Transparency Myanmar

transparency.myanmar@gmail.com

တရုတ် နိုင်ငံအပေါ် တန်ပြန် သဘောဖြင့် ကုန်သွယ်ရေးအရ ပိတ်ဆို့ အရေးယူနိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အတည်ပြု လိုက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များက လာမည့် ရက်သတ္တပတ်အတွင်း တရုတ်အပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့မှုပြု၊ မပြု ဟူသော ကိစ္စကို မဲခွဲ ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ အဆိုပါ ဥပဒေ မူကြမ်းအရ ငွေကြေး တန်ဖိုး တမင်တကာ နှိမ့်ချထားသော နိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် သွင်းကုန်ခွန်များ ကောက်ယူခွင့် ရရှိမည် ဖြစ်သည်။

ယင်းဥပဒေ မူကြမ်း တရားဝင် ဖြစ်လာနိုင်ရေးအတွက် အမေရိကန် ဆီးနိတ်၏ ထောက်ခံမှု လိုအပ်ကြောင်း၊ သို့သော် လာမည့် နိုဝင်ဘာလတွင် ကွန်ဂရက် လွှတ်တော် နှစ်ဝက် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ရှိသဖြင့် ဆီးနိတ်၏ အထောက်အပံ့ ရရှိရေးမှာ မရေရာ မသေချာ ဖြစ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် အသာစီး ရရှိနိုင်ရေး အလို့ငှာ ယွမ်ငွေတန်ဖိုးကို လျှော့ချထားကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။ "တရုတ်နိုင်ငံ၏ ယွမ်ငွေအပေါ် ထိန်းချုပ် ကိုင်တွယ်မှုကြောင့် နိုင်ငံတကာ ဈေးကွက်တွင် ကမောက်ကမ ဖြစ်မှုများ ပေါ်ထွက်လျက် ရှိသည်" ဟု အမေရိကန် လွှတ်တော် ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကော်မတီ ဥက္ကဌ Sander Levin က ပြောကြားသည်။

"ယွမ်ငွေကြောင့် အမေရိကန် အလုပ်သမားတွေ အပေါ် ထိခိုက် နစ်နာမှုတွေ ဖြစ်နေပါတယ်။ ဒါတင် မကပါဘူး၊ အမေရိကန် အလုပ်အကိုင်တွေလည်း ဆုံးရှုံး နစ်နာနေရပါတယ်" ဟု ၎င်းက ဆိုသည်။

ယခု ဥပဒေ မူကြမ်းကို ကွန်ဂရက် လွှတ်တော် ကော်မတီက အတည်ပြု လိုက်သောကြောင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ယွမ်ငွေတန်ဖိုး နှိမ့်ချထားမှုကြောင့် တရားမျှတမှု မရှိသော ကုန်သွယ်မှုများ ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနက ယွမ်ငွေ တန်ဖိုး ကိစ္စအပေါ် ပိုမို လေးနက်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် သြဂုတ်လ အတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ယွမ်ငွေတန်ဖိုး ပိုမို ခိုင်မာလာ စေရေးအတွက် တရုတ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ကွန်ဂရက် လွှတ်တော် ကော်မတီက ယင်းဥပဒေ မူကြမ်းကို အတည်ပြု လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ကာလအတွင်း တရုတ်နိုင်ငံသည် ကုန်သွယ်ရေး ပိုလျှံမှုများကို အံ့မခန်း ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံက ပြည်တွင်းသုံး ငွေကြေးနှင့် နိုင်ငံခြား ငွေကြေး (ဒေါ်လာ) လဲလှယ်မှု နှုန်းထားအပေါ် ပုံသေ ထိန်းချုပ်ထားမှု မပြုလုပ်တော့ကြောင်း ဇွန်လက ထုတ်ဖော် ပြောဆိုခဲ့သည်။

မည်သို့ဆိုစေ အဆိုပါ ငွေကြေး လဲလှယ်မှု နှုန်းထားကို တရုတ် ဗဟိုဘဏ်က ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း၊ ငွေကြေး လဲလှယ်မှုနှုန်းကို အရှင်ဖြစ်အောင် ထားရှိပေးမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း ယွမ်ငွေတန်ဖိုးမှာ ၁ ဒဿမ ၉ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းဌာနများက ရေးသား ဖော်ပြသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က တရုတ် ယွမ်ငွေကြေး နှုန်းထားမှာ သိသိသာသာ လျှော့ချထားခြင်း ဖြစ်သည့်အတွက် တရုတ် အစိုးရအပေါ် ဖိအားပေးရန် အမေရိကန် ကွန်ဂရက်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။ ထို့ပြင် အမေရိကန် ဥပဒေပြုသမားများ တောင်းဆိုထားသည့် အတိုင်း တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ရန် မှတစ်ပါး အခြား နည်းလမ်းမရှိ ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment