက တရုတ်ပြည်ကို အင်အား ကောင်းမွန်ပြီး တည်ငြိမ်မှု ရှိစေလိုသကဲ့သို့ တရုတ်ကလည်း အမေရိကန် ပြည်ထောင်စုကို အင်အားကောင်းပြီး တည်ငြိမ်မှု ရှိသော နိုင်ငံ တစ်ခုအဖြစ် မြင်တွေ့လိုကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment