Transparency Myanmar

transparency.myanmar@gmail.com

The Sydney Morning Herald, 18th October 2010

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် အခြား အရှေ့တောင် အာရှ နိုင်ငံ အားလုံးအား အရိပ် မိုးလျက် ရှိပြီး ထုတ်လုပ်မှုမှာလည်း တစိုက်မတ်မတ် ထောင်တက်လျက် ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါး ကွပ်ကဲရေး အကြီးအကဲက ယနေ့ ပြောကြားမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာဌာန UNODC ၏ အရှေ့အာရှ ဌာန အကြီးအကဲ Gary Lewis က "မြန်မာ နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု လွန်ခဲ့သည့် ၄ နှစ်အတွင်း သိသိသာသာ မြင့်တက်လာခြင်း" ကို ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားမည်ဟု ဆိုသည်။ နိုင်ငံ ဖြတ်ကျော် မှုခင်းများ ခြိမ်းခြောက်မှုကိုလည်း ယခုထက် ပို၍ ကိုင်တွယ် ဖြေရှင်းကြရန် အစိုးရများကို ၎င်းက တောင်းဆိုဦးမည် ဖြစ်သည်။

"နိုင်ငံ ဖြတ်ကျော် မှုခင်းတွေဟာ တရားဥပဒေ အဖွဲ့အစည်းတွေရဲ့ စွမ်းရည်ထက် နိုင်ငံတကာနဲ့ ချီပြီး မြန်ဆန် သာလွန်နေပါတယ်" ဟု  ၎င်းက ပြောကြားမည် ဖြစ်ကြောင်း သိရှိရသည်။

"ဒီပြဿနာတွေဟာ အခု အချိန်မှာ အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ မိုးနေတဲ့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ကိုယ်စားပြုနေပါတယ်။ တချို့ ကိစ္စတွေမှာ ဆိုရင် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှုကို သာမက တိုင်းပြည်တွေရဲ့ အချုပ်အချာ အာဏာကိုတောင် ခြိမ်းခြောက်လာတာ တွေ့ရပါတယ်" ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

မဲလ်ဘုန်းတွင် ပြုလုပ်သည့် Australia Institute of Criminology ၏ ဆိုးဝါးစွာ ကျူးလွန်လာသော မှုခင်းများဆိုင်ရာ ညီလာခံတွင် အထက်ပါ မိန့်ခွန်းကို ပြောကြားမည် ဖြစ်သည်။ အခြား ကျွမ်းကျင် ပညာရှင်များလည်း ပါဝင် ဆွေးနွေးကြမည့် ၎င်းညီလာခံတွင် FBI မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်ဟု သိရသည်။

စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်း ဆင်ဒီကိတ် အဖွဲ့ကြီးများနှင့် ပတ်သက်၍ တိကျသော သတင်း အချက်အလက်များ မရှိခြင်းနှင့် ၎င်းတို့ကို အားပေး အားမြှောက် ပြုနေသည့် အကျင့်ပျက် ခြစားသော အစိုးရများကြောင့် ထိုအဖွဲ့များကို နှိမ်နှင်းရာတွင် အဟန့်အတား ဖြစ်နေသည် ဆိုသည်ကိုလည်း Gary Lewis က ထည့်သွင်း ပြောကြားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment