CNN, 12th October 2010
တရုတ် နိုင်ငံသည် ယင်း၏ အိမ်နီးချင်းနိုင်ငံ များအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများ မရှိကြောင်း အာဆီယံ လုံခြုံရေးဆိုင်ရာ ဖိုရမ်တွင် တရုတ် ကာကွယ်ရေး ၀န်ကြီးက ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီး Robert Gates သည် ဗီယက်နမ်တွင် ကျင်းပသော အဆိုပါ အစည်းအဝေးတွင် အင်္ဂါနေ့က နယ်မြေ အငြင်းပွားမှုများနှင့် ရန်လိုမှုများကို အနည်းငယ်မျှ ညွှန်းဆို ပြောကြား သွားခဲ့သော်လည်း တရုတ်ကို တိုက်ရိုက် ဝေဖန်ခြင်းအား ရှောင်ရှားသွားခဲ့သည်။
"အမေရိကန် ပြည်ထောင်စု အနေနဲ့ တောင်တရုတ် ပင်လယ် ကကဲ့သို့ နယ်မြေ ပိုင်ဆိုင်မှု အငြင်း ပွားမှုများမှာ ဘယ်ဖက်ကမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စတွေကို သံတမန် လုပ်ငန်းစဉ်များနဲ့ ပူးပေါင်းပြီး ဘေးပယောဂတွေ မပါပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်ပါတယ်။ အများနဲ့ ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေများကိုလည်း ထိန်းသိမ်းရပါမယ်"ဟု ယင်းက ပြောသည်။
Beijing က တောင်တရုတ် ပင်လယ်၏ အစိတ်အပိုင်း အတော်များများအား တရုတ်မှ ပိုင်ဆိုင်ကြောင်း ပြောခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများကလည်း ပိုင်ဆိုင်မှုအတွက် တောင်းဆိုခဲ့သဖြင့် အငြင်းပွားလျက် ရှိသည်။ အဆိုပါ ရေပိုင်နက်နှင့် ကျွန်းများ အငြင်းပွားမှုတွင် ယင်းတို့ရှိ သဘာဝ သယံဇာတများလည်း ပါဝင်ရာ အရှ ပစိဖိတ်ဒေသတွင် အချိန်မရွေး ပြင်းထန်သော ပြဿနာများ ဖြစ်ပွားလာနိုင်သည်။
"တရုတ်ရဲ့ ကာကွယ်ရေး ပေါ်လစီဟာ မိမိကိုယ်မိမိ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်" ဟု တရုတ် ကာကွယ်ရေးဝန်ကြီး Liang Guanglie က ပြောကြားခဲ့သည်။ "တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ တိုးတက်မှုများဟာ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့ ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး ဒါပေမယ့် မိမိလုံခြုံရေးကို သေချာစေဖို့ရယ်၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တိုးတက်စေဖို့ပဲ ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။
Liang ၏ သတင်း ထုတ်ပြန်ချက်မှာ စက်တင်ဘာလက တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဖမ်းဆီးမှုကြောင့် ဂျပန်နိုင်ငံနှင့် သံတမန်ရေးအရ အငြင်းပွားမှုများ ဖြစ်ပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ ယင်းသည် East China Sea ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများ အနီးတွင် အဖမ်းခံရခြင်း ဖြစ်သည်။
နောက်ပိုင်း တရုတ်မှ သံတမန်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ပြီး သံတမန်ရေးအရ စကားပြောမှုများ ရပ်ဆိုင်းခြင်း၊ ဂျပန်သို့ သွားရောက်မည့် ခရီးစဉ်များ ဖျက်သိမ်းခြင်းများ ပြုလုပ်လာခဲ့သည်။ ဂျပန်နိုင်ငံတွင် ထိုကျွန်းများကို Senkaku ဟု လူသိများသည်။
ဂျပန်က ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ထိုကပ္ပတိန်အား လွှတ်ပေးခဲ့ရာ တရုတ်က သူရဲကောင်း တစ်ဦးပမာ ကြိုဆိုခဲ့သည်။
အဆိုပါ အငြင်းပွားမှု အပြီး ပြီးခဲ့သည့် အပတ် ဘယ်ဂျီယံတွင် အာရှ ဥရောပ အစည်းအဝေး၏ အရန် တွေ့ဆုံမှုအဖြစ် တရုတ်နှင့် ဂျပန် ခေါင်းဆောင်များ တွေ့ဆုံခဲ့ရာ ဆက်ဆံရေးတွင် နွေးထွေးသည့် လက္ခဏာ ပြခဲ့သည်။
တရုတ်နှင့် အမေရိကန် ပြည်ထောင်စု တို့သည်လည်း ယခုအပတ် ဟနွိုင်းရှိ အာဆီယံတွင် ထိုနည်းအတိုင်း အဆင်ပြေခဲ့သည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လာမည့်နှစ်တွင် Beijing သို့ သွားရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည် တည်ဆောက်မည် ဖြစ်သည်။
ယခုနှစ် အစောပိုင်းက Obama အစိုးရသည် ထိုင်ဝမ်သို့ လက်နက် ရောင်းမည့် အစီအစဉ်ကို ကြေညာခဲ့ရာ Beijing သည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဖြတ်တောက်ခဲ့သည်။
အာဆီယံသည် အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သော နိုင်ငံရေးနှင့် စီးပွားရေး အဖွဲ့အစည်း ဖြစ်သည်။ ယခု ဗီယက်နမ်တွင် ပြုလုပ်သော အစည်းအဝေးတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.