Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာ စစ်အစိုးရ အဖွဲ့ဝင် အကြီးအကဲများ မြောက်ကိုရီးယားနှင့် ရုရှား နိုင်ငံများသို့ လျှို့ဝှက် သွားရောက်သည့် ကိစ္စအား အသေးစိတ် ဖော်ထုတ် ပေါက်ကြားစေသည့် အမှုကြောင့် မြန်မာ စစ်တပ်မှ ဗိုလ်မှူးဟောင်း အရာရှိ တစ်ဦးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း တစ်ဦးအား သေဒဏ် အပြစ် ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

          အဆိုပါ အရာထမ်း နှစ်ဦးသည် မြောက်ကိုရီးယား နိုင်ငံက တာဝန်ယူ ဖောက်လုပ်လျက် ရှိသော စစ်ရေးဆိုင်ရာ ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ်သည့် လျှို့ဝှက်လုပ်ငန်း သတင်း ပေါက်ကြားသည့် ကိစ္စတွင် အပြစ် ရှိကြောင်း ထင်ရှားသောကြောင့် ယင်းသို့ သေဒဏ် ပေးလိုက်ခြင်း ဖြစ်သည်ဟု မြန်မာပြည် သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရပါသည်။

          ပြစ်ဒဏ် ပေးခံရသူမှာ ၎င်းတို့ နှစ်ဦး သာမက အခြား တစ်ဦးလည်း ပါဝင်သေးသည်ဟု ဆိုသည်။ ထိုသူ၏ အမည်မှာ ပျံစမ်းဟု သာ သိရပြီး ၎င်းအား ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အပြစ်ပေး လိုက်သည်ဟု ဆိုသည်။

ဇန်နဝါရီ ၇ ရက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ထုတ်ပြန်သော သတင်းအရ စစ်တပ်မှ ဗိုလ်မှူးဟောင်း ဖြစ်သူ ဝင်းနိုင်ကျော် နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဥရောပ ရေးရာ ဌာနခွဲမှ စာရေးဝန်ထမ်း ဖြစ်သော သူရကျော် တို့အား ဇန်နဝါရီ ၇ ရက် နေ့တွင် ရန်ကုန်ရှိ တရားရုံး တစ်ခုက ကြားနာ စစ်ဆေးပြီး သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

          သူတို့ နှစ်ဦးသည် နိုင်ငံတော် အစိုးရ အရာရှိကြီးများ မြောက်ကိုရီးယား နှင့် ရုရှား နိုင်ငံများသို့ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ်များက အသီးသီး သွားရောက် ခဲ့သည့် သတင်း အချက်အလက်များ နှင့် ဥမင် လိုဏ်ခေါင်း ဖောက်လုပ်သည့် သတင်း အချက်အလက် အသေးစိတ်များ ပေါက်ကြားစေသည့် အတွက် ဤသို့ ပြစ်ဒဏ် ကျခံရခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် ရာဇဝတ်မှုကြီးများကို ထိရောက် ပြင်းထန်သော ပြစ်ဒဏ်များ ပေးလေ့ ရှိသည်။ သို့သော် ယခု လတ်တလော နှစ်ကာလများ အတွင်း၌မူ သေဒဏ် အပြစ်ပေးသော်လည်း အမှန်တကယ် ကွပ်မျက်ခြင်း မျိုးများ မရှိသေးသည်ကို တွေ့ရသည်။

 BBC သတင်းဌာန၏ Burma 'executing whistle-blowers ကို ဘာသာပြန်ဆိုသည်။

 

Xinhua news, 8th January 2010

မြန်မာနိုင်ငံသည် နိုင်ငံတွင်း မီးရထား လမ်းသစ်များကို တည်ဆောက်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်နှင့် အနောက်ဖက် ကမ်းပေါ်ရှိ မီးရထား လမ်းသစ် အစိတ်အပိုင်း အချို့ကို စတင် အသုံးပြု ဝန်ဆောင်မှု ပေးရန် စီစဉ် ဆောင်ရွက်နေကာ ဒေသတွင်း ကုန်စည် စီးဆင်းမှုနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို အဆင်ပြေ ချောမွေ့စေလိမ့်မည်ဟု မီးရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ သောကြာနေ့ သတင်းများအရ သိရှိရပါသည်။

စစ်ကိုင်းတိုင်း အနောက်မြောက် ဒေသ မုံရွာ မြို့ပတ် ရထားလမ်းရှိ  အောင်သာ -ဗောဓိ တစ်ထောင်နှင့် မုံရွာ - ဗောဓိတထောင် လမ်းသစ် (၂) ခုကို လတ်တလော အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး လူဦးရေ (၂) သိန်းခွဲ နေထိုင်သော မုံရွာ ဒေသခံများ၏ နေ့စဉ် သွားလာမှုကို အဆင်ပြေ ချောမွေ့စေမည်ဟု အဆိုပါ သတင်းက ဆိုပါသည်။

 

တိုးချဲ့လိုက်သော ရထားလမ်းသစ်များက ဒေသတွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း ဖွံ့ဖြိုးစေရန် အထောက်အကူ ပြုမည်


တစ်ချိန်တည်းတွင်ပင် မြန်မာပြည် အလယ်ပိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ရန် ကီလိုမီတာ (၄၀၀) ကျော် ရှည်လျားသော ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကာ ယခုနှစ် အတွင်း ပြီးစီးနိုင်ရန် မျှော်လင့်ထားပါသည်။

ကီလိုမီတာ (၄၁၃) ရှည်လျားသော စစ်တွေ၊ အမ်း၊ ပန်းတောင်း၊ မင်းဘူး မီးရထားလမ်း စီမံကိန်းတွင် ဘူတာရုံ (၅၁) ခု၊ တံတား (၁၂၈၅) စင်း နှင့် ဥမင် လိုဏ်ခေါင်း တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝဲယာကို ဆက်သွယ်မည့် ရထားလမ်း ကွန်ယက် စီမံကိန်းသစ် (၉) ခုကိုလည်း စတင် ဆောင်ရွက်တော့မည် ဖြစ်သည်။

ကီလိုမီတာ (၂၀၀၀) ကျော် ရှည်လျားသော ရထားလမ်း စီမံကိန်းများသည် ကျပ်ငွေ (၁၃၂) ဘီလျံ (အမေရိကန် ဒေါ်လာ သန်း ၁၃၀) ကုန်ကျမည် ဖြစ်ပါသည်။

တရားဝင် စာရင်းဇယားများအရ ရိုးရိုး ရထားလမ်းပိုင်းကို (၅၀၃၀.၂၉) ကီလိုမီတာနှင့် အမြန် ရထားလမ်းပိုင်းကို (၆၅၄၉.၂၆) ကီလိုမီတာ အထိ အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့ပြီး လွန်ခဲ့သော (၂၁) နှစ်အတွင်း (၅၉ %) နှင့် (၄၆ %) တိုးတက် လာခဲ့ခြင်း ဖြစ်ပါသည်။

၁၉၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံးတွင် ရိုးရိုး ရထားလမ်း (၃၁၆၂.၁၆) ကီလိုမီတာ နှင့် အမြန် ရထားလမ်း (၄၄၇၀.၁၇) ကီလိုမီတာသာ ရှိခဲ့ရာမှ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံပိုင် မြန်မာ့ မီးရထား လုပ်ငန်းက ရိုးရိုးရထားလမ်း (၁၈၆၈) ကီလိုမီတာ နှင့် အမြန် ရထားလမ်း (၂၀၇၉) ကီလိုမီတာကို တိုးချဲ့ တည်ဆောက်ခဲ့ပါသည်။

လူစီး ရထား ခရီးစဉ်သည် (၂၂၉) မှ (၃၇၉) သို့ မြင့်တက်ခဲ့ပြီး ကုန်ရထား ခရီးစဉ်မှာ (၁၇) မှ (၁၈) သို့ မြင့်တက်ခဲ့သည်ဟု စာရင်းများအရ သိရှိရပါသည်။

၁၉၈၈ က နိုင်ငံတဝှမ်းတွင် ဘူတာရုံ (၄၈၇) ခုသာ ရှိသော်လည်း ယခုအခါ ဘူတာရုံ (၈၀၅) ခု ရှိပြီ ဟုလည်း ဆိုပါသည်။

မြန်မာနိုင်ငံတွင် တစ်ရက်တာ မီးရထား ခရီးစဉ် အရေအတွက်မှာ တစ်သိန်းကျော်သည် ဟုလည်း  တရားဝင် စာရင်းများအရ သိရပါသည်။

BBC News, 8th January 2010

တရုတ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်အတွင်း တရုတ် အစိုးရ တာဝန်ရှိသူ (၁၀၆၀၀၀) ဦးသည် အကျင့်ပျက် ခြစားမှုအရ အပြစ်ရှိကြောင်း တွေ့ရှိရပြီး၊ အရင်နှစ်ကထက် (၂.၅ %) တိုး လာကြောင်း တရုတ်နိုင်ငံ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့က ပြောကြားလိုက်ပါသည်။

အစိုးရ အရာရှိများသည် ယွမ်ငွေ တစ်သန်းကျော် (အမေရိကန် ဒေါ်လာ ၁၄၆၀၀၀၊ ပေါင်စတာလင် ၉၁၀၀၀) ကို မတရား အလွဲ သုံးစားပြု ရယူ ခဲ့မှုများကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဖမ်းဆီး ရမှုမှာ တစ်နှစ်အတွင်း (၁၉ %) ကျော် မြင့်တက်ခဲ့ပါသည်။

အစိုးရက ပြောကြားရာတွင် ထိုသို့ တိုးတက် ဖမ်းဆီးနိုင်ခြင်းမှာ ပြဿနာကို ပိုမို ကြီးကြပ် လာနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

သို့သော် တရုတ်နိုင်ငံတွင် အကျင့်ပျက် ခြစားမှုသည် ပစ္စည်း ဓားပြတိုက်မှုများ၊ လေထု ညစ်ညမ်းမှု ကိစ္စများထက် စာလျှင် စိုးရိမ်ပူပန် ရမှုများတွင် နံပါတ်တစ် နေရာတွင် ရှိနေဆဲ ဖြစ်ပါသည်။

အချို့ ကွန်မြူနစ် ပါတီ အာဏာပိုင်များ၊ ရဲတပ်မှူးများ၊ နိုင်ငံပိုင် ကုမ္ပဏီများ၏ အကြီးအကဲများ၏ အားကျလောက်ဖွယ် လူနေမှု အဆင့်မြင့် ချမ်းသာနေမှုများကို အများပြည်သူက စိတ်ဆိုးလျက် ရှိကြောင်း Beijing ရှိ BBC သတင်းထောက် Quentin Sommerville က ဆိုပါသည်။

အုပ်ချုပ်သူ ကွန်မြူနစ်များ၏ သတိလက်လွတ် ဖြစ်မှုများကြောင့် အကျင့်ပျက် ခြစားမှုများသည် ပိုမို ပေါက်ဖွားလာသည်ဟု မိမိတို့၏ သတင်းထောက်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် China Daily ၏ စစ်တမ်း ကောက်ယူမှု ရလဒ်ကို ဖော်ပြရာတွင် စစ်တမ်း ကောက်ယူမှုကြောင့် ဖြေကြားသူများ၏ (၆၀%) နီးပါးက အကျင့်ပျက် ခြစားမှုသည် နိုင်ငံတကာ၌ တရုတ်၏ ဂုဏ်သိက္ခာ ကျဆင်းရခြင်း အကြောင်းရင်းများတွင် ထိပ်ဆုံးက ရှိမည်ဟု ထင်ကြောင်း ဖြေကြားခဲ့ကြသည်ဟု ဆိုပါသည်။ ပစ္စည်းအတု ပြုလုပ်ခြင်း၊ အပေါစား ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် လေထု ညစ်ညမ်းမှုများသည် နိုင်ငံတကာတွင် တရုတ်၏ ဂုဏ်သရေကို ညှိုးနွမ်း စေသည့် ကိစ္စရပ်များ ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ဖြစ်သော ကွန်မြူနစ်ပါတီ၏ Central Commission for Discipline Inspection က ကြာသပတေးနေ့က ပြောကြားရာတွင် ၎င်းတို့သည် နိုင်ငံပိုင် စီးပွားရေး အဖွဲ့များမှ အဆင့်မြင့် စီမံခန့်ခွဲရေး ပုဂ္ဂိုလ်များကို ပစ်မှတ်ထား၍ စောင့်ကြည့်လျက် ရှိသည်ဟု ဆိုပါသည်။

အကြီးတန်း စီမံခန့်ခွဲသူ အရာရှိ အတော်များများကို စစ်ဆေးခဲ့ပြီး လာဒ်စားမှု၊ စာရင်းလိမ်လည် ပြသမှုတို့ကို ကျူးလွန်သူများကို အရေးယူလျက် ရှိကြောင်း သိရှိရပါသည်။

ရေနံ ကုမ္ပဏီတစ်ခု ဖြစ်သော Sinopec မှ အကြီးအကဲဟောင်း Chen Tonghai သည် ဒေါ်လာ သန်း (၃၀) နီးပါး လာဘ်စားကြောင်း တွေ့ရှိရသဖြင့် ယမန်နှစ်က သေဒဏ် ချမှတ် ခဲ့ပါသည်။ ၎င်း၏ အပြစ်ဒဏ်ကို နှစ်နှစ် ဆိုင်းငံ့ထားပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အဖြစ် ပြောင်းလဲ အပြစ်ပေးမည်ဟု ယူဆရပါသည်။

နိုင်ငံ၏ နျူကလီးယား လုပ်ငန်းများကို ကြီးကြပ်ရသူ China National Nuclear Corporation မှ အကြီးအကဲမှာ အလုပ်မှ ရပ်စဲခံရပြီး ဒေါ်လာ သန်း(၂၆၀) တန် နျူကလီးယား ပါဝါ စက်ရုံ ဆောက်လုပ်ရန် တင်ဒါ ခေါ်ရာတွင် တရားမဝင် လုပ်ဆောင်မှုများ ရှိသောကြောင့် စုံစမ်း စစ်ဆေးခံ နေရပါသည်။

လေ့လာသူများက ပြောကြားရာတွင် နိုင်ငံပိုင် ကော်ပိုရေးရှင်းများ၏ စီမံခန့်ခွဲသူများကို အစိုးရက ခန့်အပ်သည့် စနစ်နှင့် ကြီးကြပ်မှု အားနည်းမှုတို့ကြောင့် အကျင့်ပျက် ခြစားမှုသည် ပေါက်ဖွားလာရကြောင်း ဆိုပါသည်။

politics.remedy.org.ua, 7th January 2010

ဒုံးကျည်များနှင့် နျူကလီးယား နည်းပညာများကို တရားမဝင် ရောင်းချသည့် မှတ်တမ်းများ ရှိနေသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ တို့တွင် စစ်ဖက်ဆိုင်ရာ ဆက်ဆံ ပူးပေါင်းရေး အစီအစဉ်များ ရှိနေ နိုင်သောကြောင့် အိုဘားမား အစိုးရ အနေဖြင့် စိုးရိမ် ပူပန်လျက် ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင် ပြောကြားပါသည်။

မိမိတို့ သေသေချာချာ ကိုင်တွယ်နေသော မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ ကြားရှိ စစ်ဖက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ကြီးထွားလာသည်ကို မိမိတို့ တွေ့မြင် သိရှိနေသည်ဟု ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သူမက ပြောကြားခဲ့သည်။

ယခင်က နိုင်ငံတကာတွင် Burma ဟု အမည်တွင်ခဲ့သော မြန်မာနိုင်ငံကို စစ်ဖက် အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံ၏ နျူကလီးယား ဆက်သွယ် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သူမက ရှင်းလင်းစွာ ပြောကြားခြင်း မရှိသော်လည်း ၎င်းကိစ္စသည် စိုးရိမ်စရာ ဖြစ်နေကြောင်း သူမက အတည်ပြု ပြောဆိုပါသည်။

ကလင်တန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗား နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ မြောက်ကိုရီးယား နျူကလီးယား ဆိုင်ရာ ဆက်ဆံရေးသည် ဒေသတွင်း မတည်မငြိမ် ဖြစ်စေ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟု သူမက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ မဟာမိတ် အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် အဆိုပါ ကိစ္စကို အသေအချာ ကိုင်တွယ် ဆောင်ရွက်မည်ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။

အာဆီယံ နိုင်ငံများ၏ ဖူးခက် အစည်းအဝေးတွင် မည်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်နှင့်မျှ တွေ့ဆုံရန် အစီအစဉ်မရှိဟု ကလင်တန်က ပြောဆိုခဲ့ပါသည်။

သူမသည် ဗုဒ္ဓဟူးနေ့တွင် ထိုင်း အပန်းဖြေ မြို့တော် ဖူးခက်သို့ သွားရောက်ရန် စီစဉ်ထားပြီး ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်သော နိုင်ငံတကာ အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာနှင့် မြောက်ကိုရီးယား ကိစ္စသည် အဓိက ဆွေးနွေးရမည့် ခေါင်းစဉ်များ ဖြစ်ဖွယ် ရှိသည်ဟု မျှော်လင့်ရပါသည်။

RFA news, 4th January 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ အငယ်ဆုံးသား ဖြစ်သူ ကင်ဂျုံအန်းသည် ကွန်မြူနစ်နိုင်ငံ၏ အခွင့်အာဏာ ကြီးမားသော နိုင်ငံတော် လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ယခု တာဝန်ယူ ဆောင်ရွက်နေပြီး မကြာမီ ဖခင်၏ အရိုက်အရာကို ဆက်ဆံရန် ပြင်ဆင်နေသည်ဟု အားပေး မှန်းဆမှုများ ရှိနေကြောင်း ယုံကြည်ရသော သတင်းများအရ သိရှိရပါသည်။

တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော မြောက်ကိုရီးယားမှ အုပ်ချုပ်သူ ကင် မိသားစု၏ တတိယမျိုးဆက် အမွေ ဆက်ခံသူ အဖြစ် ၎င်း၏ အနေအထားကို ပြသရန်အတွက် ဇန်နဝါရီ       (၈) ရက်တွင် ကျရောက်သော ကင်ဂျုံအန်း၏ မွေးနေ့ကို အဓိက အခမ်းအနား တစ်ခုအဖြစ် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရကြောင်း အမည်မဖေါ်လိုသော သတင်းရပ်ကွက်မှ ပြောကြားပါသည်။

မြောက်ကိုရီးယား၏ လျှို့ဝှက် ပုလိပ်အဖွဲ့ ဖြစ်သော နိုင်ငံတော် လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ကင်ဂျုံအန်းက ဆောင်ရွက်နေသည်ဟု အမည်မဖော်လိုသူ မြောက်ကိုရီးယား အလုပ်သမား ပါတီ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားကြောင်း အဆိုပါ သတင်းရပ်ကွက်မှ သိရှိရပါသည်။

နိုင်ငံတော် လုံခြုံရေး ဌာနသည် ပြည်တွင်း ထောက်လှမ်းရေး လုပ်ငန်း၊ တန်ပြန် ထောက်လှမ်းရေး လုပ်ငန်းနှင့် ပင်လယ်ရပ်ခြား ပြည်ပ သူလျိုလုပ်ငန်းများ ဆောင်ရွက်ကာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို နှိမ်နင်းခြင်း ဖြစ်သည်။

မှန်းဆမှုများ တိုးပွားလာခြင်း

၂၀၀၈ သြဂုတ်လတွင် အသက် (၆၇) နှစ်ရှိ လက်ရှိ ခေါင်းဆောင်ကြီး ဦးနှောက် သွေးကြောပေါက်၍ လေဖြတ်သော ဝေဒနာ ခံစားရချိန်မှစ၍ အထက်ပါ မှန်းဆမှုများ တိုးပွားလာခြင်း ဖြစ်သည်။ ခေါင်းဆောင်ကြီး ကင်ဂျုံအီးတွင် မိသားစု (၂) စုရှိ၍  သား (၃) ယောက် ပေါက်ဖွားသည်ဟု ပြည်ပ လေ့လာရေးသမားများက ဆိုပါသည်။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးသည်လည်း ယခင်က နိုင်ငံတော် လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဝူဒေါင်ချူးနှင့်အတူ နေ့စဉ် ရက်ဆက် စစ်ဆင်ရေး စီမံချက်များကို စီမံခန့်ခွဲ ခဲ့ပါသည်။

ကင်ဂျုံအီး၏ တတိယသား ဖြစ်သူ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်မည့် ပြုံးယမ်းမြို့တော် တေဆောင်ရပ်ကွက်ရှိ အေမီဆန် အစိုးရ အဆောက်အဦးတွင် ရှိသော နိုင်ငံတော် လုံခြုံရေးဌာန၏ ဌာနချုပ်ရုံးသို့ ကင်ဂျုံအီးတို့ သားအဖ ၂၀၀၉ မတ်လတွင် သွားရောက် စစ်ဆေးခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာ သတင်းများအရ သိရှိရပါသည်။

လတ်တလောတွင် ဥက္ကဌ ကင်ဂျုံအီး၏ တရားဝင် ကွင်းဆင်း စစ်ဆေးမှု ခရီးစဉ်များတွင် ၎င်း၏သား ကင်ဂျုံအန်းလည်း လိုက်ပါလာလေ့ ရှိသည်ဟု တရုတ် အခြေစိုက် သတင်းရပ်ကွက်က ပြောကြားပါသည်။

အာဏာအမွေ လွှဲပြောင်း ဆက်ခံရေး အခြေခံ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်မှုမှာ ပြီးစီးသလောက် ရှိနေပြီဟုလည်း သိရပါသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာလ အတွင်းက မြောက်ကိုရီးယားသည် တရုတ်နိုင်ငံမှ မီးရူးမီးပန်း ပစ်လွှတ်ရန် ယမ်းမှုန့် အမြောက်အမြား တင်သွင်းခဲ့ပြီး ဇန်နဝါရီ (၈) ရက် ကင်ဂျုံအန်း၏ မွေးနေ့ အခမ်းအနားအတွက် ပြင်ဆင်ခြင်း ဖြစ်ပုံရသည်ဟု သတင်းများက ဆိုပါသည်။

၂၀၁၀ တွင် ကင်ဂျုံအန်းအား ဖခင်၏ အရိုက်အရာ ဆက်ခံသူအဖြစ် တွေ့မြင်ရမည် ဖြစ်ပြီး အာဏာရ အလုပ်သမားပါတီ၏ (၆၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားများကိုလည်း ကျင်းပလိမ့်မည်ဟု မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက မျှော်လင့်ထားပါသည်။

မြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် နန်းတက်လု ဆဲဆဲ ကင်ဂျုံအန်းကို ပါတီ ကေဒါ ခေါင်းဆောင်အဖြစ် တရားဝင် ကြေညာရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသည် အလုပ်သမားပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၀ တွင် ခေါ်ယူ ကျင်းပဖွယ် ရှိသည်ဟု ဆေဂျွန်း တက္ကသိုလ်မှ လေ့လာသူ ဂျွန်ဆန်းဂျင်က ပြောကြားပါသည်။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးအား ၁၉၇၃ ခုနှစ်က အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည့် နည်းတူ ယခု ၂၀၁၀ တွင် ကင်ဂျုံအန်းကို ဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ရန် ဖြစ်နိုင်ချေ ရှိကြောင်း မှန်းဆလျက် ရှိပြီး အဆိုပါ နေရာသည် အထွေထွေ အတွင်းရေးမှူး ပြီးလျှင် ဒုတိယ အကြီးဆုံး ရာထူးပင် ဖြစ်သည်။

နိုင်ငံတကာ နှင့် နျူကလီးယား စေ့စပ် ညှိနှိုင်းမှုများ၊ တောင်ကိုရီးယားနှင့် ထိပ်သီး ဆွေးနွေးပွဲများကိုမူ ကင်ဂျုံအီးက ဆက်လက် တာဝန်ယူ ဆွေးနွေးဖွယ် ရှိသည်ဟုလည်း ဂျွန်ဆန်းဂျင်က ပြောကြားပါသည်။

မရေရာသော အနေအထား

တတိယ မျိုးဆက်အဖြစ် အာဏာ ဆက်ခံဖွယ် ရှိသည့် ကင်ဂျုံအန်း၏ အနေအထားသည် ၎င်း၏ဖခင် အာဏာ ဆက်ခံစဉ်ကကဲ့သို့ သေချာမှု သိပ်မရှိဟု မှန်းဆနေကြကြောင်း မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက ဆိုပါသည်။

၎င်း၏ မိခင် ကိုယောင်ဟီးမှာ ဂျပန် ဇာတိ ကိုရီးယားလူမျိုး ဖြစ်၍ ကင်ဂျုံအီးနှင့် တရားဝင် လက်ထပ်ခဲ့ခြင်း မရှိဟု ဝါရှင်တန် Woodrow Wilson International Center မှ James Person ၏ ပြောကြားချက်အရ သိရှိရပါသည်။

ကိုယောင်ဟီးသည် မြောက်ကိုရီးယားတွင် တရားဝင် မိဖုရား အဆင့်အတန်း ရရှိခြင်း မရှိပါ။ သူမသည် ကင်ဂျုံအီး၏ တရားမဝင် ဇနီးမယားသာ ဖြစ်သည်ဟု Person က မှတ်ချက်ပေး ထားပါသည်။

          မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန် သတ်မှတ်ချက် တို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်သင့်ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း တိုးတက် ဖြစ်ထွန်းမှု အခြေအနေများကိုလည်း အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရပိုင် သတင်းစာများက ၎င်း၏ ပြောကြားချက် ကိုးကား ရေးသား ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

          "အဲဒီ သတင်း ပေးပို့ချက်ကို ကောက်နုတ် ပြောဆိုရလျှင် ဒါဟာ အားတက်စရာ တစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ ဘယ်နေ့ ဘယ်အချိန် ကျင်းပမယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်"  မစ္စတာ ဘန်ကီမွန်းက ပြောသည်။

          အာဖဂန် နစ္စတန် အရေးကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော မေးမြန်းချက်များကို မစ္စတာ ဘန်ကီမွန်းက ယင်းသို့ တုံ့ပြန် ဖြေကြားခြင်း ဖြစ်သည်။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အခြား မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ်တုန်းက ကျွန်တော့် အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပါ။ ရွေးကောက် တင်မြှောက်မှုနဲ့ ဆိုင်တဲ့ စနစ်တွေ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကို အရင်ဆုံး ထုတ်ပြန်ပြီး ကျင်းပမယ့် နေ့ရက် အတိအကျကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ကျွန်တော် သူတို့ကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

          လုံခြုံရေး ကောင်စီတွင် မိန့်ခွန်း ပြောသည့် အခမ်းအနားတွင် မစ္စတာ ဘန်ကီမွန်းအား မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်မည့် ကိစ္စကိုပါ မေးမြန်းခဲ့ကြသည်။ ယခင် အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီအား ရာထူးနေရာ အသစ်သို့ ပြောင်းလဲ ခန့်အပ်လိုက်ပြီ ဖြစ်သည်။

          မစ္စတာ ဂမ်ဘာရီ ယင်းသို့ ရာထူး ပြောင်းလဲ ရယူပြီးနောက် Inner City Press သတင်းဌာနက ၎င်း၏ နေရာတွင် အိန္ဒိယ သံတမန်ဟောင်း Vijai Nambiar ကို ခန့်အပ်လိမ့်မည်ဟု သတင်း ရေးသားခဲ့သည်။

          အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူးချုပ်က " မစ္စတာ ဂမ်ဘာရီ နေရာကို အစားထိုး ဝင်ရောက် လုပ်ကိုင်နိုင်တဲ့ သူကို ရှာဖွေနေပါတယ်။ သူ့ နေရာကို ဘယ်သူမှ အစားမထိုးဘဲ ဒီအတိုင်း မထားပါဘူး။ လတ်တလော အချိန်ကာလတွေ မှာတော့ အဲဒီ တာဝန်ကို မစ္စတာ ဂမ်ဘာရီရော တခြား စီနီယာ အရာရှိကြီးတွေပါ ရယူ လုပ်ကိုင်ပေးနေပါတယ်။ အဲဒီ ရာထူး လစ်လပ်နေတဲ့ ကိစ္စအတွက် ခင်ဗျားတို့ အနေနဲ့ စိတ်ပူစရာ မလိုပါဘူးခင်ဗျာ" ဟု ဆိုသည်။

Lalit Kjha ၏ Ban Notes No Election Date Set by Than Shwe ကို ဘာသာပြန်ဆိုသည်။

ဥပဒေဆိုတာ - သာဒင်
http://myanmar-mediawatchdog.blogspot.com/2010/01/blog-post_08.html
မှခွင့်မတောင်းဘဲ ကူးယူ ဖော်ပြသည်

ပြီးခဲ့တဲ့ အပတ်က The Voice Journal မှာ ဆောင်းပါးရှင် အောင်ထွဋ်က
မြန်မာနိုင်ငံမှာ check and balance မရှိလို့ ဥပဒေအရ ပေးအပ်ထားတဲ့
စီးပွားရေး အခွင့်အရေးတွေ မရနိုင် ဖြစ်နေပါတယ်။ အခြေခံ ဥပဒေသစ်အရ အဲဒီ
အရာတွေ ဖြစ်နိုင်ခြေ ရှိသွားပါပြီလို့ ရေးထားပါတယ်။ ဆောင်းပါးရှင် အနေနဲ့
ဖြစ်နိုင်ခြေကို သံသယရှိပုံရ လို့ theorictallyဖြစ်နိုင်ခြေ ရှိတယ်
လို့တော့ ရေးထားပါတယ်။

မြန်မာပြည်ရဲ့ ပြဿနာက အဲဒါပါပဲ။ ဥပဒေက ပေးထားပေးပြီး မရ ဆိုတာတွေဟာ
excessive executive power လို့ ခေါ်တဲ့ အုပ်ချုပ်ရေး အာဏာမှာ အလွန်အကျွံ
အာဏာတွေ ရောက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စဟာ အစိုးရ အဖွဲ့မှာသာ အရိုးစွဲနေတာ
မဟုတ်ဘဲ သူရဲ့ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးမှာ အရိုးစွဲနေတာ ဖြစ်တယ်။
အခြေခံ ဥပဒေသစ်နဲ့ သူ့ရဲ့ ရလဒ်တွေ အပေါ်မှာ ကျွန်တော်တို့ အယုံအကြည်
မရှိတာဟာ အဲဒီ အုပ်ချုပ်ရေး အာဏာရဲ့ အလွန်အကျွံ ဖြစ်နေတဲ့ အာဏာ ကြောင့်
ဖြစ်တယ်။

မြန်မာ ပြည်သူတွေဟာ သူတို့ကို ဥပဒေက ဘယ်လို ရနိုင်ခွင့်တွေ ပေးထားတယ်
ဆိုတာ မသိပါဘူး။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်
လီမိတက် လို့ ခေါ်တဲ့ တပ်ပိုင် ကုမ္ပဏီကြီးက မိုနိုပိုလီ လုပ်ပြီး
သွင်းစားနေတဲ့ စားအုန်းဆီ၊ မော်တော်ယာဉ် စတဲ့ သွင်းကုန်တွေကို မြန်မာ
ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းခွင့် မရှိဘူးလို့ ဘယ်ဥပဒေကမှ တားဆီးထားတာ
မဟုတ်ပါ။ ဒါပေမဲ့ ကုန်သွယ်ရေး ဦးစီးဌာနက သူ့သဘောနဲ့သူ ဘယ်သူ့ကိုမှ
လိုင်စင်မပေးဘူး။ ဦးပိုင် ဆိုတဲ့ ကုမ္ပဏီကြီးဟာ ကားဝယ်စီးတဲ့
ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို အလွန်အကျွံ ဈေးတင် ထားခြင်းဖြင့် အမြတ်
ထုတ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်နေ ကြောင်း ဗိုလ်ချုပ်တွေ မသိပါဘူး။ အခုဆိုရင်
ဗိုလ်ချုပ်ကြီးတွေရဲ့စိတ်ထဲမှာ၊ ပြည်သူတွေရဲ့စိတ်ထဲမှာ ကားပါမစ် ဆိုတာဟာ
အခွန် ဆောင်ထားတဲ့ နိုင်ငံခြားငွေ လက်ဝယ် ရှိသူတိုင်း တင်သွင်းနိုင်တဲ့
ပစ္စည်းအဖြစ် ဥပဒေက သတ်မှတ် ထားတာကို လုံးဝ
မေ့သွားကြပါပြီ။

ဥပဒေက ပေးအပ်တဲ့ ကိစ္စကို နည်းဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်းနဲ့
ပြန်ပြီး ပိတ်ထားမယ် ဆိုတာဟာ နည်းဥပဒေ က ဥပဒေအထက်မှာ သွားနေတဲ့ သဘော
ဖြစ်နေတယ်။ ဒီလိုသာဆိုရင် အခြေခံ ဥပဒေသစ်အရ လွှတ်တော်တွေက ဥပဒေ ပြုတဲ့
ကိစ္စဟာ သုံးစားလို့ မရတဲ့ ဥပဒေတွေပဲ ဖြစ်တော့မှာပေါ့။ လွှတ်တော်တွေက
ဥပဒေပြု ၊ အုပ်ချုပ်ရေး အာဏာက အဲဒါတွေကို ဘေးချိတ်ပြီး နည်းဥပဒေ၊
လုပ်ထုံး လုပ်နည်းတွေနဲ့ ပြန်ပိတ်ပြီး လုပ်စားနေကြတာကို ပြန်ဖြည်ဖို့
ဆိုတာ နောက်အာဏာရှင် တစ်ဦးကပဲ လုပ်နိုင်ပါလိမ့်မယ်။ လွှတ်တော် များက လုပ်
နိုင်မယ် မထင်ပါဘူး။

အာမခံ လုပ်ငန်း ဥပဒေကိုလည်း ကြည့်ပါဦး။ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေအတွက်
ဥပဒေ ထွက်ထားတာ ၂၀၀၆ ခုနှစ် လောက်ကတည်းက ထွက်ထားတာပါ။ ဒီနေ့အထိ
ဘယ်ပုဂ္ဂလိကကိုမှ အာမခံ လုပ်ငန်း လိုင်စင် ခွင့်မပြုဘူး။ ကုမ္ပဏီမှတ်ပုံ
တင်တဲ့ ကိစ္စလည်း ဒီအတိုင်းပဲ။ ဥပဒေအရ လူတိုင်း ကုမ္ပဏီထောင်ခွင့် ရှိတယ်။
အဲဒါကို ဦးစိုးသာတို့လို ၀န်ကြီးတစ်ပါးက နိုင်ငံရေး ကင်းရှင်းကြောင်း
ပြည်ထဲရေး ထောက်ခံချက် လိုတယ်လို့ လုပ်ထုံး လုပ်နည်း ထည့်လိုက်တယ်။ ဥပဒေက
နိုင်ငံရေး လုပ်တဲ့လူ စီးပွားရေး လုပ်ခွင့် မပိတ်သော်လည်းပဲ နည်းဥပဒေက
ပိတ်ထားတယ်။
အခြေခံ ဥပဒေသစ် အရ ပေါ်လာတဲ့ အစိုးရအဖွဲ့က စစ်အစိုးရရဲ့ အနွယ်တော်တွေ
ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ သမ္မတ ဦးရွှေမန်း၊ ဒုတိယသမ္မတ ဦးတင်အောင်
မြင့်ဦး လို့တောင် ပြောနေကြပြီ။ ဒီလိုဆိုရင် အဲဒီ အစိုးရဟာ လွှတ်တော်တွေက
ပြုလိုက်တဲ့ ဥပဒေတွေရဲ့ အထက်မှာ သွားနေ မှာ သေချာနေပါတယ်။ ဥပဒေက
ပေးကားပေး၏ မရ ဖြစ်ဦးမှာ သေချာနေတယ်။ အဲဒီလို နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်း တွေက ဥပဒေ အထက်မှာ နေတဲ့ သဘော သက်ရောက်တဲ့ သဘောတရားကို
ဗိုလ်ချုပ်တွေ သဘောပေါက်ဖို့ ဆိုတာက လည်း မလွယ်ပါဘူး။

နောက်တစ်ခု ကတော့ လွှတ်တော်များရဲ့ ဥပဒေပြုတဲ့ ကိစ္စပါ။ လွှတ်တော်တွေကို
နိုင်ငံတကာမှာလို တက်ကြွတဲ့ နေ့တိုင်း ရုံးတက် အလုပ်လုပ်တဲ့ လွှတ်တော်တွေ
ဖြစ်ဖို့ ဗိုလ်ချုပ်ကြီးများမှာ ရည်ရွယ်ချက် မရှိပါဘူး။ လွှတ်တော်ဆိုတာ
သူတို့ အတွက် ဦးရွှေမန်း သမ္မတ တင်မြှောက်ဖို့ လှေကားထစ်တစ်ခု အဖြစ်သာ
သုံးချင်တာပါ။ ဒါကြောင့် လွှတ်တော်တွေက ဥပဒေပြုဖို့ လုံလောက်တဲ့ တွေ့ဆုံမှု
ဖြစ်မှာ မဟုတ်ပါဘူး။ လွှတ်တော် တစ်ခုချင်းစီကို လွှတ်တော် ဥက္ကဋ္ဌတွေကပဲ
ခေါ်လို့ရတယ်။ ဒီတော့
လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ကို စစ်တပ်က ကိုင်ထားရင် လွှတ်တော်ခေါ်စရာ
မလိုတော့ဘူး။ သူတို့ စစ်တပ်က ရေးထားတဲ့ ဥပဒေရှိရင် အဲဒါ အတည်ပြုဖို့
ခေါ်မယ်။ ဒါပဲ။

လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း လက်မှတ်ထိုးရင် ပြည်ထောင်စု
လွှတ်တော် ခေါ်လို့ ရတာလေး တစ်ခုတော့ ပါပါရဲ့။ ဒီတော့ လက်မှတ် ၁၆၆ ခုကို
စုပြီး ရက်စွဲပေါင်း ၃၆၅ ခုနဲ့ လွှတ်တော်ခေါ်ဖို့ တစ်စုံတစ်ယောက်က ၀ီရိယ
မစိုက်ရင် လွှတ်တော်ဆိုတာ ဘေးထိုင်ဘုပြော မှတ်တမ်းသာ တင်တဲ့ အမျိုးသား
ညီလာခံ ဖြစ်တော့မှာပါ။ ကြံ့ခိုင်ရေး ဗိုလ်ချုပ်တစ်ဦးက
ဆရာဝန်ကြီး တစ်ယောက်ကို သူတို့ပါတီကနေ အရွေးခံဖို့ ဆွယ်တယ်။ ဆရာဝန်ကြီး က
မအားဘူး ပြောလိုက်တယ်။ ဒီတော့ ဘာပြန်ပြောလဲ ဆိုတော့ တစ်နှစ်တစ်ခါ
ခဏလောက်ပဲ အစည်းအဝေး တက်ရ တဲ့ကိစ္စ ဖြစ်လို့ ၀င်ပါ ပေးပါ လို့ ဆိုတယ်။
ကြည့်ပါဦးဗျာ။ သုံးစားလို့ မရတဲ့ လွှတ်တော်ဆိုတာ အခုကတည်းက
ပေါ်လွင်နေပါပြီ။

The Voice ဆောင်းပါးရှင် အောင်ထွဋ်ကို ပြောချင်ပါတယ်။ ခင်ဗျား
အကောင်းမြင် နေတာတွေဟာ ဗိုလ်ချုပ် ကြီးသန်းရွှေ မသေသရွေ့ ဘာမှ
မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

သာဒင်