Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အကြီးဆုံးသားက ဆွေစဉ်မျိုးဆက် ရာထူး ဆက်ခံစေမည့် အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၏ အစီအစဉ်အရ အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်က ၎င်း၏ ရာထူး ရရှိလိမ့်မည် ဖြစ်သည်။ ထိုသို့ ထီးနန်း ဆက်ခံမှု ပုံစံကို ဆန့်ကျင်လိုက်သူ အကြီးဆုံးသားမှာ ကင်ဂျွန်နမ် (၃၉ နှစ်) ဖြစ်ပြီး ၎င်းသည် ကင်ဂျွန်အန်နှင့် ဖအေတူ မအေကွဲ ညီအကို တော်စပ်ကာ ယခုအခါ တရုတ် ပြည်မကြီးနှင့် မကာအိုတို့တွင် နေထိုင်လျက် ရှိသည်။

ကင်ဂျွန်နမ်သည်လည်း ယခင်က ဖခင်ကြီး ကင်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံမည့်သူ အဖြစ် ထင်ကြေး ပေးခံခဲ့ရသူ ဖြစ်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ်တွင် နိုင်ငံကူး လက်မှတ်အတုဖြင့် ဂျပန် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းမိခဲ့ပြီးနောက် ၎င်းအပေါ် အရိုက်အရာ ဆက်ခံမည့် သူအဖြစ် ကြိုက်နှစ်သက်မှု လျော့ကျသွားခြင်း ဖြစ်သည်။

"ပုဂ္ဂိုလ်ရေးအရ ပြောရရင် ကင်တတိယ မျိုးဆက် ရာထူး ဆက်ခံမယ့် ကိစ္စကို ကျွန်တော် မကြိုက်ပါဘူး၊ ဆန့်ကျင်ပါတယ်" ဟု ကင်ဂျွန်နမ်၏ ပြောဆိုချက်ကို ကိုးကား၍ ဂျပန် ရုပ်သံ သတင်းဌာန Asahi က ဖော်ပြသည်။ "ဒါပေမဲ့ အတွင်းရေးနဲ့ ပတ်သက်တဲ့ ဖက်တာတွေ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ တကယ်လို့သာ အတွင်းရေး ကိစ္စတွေ ပါဝင် ပတ်သက်နေမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဲဒီ အစီအစဉ်ကို လိုက်နာ စောင့်ထိန်း ပေးသင့်တယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လျှို့ဝှက်လွန်းသည့် ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံအပေါ် ကင်ဂျုံအီလ်၏ သားဖြစ်သူက ယခုကဲ့သို့ ဝေဖန် ပြောဆိုခြင်းမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ပေ။ သို့သော် ၎င်း၏ သုံးသပ် ပြောဆိုချက်များသည် မြောက်ကိုရီးယား ပြည်တွင်းရေးအပေါ် လွှမ်းမိုးနိုင်ဖွယ် မရှိဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

"ကျွန်တော့် အပိုင်းကတော့ ကျွန်တော်ရဲ့ ညီဖြစ်သူ ဘာပဲ လိုအပ် လိုအပ် အကူအညီပေးဖို့ အသင့် ပြင်ထားပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ တရုတ်နိုင်ငံ အတွင်း ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ကင်ဂျွန်နမ်က ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ နိုင်ငံရေး အာဏာ ရယူရန် စိတ်ဝင်စားခြင်း မရှိပါကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုအခါ နာမကျန်း ဖြစ်လျက် ရှိသော ကင်ဂျုံအီလ်သည် မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်၏ ခေါင်းကိုင် ဖခင်ကြီး ကင်အီဆွန်း ကွယ်လွန်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်း မှစ၍ ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်အား အာဏာရ အလုပ်သမား ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သလို ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး အဖြစ်လည်း ရာထူး တိုးမြှင့်ပေးခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံ ထူထောင်ခြင်း ၆၅ ကြိမ်မြောက် အထိမ်းအမှတ် ပွဲတွင် ဖခင်ကြီး ကင်ဂျုံအီလ်က အငယ်ဆုံး သားဖြစ်သူကို လူသိရှင်ကြား ပွဲထုတ်ခဲ့ကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment