Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံအား ငွေကြေး ထိန်းချုပ် ချယ်လှယ်သော နိုင်ငံအဖြစ် တရားဝင် သတ်မှတ် ဖော်ပြနိုင်မည့် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ရန် အမေရိကန် အစိုးရက ဆိုင်းငံ့ထားကြောင်း သိရသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အဓိက ကုန်သွယ်ဘက် နိုင်ငံများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော အစီရင်ခံစာ နှစ်ရပ်ကို နှစ်စဉ် နှစ်တိုင်း ထုတ်ပြန်လျက် ရှိသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံအား ငွေကြေး ထိန်းချုပ်သူအဖြစ် သတ်မှတ် ဖော်ပြရန် ရှိသော်လည်း ယခု အချိန်အထိ မထုတ်ပြန်သေးပေ။ လာမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ နောက်ပိုင်းတွင်မှ ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြည်တွင်း စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် အလို့ငှာ ယွမ်ငွေတန်ဖိုး လျော့နည်းမှုကို အသုံးမချသင့်ဟု တရုတ်နိုင်ငံက ဆိုသည်။ ပုံမှန် ပြုလုပ်နေကျ ဖြစ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက တရုတ်နိုင်ငံ အနေဖြင့် ငွေကြေးမူဝါဒ ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်သွားမည် ဖြစ်သော်လည်း ကိုယ်ပိုင် နည်းစနစ် ပုံစံဖြင့် လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက ပြီးခဲ့သည့် ဧပြီလတွင် နောက်ဆုံး ထုတ်ပြန်ခဲ့သော ကုန်သွယ်ရေး အစီရင်ခံစာတွင် တရုတ်အား ငွေကြေး ထိန်းချုပ်သည့် နိုင်ငံအဖြစ် စွပ်စွဲထားခြင်း မရှိပေ။

အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့် ၁၉၉၄ ခုနှစ် ကတည်းက တရုတ်ပြည်အား ငွေကြေး ထိန်းချုပ် ချယ်လှယ်သူအဖြစ် သတ်မှတ် ဖော်ပြခဲ့ခြင်း မရှိပေ။ သမ္မတဟောင်း ကလင်တန် လက်ထက်တွင် တစ်ကြိမ် စွပ်စွဲ ပြောဆိုခဲ့ဖူးသည်။ လေ့လာ သုံးသပ်သူ အတော်များများက တရုတ်ပြည်သည် ကမ္ဘာ့ဈေးကွက်သို့ ကုန်ပစ္စည်း တင်ပို့ရာ၌ ပြိုင်ဘက်များထက် အသာစီး ရစေရန် ယွမ်ငွေတန်ဖိုးကို တမင်တကာ နှိမ့်ချထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယခုနှစ် အစောပိုင်း ကာလတွင် တရုတ်ပြည်က ငွေကြေး တန်ဖိုး ပြုပြင် ပြောင်းလဲမှုများကို အံ့မခန်း လုပ်ဆောင်သွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။ သို့သော် ယွမ်ငွေ တန်ဖိုးမှာ ဒေါ်လာနှင့် ယှဉ်လျှင် အနည်းငယ်သာ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံသည် ငွေကြေး ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သော်လည်း ပြုပြင် ပြောင်းလဲမှု မြန်နှုန်းမှာ ပြည်တွင်း စီးပွားရေး အနေအထားပေါ်တွင် မူတည်မည်ဟု ပြောရေးဆိုခွင့် ရှိသူ Yao က ဆိုသည်။ ထို့ပြင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Yoshihiko Noda၏ တရုတ်နိုင်ငံအပေါ် ကျိုးကြောင်း ဆက်စပ်မှု မရှိသော ဝေဖန် ပြောဆိုမှုများကိုလည်း ပယ်ချလိုက်သည်။

မစ္စတာ Noda ကလည်း တရုတ် ယွမ်ငွေတန်ဖိုး မြင့်တက်ရန် တိုက်တွန်းရာ၌ ပူးပေါင်း ပါဝင်ခဲ့သည်။ လာမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတွင် ငွေကြေး ထိုးစစ်ဆင် စစ်ပွဲနှင့် သက်ဆိုင်သော ခြိမ်းခြောက်မှုများက အရေးကိစ္စကြီး တစ်ခုသဖွယ် ဖြစ်နေလိမ့်မည်ဟု ၎င်းက ဆိုသည်။

သို့သော် မစ္စတာ Yao က ဂျပန်နိုင်ငံတွင် ယင်းသို့ တရုတ် ယွမ်ငွေအပေါ် ဝေဖန်ပြောဆိုရန် အခြေအမြစ် မရှိသလို အရည်အသွေးလည်း မရှိဟု ဆိုသည်။

ဂျပန်နိုင်ငံက ပြည်တွင်းသုံး ယန်းငွေတန်ဖိုး မြင့်တက်နေမှုကို လျှော့ချရန် အလေးအနက်ထား ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ဂျပန်သည် အစောပိုင်း ကာလများတွင် ငွေကြေး ဈေးကွက်တွင်းသို့ အစိုးရက ဝင်ရောက် စွက်ဖက်မှု ပြုလုပ်ခဲ့သည်။ သို့သော် ထိရောက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် Naoto Kan က ငွေကြေး အခြေအနေနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ယွမ်ငွေကြေး တန်ဖိုး မူဝါဒအပေါ် ပြစ်တင် ဝေဖန်မှုများ တိုးပွားလာခြင်းကြောင့် တရုတ် ကွန်မြူနစ် ခေါင်းဆောင်များ အနေဖြင့် ငါးနှစ်တာ စီးပွားရေး အစီအစဉ် တစ်ရပ် ရေးဆွဲရန် ဖြစ်လာသည်။

ငါးနှစ်တာ စီမံကိန်း၏ အဓိက ဖိုးကပ်မှာ တရုတ်နိုင်ငံ၏ လက်ရှိ စီးပွားရေး အဆမတန် တိုးတက်မှုကို ထိန်းသိမ်းရန် ဖြစ်သည်။ တရုတ်ပြည် စီးပွားရေးမှာ ကုန်ပစ္စည်း တင်ပို့မှု အပေါ် လုံးလုံးလျားလျား မှီခိုလျက် ရှိနေသည်။

တရုတ် စီးပွားရေး အရာရှိကြီးများ အနေဖြင့် ပြည်တွင်း ဝယ်လိုအား မြှင့်တင်ရေးကို ဖော်ဆောင်ပြီး စီးပွားရေးကို ပြန်လည် ချိန်ခွင်လျှာ ညှိသွားမည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment