Transparency Myanmar

transparency.myanmar@gmail.com

VOA News, 13th October 2010

မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ဦးတည် အထောက်အကူ ပြုကြောင်း အာမခံရန် မြန်မာအစိုးရကို အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာ အစိုးရသည် ၎င်း၏ လူ့အခွင့်အရေး ညှင်းပန်းမှု မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အငြင်းပွားနေခြင်းကို ရွေးကောက်ပွဲ အပြီးတွင် ဖြေရှင်းနိုင်လိမ့်မည်ဟု ဆူရင်ပစ်ဆူဝမ်က မျှော်လင့်နေသည်။

ကမ္ဘာတွင် BURMA ဟုသာ သိကြသည့် မြန်မာနိုင်ငံ ၁၉၉၇ တွင် အာဆီယံ အဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများက အာဆီယံ ခေါင်းဆောင်များကို ပြစ်တင် ဝေဖန်ခဲ့ကြခြင်းမှာ မြန်မာနိုင်ငံ၏ သင်္ကာမကင်းဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့်ပင် ဖြစ်သည်။

ထိုမျှမက မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့အတွင်းမှာပင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်စေသည်။ အကြောင်းမှာ ဖိလစ်ပိုင်၊ မလေးရှား၊ စကာင်္ပူ စသော နိုင်ငံ အချို့က စစ်အစိုးရအား နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်စေရန် ဖိအားပေးခဲ့ကြခြင်းကို အခြား အဖွဲ့ဝင်များ၊ အထူးသဖြင့် လာအိုနှင့် ကမ္ဘောဒီးယားက သဘော မတူခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ နှင်တံဖြင့် တို့ခဲ့ကြပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အခွင့်အရေးကို ကမ်းလှမ်းကာ မြန်မာနိုင်ငံကို နိုင်ငံတကာက ပစ်ပယ်ထားမှုကို အဆုံးသတ်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

"အာဆီယံ အဖွဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ဆက်ဆံရာမှာ မြန်မာနိုင်ငံ ကိစ္စက အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒီကိစ္စ ကျွန်တော်တို့ရဲ့ နောက်မှာ ရှိနေတာကိုပဲ ကျွန်တော်တို့က မြင်ချင်တာပါ။ တစ်ခုထဲသော လုပ်စရာ နည်းလမ်းကတော့ ဒီရွေးကောက်ပွဲက အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ထိရောက်တဲ့ လုပ်ငန်းစဉ်အဖြစ် ဖြည့်ဆည်းပေးတယ် ဆိုတာကို သေချာအောင် လုပ်ဖို့ပဲ ရှိပါတယ်" ဟု ဆူရင်က ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲကို မြန်မာ အများစုက တရားဝင်အဖြစ် လက်ခံရန် လိုအပ်သည်ဟုလည်း ဆူရင်က ဘန်ကောက်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လူ့အခွင့်အရေး အုပ်စုများနှင့် အနောက် နိုင်ငံများကမူ စစ်အုပ်ချုပ်ရေး ဆက်လက် ခိုင်မြဲစေရန် ရည်ရွယ် ပြုလုပ်သော ရွေးကောက်ပွဲ အတုဟု ခေါ်ခေါ် သတ်မှတ်ထားကြသည်။ လွှတ်တော် အမတ်နေရာ လေးပုံ တစ်ပုံကို တပ်မတော်အတွက် သီးသန့် ကြိုတင် ဖယ်ထားပြီးလည်း ဖြစ်သည်။

တင်းကြပ်လွန်းသော ရွေးကောက်ပွဲ ဥပဒေများကလည်း အဓိက အတိုက်အခံ အုပ်စု NLD ပါတီ အပါအဝင် အခြား အတိုက်အခံ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မဝင်နိုင်အောင် ရည်ရွယ် တားဆီးထားသည်။ ၎င်းဥပဒေများအရ အထိန်းသိမ်းခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်း ကျခံနေရသော ပါတီဝင် များစွာကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်ရာ၊ NLD က ထိုသို့ မလုပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် ပါတီကို ဖျက်သိမ်းကြောင်း အစိုးရက အမိန့် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်အောက်တွင် ထိန်းချုပ်ထားသည့် နယ်စပ်ဒေသ များစွာတွင် အစိုးရက မဲရုံများ ထားရှိမည် မဟုတ်ပါ။

ဖြစ်သင့် ဖြစ်ထိုက်သော ရည်ရွယ်ချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်မည့် အစိုးရမျိုးကို ထုတ်လုပ်ပေးရန်သာ ဖြစ်သင့်သည်ဟု ဆူရင်က ပွင့်လင်းစွာ ပြောကြားသည်။

"အခုတော့ ရက်အတိအကျ သတ်မှတ်လိုက်ပြီ ဆိုတော့ လူတိုင်းက စိတ်သက်သာသွားတဲ့ ခံစားမှုနဲ့ မျှော်လင့်နေကြပြီ။ ခုတော့ လာပါပြီဗျာ။ တကယ်ပါ၊ အတိအကျပါ" ဟု ၎င်းက ဟာသ စွက်ကာ ပြောဆိုသည်။ ဒီရွေးကောက်ပွဲတွေကို လက်ခံနိုင်လိမ့်မယ်၊ ထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မယ်။ ပြီးရင် အသိအမှတ် ပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါတွေ အားလုံးဟာ မှန်းဆချက်တွေပါ။ တကယ့် ရလဒ်ကိုတော့ စောင့်ကြည့်ရုံပဲ ရှိပါတယ်။ ဒါပေမယ့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ဆူးတစ်ချောင်းလို ဖြစ်နေတဲ့ ကိစ္စကို မြန်မာနိုင်ငံက အဆုံးသတ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အားလုံးက မျှော်လင့်နေကြပါတယ်" ဟု ဆူရင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာ့ နိုင်ငံများစွာက မြန်မာ အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားကြခြင်းမှာ မိမိပြည်သူများကို နှိပ်စက် ညှင်းပန်းသည့် မြန်မာ အစိုးရ၏ စက်ဆုပ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် ဖြစ်သည်။

မြန်မာအစိုးရ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာအောင် တွန်းအားပေးရန် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် အခြားနိုင်ငံများစွာက အာဆီယံကို ကာလရှည်ကြာ တောင်းဆိုခဲ့ကြသည်။ သို့ရာတွင် ပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆက်လက် ပိတ်ပင် တားဆီးထားကာ အဓမ္မ ခိုင်းစေသော လုပ်သားများ အသုံးပြုခြင်းဖြင့် ပြည်သူလူထုကို တားမြစ် ချုပ်ချယ်လျက် ရှိသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment