Transparency Myanmar

transparency.myanmar@gmail.com

Xinhua news, 11th January 2010

          မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့သည် မြန်မာနိုင်ငံတွင်းရှိ မသန်စွမ်းသူများအတွက် ပြန်လည် ပျိုးထောင်ရေး စီမံကိန်းကို ပူးပေါင်း အကောင်အထည် ဖော်လျက် ရှိပြီး ဒုက္ခိတ မသန်စွမ်းသူများ ပြန်လည် နာလံထရန် ကြိုးစားနေချိန်တွင် အကူအညီ ပေးရန် ရည်ရွယ် မျှော်လင့်ထားသည်ဟု ဝန်ကြီးဌာန သတင်း ရပ်ကွက်မှ တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

          အထက်ပါ ၅ နှစ် စီမံကိန်းကို (၂၀၀၉-၂၀၁၃) ရန်ကုန်ရှိ အမျိုးသား မသန်စွမ်းသူများ ပြန်လည် ကျန်းမာရေး ဆေးရုံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ပညာ သင်ကြားရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးနှင့် ဆေးရုံရှိ ဆေးပစ္စည်း ကိရိယာများ အဆင့်မြှင့်ရေးတို့ ပါဝင်သည်ဟု ဆိုပါသည်။ ထို့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းများ အတွင်း သတင်း အချက်အလက် ကွန်ယက် တစ်ခုကို စတင် တည်ထောင်မည် ဟုလည်း သိရပါသည်။

          နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း၏ အောက်တွင် JICA က မြန်မာနိုင်ငံသို့ နည်းပညာဆိုင်ရာ ဗဟုသုတများ ထောက်ပံ့ပေးသွားမည် ဖြစ်သလို မြန်မာအစိုးရ ဝန်ထမ်းကိုလည်း ဂျပန်တွင် လေ့ကျင့် သင်ကြားပေးမည် ဖြစ်သည်။ ယခင်နှစ်က မြန်မာ မသန်စွမ်းသူများ အဖွဲ့အစည်း MDPA သည် နိုင်ငံတွင်းရှိ မသန်စွမ်းသူ များအတွက် နှစ်ရှည် ပြန်လည်ပျိုးထောင်ရေး စီမံကိန်း ၂ ခုကို ရေးဆွဲခဲ့ပြီး ၎င်းတို့အတွက် သက်မွေး ဝမ်းကျောင်း အခွင့်အလမ်းများ ရှာဖွေပေးခြင်းဖြင့် အားပေး ဆောင်ရွက်သွားရန် ဖြစ်သည်။

          အဆိုပါ စီမံကိန်း ၂ ခုအနက် ၃ နှစ် စီမံကိန်းကို ရန်ကုန် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ မြို့နယ် ၅ ခုတွင် အီးယူ အဖွဲ့နှင့် နိုင်ငံတကာ အနာကြီး ရောဂါမစ်ရှင် အဖွဲ့တို့က စတင် အကောင်အထည် ဖော်လျက် ရှိပါသည်။

          နောက်ထပ် ၅ နှစ် စီမံကိန်း တစ်ခုကို မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ ပခုက္ကူနှင့် ကျိုင်းတုံဒေသ များတွင် နိုင်ငံတကာ အနာကြီးရောဂါ မစ်ရှင် TLMI က အကောင်အထည် ဖော်မည် ဖြစ်၍ပညာပေး ဆွေးနွေးခြင်း၊ ပညာ သင်ကြားခြင်း၊ သက်မွေးဝမ်းကျောင်း ပညာလေ့ကျင့်ပေးခြင်း အစီအစဉ်များကို ကျယ်ပြန့်စွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

          မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ သန်းတွင် မသန်စွမ်းသူ ဒုက္ခိတ အရေအတွက် ၁.၃ သန်းခန့် ရှိနေ သည်ဟုလည်း သိရပါသည်။

          ၎င်းတို့အနက် ခြေလက် မသန်စွမ်းသူများမှာ အများဆုံး ဖြစ်၍ ၇၂.၃ %၊ မျက်စိမမြင်သူ ၁၀.၉ %၊ နားမကြားသူ ၉.၅ % နှင့် စိတ်ရောဂါ ဝေဒနာရှင် ၉ % တို့ အသီးသီး ပါဝင်သည်ဟု စာရင်းဇယားများအရ သိရှိရသည်။

BBC News, 11th January 2010

မြောက်ကိုရီးယားသည် အမေရိကန်တို့နှင့် ငြိမ်းချမ်းရေး စာချုပ်အတွက်သာမက အရေးယူ ပိတ်ဆို့မှုများ ရပ်ဆိုင်းသွားရေး အတွက် အလဲအလှယ်အနေနှင့် ၎င်း၏ နျူကလီးယား အစီအစဉ်  ဆွေးနွေးမှုများသို့ ပြန်လာမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားလိုက်ပါသည်။

၁၉၅၀ - ၅၃ ကိုးရီးယား စစ်ပွဲသည် အပစ်အခတ် ရပ်စဲပြီး ပြီးဆုံးသွားခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မရှိခဲ့ပါ။

မြောက်ကိုရီးယား၏ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းမှာ အမေရိကန် ကိုယ်စားလှယ်က ပြုံးယမ်းအနေဖြင့်  အမေရိကန်နှင့် ပိုမို ကောင်းမွန်သော ဆက်ဆံရေးကို အလိုရှိပါက၊ ၎င်းတို့၏ စံချိန်တင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုးတက်မှု ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

မြောက်ကိုရီးယား လူ့အခွင့်အရေးအတွက် အမေရိကန် အထူး ကိုယ်စားလှယ် Rober King သည် ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေပါသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန၏ ကြေညာချက်ကို နိုင်ငံပိုင်သတင်းဌာနမှ ဖော်ပြရာတွင် ပြုံးယမ်းနှင့် အမေရိကန်ကြား ရန်ဖက် ဆက်ဆံရေး၏ အကြောင်းရင်း ဖြစ်သော စစ်ပွဲ ဖြစ်နိုင်ချေကို ရပ်ဆိုင်းသွားရေးအတွက် ငြိမ်းချမ်းရေး စာချုပ် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား အစီအစဉ်အတွက် ပြုလုပ်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာနိုင်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့ပါသည်။ ယခု ထုတ်ပြန်ခဲ့မှုသည် ပြီးခဲ့သည့် ဒီဇင်ဘာက အမေရိကန် ကိုယ်စားလှယ် Stephen Bosworth ပြုံယမ်းသို့ လာရောက်ပြီးကတည်းက ပထမဆုံး တောင်းဆိုမှု အခြေအနေများ ဖြစ်လိမ့်မည် ဖြစ်ပါသည်။

Mr. Bosworth သည် အမေရိကန် သမ္မတ Barack Obama ၏ မြောက်ကိုရီးယားကို ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် တောင်းဆိုထားသော စာကို ယူဆောင်သွားခဲ့ပါသည်။

နိုင်ငံခြားရေးဌာန ကြေညာချက်တွင် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်သော ဆွေးနွေးမှုကို ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ အစိတ်အပိုင်းအဖြစ် သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု ဖော်ပြထားပါသည်။

အဆိုပါ ကြေညာချက်သည် အမေရိကန် ကိုယ်စားလှယ် King က မြောက်ကိုရီးယား၏ လူ့အခွင့်အရေး အခြေအနေသည် ဆိုးရွားသော အခြေအနေတွင် ရှိကြောင်း ဖော်ပြခဲ့သောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

လူ့အခွင့်အရေး မရှိသော အဆိုးရွားဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ King က ၎င်း၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ လာရောက်သော ပထမနေ့တွင် ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ အခန်းအနားတွေမှာ ပြောခဲ့သလို အမေရိကန်နှင့် မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စ ပါဝင်ရပါမယ်" ဟု Mr. King က တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung – Hwan နှင့် တွေ့ဆုံအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

"အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ကြားမှာ ဆက်ဆံရေး တိုးတက်လာဖို့ဆိုရင် မြောက်ကိုရီးယား အနေနဲ့ လူ့အခွင့်အရေးကို များစွာ အလေးထားဖို့ လိုပါလိမ့်မယ်၊ ဒီအချက်ဟာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်" ဟု Mr. King က ပြောခဲ့ပါသည်။

မြောက်ကိုရီးယားသည် ၎င်း၏ တာဝေးပစ် ဒုံးပျံများ စမ်းသပ်ခဲ့မှုအပေါ် ကျယ်ပြန့်စွာ ကန့်ကွက်မှုကြောင့် ပြီးခဲ့သည့် ဧပြီလက ခြောက်နိုင်ငံ အစည်းအဝေးမှ ထွက်ခွာသွားခဲ့ပါသည်။

မေလတွင် နျူကလီးယား စမ်းသပ်မှုများ ဆက်လက် ပြုလုပ်ခဲ့ရာ နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာခဲ့ပြီး ကုလသမဂ္ဂ အရေးယူမှုကို ရေးဆွဲခဲ့ပါသည်။

သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန် သမ္မတ Barack Obama ၏ အထူး ကိုယ်စားလှယ် Stephen Bosworth ပြုံးယမ်းသို့ သွားရောက် အပြီးတွင် မြောက်ကိုရီးယားတို့ အနေဖြင့် အမေရိကန်နှင့် အမြင်မတူမှုများကို ပိုမို ကျဉ်းမြောင်းသွားစေရန် အလုပ်လုပ်လိုကြောင်း ပြောကြားခဲ့ပါသည်။

Yahoo News, 12th January 2010

တရုတ်နိုင်ငံသည် ဒုံးကျည်ကို လမ်းခုလတ်၌ ကြားဖြတ် ပစ်ချခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဟု နိုင်ငံပိုင် မီဒီယာများက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။ အမေရိကန်က ထိုင်ဝမ်ကို လက်နက် ရောင်းချမှုကြောင့် တင်းမာမှုများ ရှိနေချိန်တွင် အဆင့်မြင့် လေကြောင်း ကာကွယ်ရေး စွမ်းရည်များကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံသည် မြေပြင် အခြေစိုက် တာလတ်ပစ် ဒုံးပျံကို ကြားဖြတ် ပစ်ချနိုင်သည့် နည်းပညာကို စမ်းသပ်ခဲ့ရာ၊ ရည်မှန်းချက် အောင်မြင်ခဲ့ကြောင်း တနင်္လာနေ့က စမ်းသပ်မှုနှင့် ပတ်သက်၍ Xinhua သတင်းဌာနက ပြောကြားခဲ့ပါသည်။

စမ်းသပ်မှုမှာ သဘာဝအရ ကာကွယ်နိုင်ရန်သာ ဖြစ်ပြီး အခြားနိုင်ငံများကို ချိန်ရွယ် ပစ်ခတ်နိုင်ခြင်း မရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းမှာ အမေရိကန် အာဏာပိုင်တစ်ဦးက တိုင်ပေတွင် ပြောကြားခဲ့ပြီး အမေရိကန် ကွန်ဂရက်က လွန်ခဲ့သော တစ်နှစ်ကျော်က အတည်ပြုခဲ့သည့် တိုင်ဝမ်အား Patriot ဒုံးကျည်များ ပင်တဂွန်မှ ရောင်းချမည် ဟူသော ပြောကြားချက် အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်သည် တိုင်ဝမ်ကို ၎င်း၏ နယ်မြေ တစ်ခုအဖြစ် ယူဆထားပြီး ကျွန်းကို ပြန်လည် ရယူရန် ဆန္ဒရှိသည်။ လိုအပ်ပါက အင်အားသုံး ပြန်လည် ရယူလိမ့်မည် ဖြစ်ရာ၊ အဆိုပါ ဒုံးကျည် ရောင်းချမှုနှင့် ပတ်သက်၍ အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး၊ ဝါရှင်တန်အား ရောင်းချမှု ပယ်ဖျက်ရန် တိုက်တွန်းခဲ့ပါသည်။

ယခု ရက်သတ္တပတ် အကုန်က တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနသည် ဝါရှင်တန် အနေဖြင့် ဒုံးကျည် ရောင်းချမှုအား ဆက်လက် ပြုလုပ်မည် ဆိုပါက တရုတ်-အမေရိကန် စစ်ရေးအရ ဆက်ဆံမှု ကဏ္ဍတွင် ကြီးမားသော အတားအဆီး ဖြစ်လိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်ကတည်းက သံတမန်ရေးရာ အသိအမှတ် ပြုမှုကို တိုင်ပေမှ တရုတ်နိုင်ငံကို ပြောင်း၍ အသိအမှတ် ပြုခဲ့သော်လည်း အမေရိကန်သည် တိုင်ဝမ်၏ အကြီးဆုံး လက်နက် ရောင်းချသူ ဖြစ်ပါသည်။

တရုတ် အစိုးရသည် ပြီးခဲ့သည့် နှစ်များအတွင်း စစ်ရေးကဏ္ဍတွင် ခေတ်မှီစေရေးအတွက် ငွေများစွာ ပုံအောခဲ့ပါသည်။

တရုတ် စစ်ရေး အသုံးစရိတ်သည် ၂၀၀၉ ခုနှစ်တွင် (၁၅.၃%) တိုးတက်ခဲ့ပြီး (၆၉) ဘီလီယံ ဒေါ်လာ ရှိကြောင်း ပါလီမန်သို့ တင်ပြသော ဘတ်ဂျက် အစီရင်ခံစာအရ သိရှိရပါသည်။

တရုတ်၏ စစ်ရေး ရည်မှန်းချက်များကို နိုင်ငံခြား တိုင်းပြည်များက စိုးရိမ်ခဲ့ကြသော်လည်း တရုတ်ကမူ ၎င်းတို့ တပ်မတော်သည် မိမိကိုယ် မိမိ ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ယခု စမ်းသပ်မှုသည် တရုတ်နိုင်ငံအား ဒုံးကျည်ကို ကြားဖြတ် ပစ်ချရေး နည်းပညာနှင့် ပတ်သက်၍ ကဏ္ဍသစ် တစ်ရပ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်ဟု တရုတ် ကာကွယ်ရေး ဗျူဟာ ကျွမ်းကျင်သူ Yong Chengjun က ပြောကြားခဲ့သည်ဟု The Global Times က ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံ အနေဖြင့် လုံခြုံရေးအရ ခြိမ်းခြောက်လာမှုများ တိုးပွားလာမှုကြောင့် ကာကွယ်ရေး စွမ်းရည်များ တိုးတက်စေရန် လိုအပ်ကြောင်း Yang က ပြောကြားခဲ့သည်ဟု ဆိုပါသည်။

 

Mizzima News,11 Jan 2010

        မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ ဆင်းရဲကျပ်တည်း နေခြင်းကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ကမ္ဘာတလွှား အဓိက ဆန်တင်ပို့သူ ဖြစ်လာရေးသည် မြန်မာ့ဆန်စပါး စီးပွားရေး ကဏ္ဍအတွက် အရေးကြီးဆုံး အချက်ဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေး ပညာရှင်များက ပြောဆိုပါသည်။

        ယခင်လက နေပြည်တော်တွင် ကျင်းပခဲ့သော စီးပွားရေး နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်နှင့် မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို စနေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့ရာ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု စတစ်ဂလစ်က အခိုင်အမာ ပြောကြားခဲ့ကြောင်း ဒေါက်တာဦးမြင့်က ပြောဆိုပါသည်။

        ဆန်စပါးသည် လယ်ယာထွက် ကုန်စီးပွားရေး လုပ်ငန်း၏ အဓိက ကဏ္ဍတစ်ခု ဖြစ်၍ တောင်သူလယ်သမား အများစု၏ သက်မွေး ဝမ်းကျောင်း လုပ်ငန်းလည်း ဖြစ် သည်ဟု ထင်ရှားသော စီးပွားရေးပညာရှင်ဒေါက်တာဦးမြင့်က ပြောကြားပါသည်။

        စုစုပေါင်း နယ်မြေဧရိယာ ၆၇၆,၅၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် ၁၉၃၀ ခုနှစ်များက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ဘူးပါသည်။ သို့သော်လည်း ၁၉၄၀ ခုနှစ်များတွင် ဆန်စပါးတင်ပို့မှု သုံးပုံနှစ်ပုံ ကျဆင်း သွားခဲ့ပြီးချိန်မှစ၍ ကမ္ဘာ့ဆန်စပါး ကုန်သွယ်ရေး လောက၏ အဓိကနေရာကို ပြန်လည် တက်လှမ်းနိုင်ခြင်း လုံးဝမရှိတော့ပါ။ လက်ရှိ ကမ္ဘာ့တင်ပို့မှု လုပ်ငန်းကို ထိုင်းနှင့် ဗီယက်နမ်က ဦးဆောင်နေပါသည်။

        ၁၉၃၈-၃၉ ဘဏ္ဍာရေးနှစ်က မြန်မာ့ ပို့ကုန်ဝင်ငွေ တန်ဖိုးတွင် ဆန်စပါးတင်ပို့မှုမှ ၄၇% ရရှိခဲ့ဘူးသော်လည်း ပြီးခဲ့သော ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါး၏ ပို့ကုန် ဝင်ငွေ အချိုးသည် ၂% ပင် မပြည့်သည်ကို တွေ့ရပါသည်။ ကမ္ဘာ့ဆန်တင်ပို့မှု ဝင်ငွေ ပမာဏတွင် ၁.၂%မျှသာ ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရည်အသွေးနိမ့်ဆန်ကို တင်ပို့ရန် ကြိုးစားနေခြင်းကြောင့် ပြိုင်ဘက် နိုင်ငံများနှင့် ယှဉ်လျှင် ပို့ကုန်တန်ဖိုး ကျဆင်းလျော့နည်းနေရခြင်း ဖြစ်သည်။

        ထို့အပြင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့၏ ကောက်ပဲသီးနှံနှစ်စဉ်ထုတ် လုပ်မှုကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုမှာ တရားဝင် စာရင်းဇယားများအရ မက်တရစ်တန် ၃၅ သန်း နီးပါးရှိနေပြီး မြန်မာနိုင်ငံထက် ၈ ဆမှ ၁၀ ဆအတွင်း ပိုမို ထုတ်လုပ် တင်ပို့နိုင်သည်ကို တွေ့ရှိရပါသည်။

        ယခုကဲ့သို့ အိမ်နီးခြင်း ၂ နိုင်ငံ ကွာခြားနေခြင်းမှာ ပျှမ်းမျှ အိမ်ထောင်စု စီးပွားရေး အခြေအနေ ကွာခြားနေသော အချက်ကလည်း တစိတ်တပိုင်း ပါဝင်သည်ဟု အနည်းဆုံး တွေးဆကြည့်နိုင်ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန၏ ဗဟို စာရင်းဇယားအဖွဲ့မှ ထုတ်ပြန်ချက်များအရ ပျှမ်းမျှ မြန်မာအိမ်ထောင်စု တစ်ခုသည် စုစု ပေါင်း အသုံးစရိတ်၏ ၇၂% ကို စားစရိတ်အတွက် သုံးစွဲနေရပြီး ထိုင်းနိုင်ငံတွင်မူ ၃၂% သာရှိသည်ဟု ဆိုပါသည်။

အခြား ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကိုကြည့်လျှင်လည်း စားစရိတ်သုံးစွဲမှုမှာ မြန်မာနိုင်ငံထက် လျော့နည်းသည်ကို တွေ့ရမည်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ် တွင် ၅၂%၊ ကမ္ဘောဒီယားတွင် ၅၇%နှင့် လာအိုတွင် ၆၁%သာ ရှိပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်စားစရိတ်သုံးစွဲမှုမှာ အိမ်ထောင်စု အသုံးစရိတ်၏ ပျှမ်းမျှ ၁၄%ခန့်သာရှိပါသည်။

        ကမ္ဘာ့ဆန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် ဆန်စပါးစီးပွားရေးလုပ်ငန်းကို ပြန်လည်စုစည်းခြင်းသည် ဆန်အရည်အသွေးနှင့် အရေအတွက် ၂ ခုလုံးတိုးတက်လာ စေရန် တွန်းအား ပေးနိုင်မည်ဖြစ်၍ နိုင်ငံလူဦးရေ ၅၈ သန်း၏ ၆၅% ရှိသော ကျေးလက် လူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေကိုပါ တိုးပွား စေလိမ့်မည်ဟု ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် စိုက်ပျိုး ဧက ၃၁ သန်းခန့် ရှိသည့်အနက် စိုက်ဧက ၁၆ သန်းမှာ ဆန်စပါးကိုသာ တစိုက်မတ်မတ် စိုက်ပျိုးခဲ့ကြသည်ဟု ဆိုပါသည်။

        စီးပွားရေးပညာရှင် စတစ်ဂလစ်က မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ကမ္ဘာ့ဆန် အဓိက တင်ပို့သူအဖြစ် မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အလေး ပေး ပြောကြားခဲ့ပြီးနောက် ထိုသုံးသပ်ချက်သည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စ အဖြစ် သဘောထား ကိုက်ညီမှုရှိခဲ့သည်။ မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များ၏ အားပေး ထောက်ခံမှုကို ရရှိခဲ့ပါသည်။

        မြန်မာနိုင်ငံ၏ ဆန်စပါးမူဝါဒ ပျော့ပြောင်းလာမှုနှင့် ကမ္ဘာ့ဆန် ဈေးကွက်သို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှုသည် ဒေသတွင်း ဆန်တင်ပို့သော နိုင်ငံများအကြား ပြိုင်ဆိုင်မှု ပိုမိုမြင့်တက် လာစေလိမ့်မည်ဟု ဒေါက်ဦးမြင့်က သုံးသပ် ပြောကြား ခဲ့ပါသည်။

        သို့ရာတွင် ဆန်ဈေးကွက်မူဝါဒ တင်းကြပ်မှုကို လျော့ပေးခြင်းဖြင့် ဆန်လုပ်ငန်း နယ်ပယ်တွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်၍ ယခုအခွင့်ထူး ခံစားနေသူများ အခက်ကြုံဖွယ်ရှိပြီး အတွေ့အကြုံရှိသော ဆန်လုပ်ငန်းရှင်များ ရှင်သန်နိုင်ဖွယ်ရှိသည် ဟုလည်း ၎င်းကပြောပါသည်။

        လက်ရှိ မြန်မာနိုင်ငံသည် တနှစ်လျှင် ဆန်တန်ချိန် ၁၈ သန်းခန့် ထုတ်လုပ်နေပြီး ၎င်းအနက်မှ ငါးပုံတစ်ပုံကို ပြည်ပသို့ တင်ပို့နေသည်ဟု ပြည်တွင်း ဆန် ပို့ကုန်လုပ်ငန်းရှင် တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

        ဆန်စပါး စိုက်ပျိုးမှု ကဏ္ဍအတွင်းမှ အထွက်တိုး ထုတ်လုပ်မှု၊ ထွက်ငွေ၊ ဝင်ငွေနှင့် အလုပ်အကိုင်များသည် ကျေးလက်ဆင်းရဲမှု လျော့ပါးစေရန် အထောက်အကူ ပြုမည်ဖြစ် သလို စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း ကြီးမားစွာ အထောက်အပံ့ ပြုလိမ့်မည်ဟု ဦးမြင့်က ပြောကြားခဲ့ပြီး ရရှိသော ဝင်ငွေ၊ အခွန်များ အားလုံး တပ်မတော်အစိုးရထံ ရောက်ရှိသွားသည့် ရေနံနှင့် ဓာတ်ငွေ့ စီးပွားရေးကဏ္ဍနှင့် ဆန်စပါး စီးပွားရေးကဏ္ဍသည် သဘော သဘာဝခြင်း မတူဟုလည်း ၎င်းက မှတ်ချက်ပေးပါသည်။

        ထို့အပြင် ပွင့်လင်းမြင်သာမှု အားနည်းစေပြီး လဘ်ပေးလဘ်ယူမှုများ တိုးပွားစေသည့် မလိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက် သွားရေးကိုလည်း ၎င်းက တိုက်တွန်းခဲ့ပါသည်။ ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုများကြောင့် စရိတ်ပိုမို ကုန်ကျခြင်းသည် လယ်သမားများ ရသင့်သော ဝင်ငွေကို လျော့နည်း သွားစေပြီး ကျေးလက်ပြည်သူများကို ဆင်းရဲတွင်း သံသရာအတွင်းမှ မရုန်း ထွက်နိုင်အောင် ဆွဲနှစ်ထားသလို ဖြစ်နေသည်ဟုလည်း ဝေဖန်ခဲ့ပါသည်။

        တစ်ချိန်ထဲတွင် စတစ်ဂလစ်၏ ခရီးစဉ်သည် မည်သည့်အသီးအပွင့် မှ မရရှိဘဲ တိုင်းပြည်အတွက် အကြံဥာဏ်သစ်များလည်း ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဝေဖန်နေမှုများကို လည်း ၎င်းက ပြန်လည်ထိုးနှက်လိုက်ပါသည်။

        စတစ်ဂလစ်၏ ခရီးစဉ်နှင့် ဆွေးနွေးပွဲသည် အချို့သောသူများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံ ရသော်လည်း မိမိကိုမူ စိတ်အနှောက်အယှက်ဖြစ်စေ ခြင်းမရှိဟု ၎င်းက ဆိုပါသည်။ ဤကိစ္စကို ယခင်က မည်သူ ပြောဆိုခွင့် ရခဲ့သည် ဆိုသည်ကို အသာထား၍ တိုင်းပြည်အတွက် အကျိုးရှိ၊ အသုံးဝင်သော အကြံဥာဏ်ကို ထပ်မံ ပြောကြားခြင်းသည် စိတ်အနှောက်အယှက် မဖြစ်သင့်သလို သံသယလည်း မထားသင့် ဟု မိမိယုံကြည်ကြောင်း ဦးမြင့်က ဝေဖန်သူများကို စောဒက တက်လိုက် ပါသည်။ မိမိတို့ သဘောမတူသော သဘောထားအမြင်များ၊ အကြံဥာဏ်များ၊ လုပ်ဆောင်ချက်များကို အကြံပေးနေသူများ အသွင်မတူသူများနှင့် ကျေနပ် သင့်မြတ်စွာ ဆက်ဆံ ဆောင်ရွက်မှု ပြုလုပ်ရန် မိမိတို့တွင် အရည်အချင်းမရှိသေးခြင်း၊ အဖြေမထွက်သေးသော ပြဿနာများ စသည်တို့ အပါအဝင် မြန်မာ လူ့အဖွဲ့အစည်း အတွင်းမှ ချို့ယွင်း အားနည်းချက်များကို ကြိုးစား ဖြေရှင်း ဆောင်ရွက် သွားကြရန်သာ ရှိသည်ဟုလည်း ၎င်းကပြောဆို ခဲ့ပါသည်။

        လက်ရှိ စစ်ဖက် ခေါင်းဆောင်များ၏ အငြင်းပွားဖွယ် ရပ်တည်နေမှုနှင့် ပတ်သက်၍ ဦးမြင့်က မှတ်ချက်ပေးရာတွင် တပ်မတော်အတွင်း၌ သဘောထား တင်းမာသူများနှင့် သဘောထား ပျော့ပြောင်းသူများ ဟူ၍ အုပ်စု ၂ စုရှိကြောင်း၊ တပ်မတော် ခေါင်းဆောင်များ စိတ်နေသဘောထား ပြောင်းလဲလာအောင် လုပ်ဆောင်ရေးမှာ လွယ်ကူသော အလုပ် မဟုတ်ဟု ပြောကြားပါသည်။

        သို့ရာတွင် တိုင်းပြည်ကောင်းစားရေး အပေါ်တွင် အာရုံစူးစိုက်ရန် မိမိတို့၏ စိုးရိမ် ပူပန်မှုများကို မျှဝေခံစားပေးမည့် သူအချို့ တာဝန်ရှိနေရာများ ရယူထားခြင်း အပါအဝင် အစပျိုးမှုများစွာ ရှိနေသည့် အချက်ကိုမူ မိမိအခိုင်အမာ ပြောကြားနိုင်ကြောင်း ဦးမြင့်က အသေးစိတ် ရှင်းလင်းခဲ့ပါသည်။

 

အယ်လ် ကေးဒါး အကြမ်းဖက် ကွန်ယက်များ ရှိနေခြင်းကြောင့် ယင်းတို့၏ ခြိမ်းခြောက်မှုကို ခံနေရသော ယီမင်နှင့် ဆိုမာလီယာ အစိုးရထံသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ် အကူအညီ ပေးရေး အစီအစဉ်များ ပြုလုပ်ရန် လတ်တလော အနေအထားတွင် မရှိသေးပါကြောင်း အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားက အတည်ပြု ပြောကြားသည်။

"ယီမင်မှာ အယ်လ်ကေးဒါး တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဒီနှစ်အတွင်း ပိုမို ဆိုးရွားလာတဲ့ ပြဿနာ တစ်ခု ဖြစ်နေတယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒီလိုပဲ ဆိုမာလီယာ နိုင်ငံမှာလည်း အယ်လ်ကေးဒါး အကြမ်းဖက်မှုတွေ ကြီးထွားနေပြီး အစိုးရက အပြည့်အဝ မနှိမ်နင်းနိုင်လို့ သူတို့ လွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ်တောင် ရှိနေပါတယ်" ဟု People မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းရာတွင် အိုဘားမားက ထည့်သွင်း ပြောကြားသည်။

People မဂ္ဂဇင်း မဖြန့်ချိမီ တစ်ပတ် အလိုတွင် အိုဘားမားက "စင်စစ် ကျွန်တော်တို့ရဲ့ မိတ်ဆွေ ရောင်းရင်းတွေ ဖြစ်တဲ့ အဲဒီ နိုင်ငံတွေဆီကို အမေရိကန်တပ်ဖွဲ့တွေ လွှတ်ဖို့ တကယ်ကို ရည်ရွယ်ချက် မရှိပါဘူး" ဟု ပြောကြားသည်။

"နိုင်ငံတချို့မှာ အမေရိကန်တပ်ဖွဲ့တွေ ရှိနေတာနဲ့ ပတ်သက်လို့ ဆန့်ကျင်မှုတွေ၊ မကျေမနပ် ရိုင်းပြမှုတွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဝါရှင်တန် အနေနဲ့ ကမ္ဘာကြီးအတွက် ဘယ်လို စီမံကိန်းမျိုး ရေးဆွဲရမယ် ဆိုတာ စဉ်းစားရပါမယ်။

အဲဒါကို မွတ်စလင် လူထုအကြား သဘော ပေါက်နိုင်အောင် လုပ်ပြရပါမယ်။ မွတ်စလင် အများစုက အယ်လ်ကေးဒါး တို့ရဲ့ လုပ်ရပ်ကို မနှစ်မြို့ကြပါဘူး၊ ပစ်ပယ်ကြပါတယ်။ လက်တစ်ဆုပ်စာ လူနည်းစု လောက်ကသာ ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲဖို့ စိတ်ဝင်စားပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်" ဟုလည်း အိုဘားမားက ပြောကြားသည်။

လူအများစု၏ မေတ္တာကို ရယူနိုင်ပြီး အကြမ်းဖက် အစွန်းရောက် လူနည်းစုတွေကို အထီးကျန် ဖြစ်အောင် ဖယ်ထုတ်ခြင်းဖြင့် ကြီးမားသော အောင်မြင်မှု တစ်ရပ် ရရှိနိုင်မည်ဟုလည်း အိုဘားမားက ဆိုသည်။

ယီမင် အစိုးရ အနေဖြင့် အစ္စလာမ္မစ် အစွန်းရောက်များ၏ အကြမ်းဖက်မှုများကို သဘောထား ကြီးစွာ သည်းခံ နိုင်ခဲ့သော်လည်း နိုင်ဂျီးရီးယား လူမျိုးတစ်ယောက်က ဒက်ထရွိုက်မြို့ အနီး လေယာဉ် တစ်စင်းကို ဖောက်ခွဲရန် ကြိုးပမ်း ကြံစည်မှု ပေါ်ပေါက်ခဲ့ပြီးနောက် လုံခြုံရေး စီမံချက်သစ်များ ချမှတ်ခဲ့ရတော့သည်။ အဆိုပါ ဖောက်ခွဲရေးသမားသည် ယီမင်ရှိ အယ်လ်ကေးဒါးများနှင့် ပူးပေါင်းပြီး နောက်ပိုင်း ယင်းအကြံအစည်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်ကြောင့် ဇန်နဝါရီ လဆန်းပိုင်းက အမေရိကန် စစ်ဘက်ဆိုင်ရာ ဂွမ်တာနာမို အကျဉ်းစခန်းမှ ယီမင် အကျဉ်းသား ၁၀၀ နီးပါးကို ယီမင်သို့ ပြန်လွှတ်မည့် အစီအစဉ်အား သမ္မတ အိုဘားမားက ရပ်ဆိုင်းပစ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော် အခုပြောချင်တာက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား နယ်စပ်ဒေသဟာ အယ်လ်ကေးဒါးတွေ ဦးစီး ဦးဆောင်လုပ်ပြီး သူတို့ရဲ့ အစွန်းရောက် မဟာမိတ်တွေ လှုပ်ရှားနေတဲ့ အချက်အချာ နေရာ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ" ဟု အိုဘားမားက ပြောကြားပါသည်။

Washington Post မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့(ILO) အနေဖြင့် မြန်မာနိုင်ငံတွင်းမှ အရေးကိစ္စကြီးများ ဖြစ်သည့် ကလေး စစ်သားကိစ္စ၊ အဓမ္မလုပ်သား ကိစ္စ စသည်တို့ကို ချဉ်းကပ် ဖြေရှင်းပုံ နည်းလမ်း ပြောင်းလဲရန် ကြိုးစားလျက် ရှိကြောင်း ရှေ့ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ILO မှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

မြန်မာ စစ်တပ်သည် ကမ္ဘာပေါ်တွင် ကလေးစစ်သား အများဆုံး စုဆောင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များ၌ တစ်ခု အပါအဝင် ဖြစ်ပြီး မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများ အောက်တွင် တရားမဝင်သည့် လုပ်ရပ်များ ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၏ စွပ်စွဲ ပြောဆိုခြင်း ခံထားရသည်။

ရန်ကုန်မြို့ အခြေစိုက် ILO အဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ Steve Marshall ၏ အဆိုအရ ကလေးစစ်သားများ အသုံးပြုသည့် ကိစ္စအတွက် မြန်မာစစ်အစိုးရနှင့် နောက်ဆက်တွဲ နားလည်မှု ရယူထားသော်လည်း ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် ကလေးစစ်သား စုဆောင်းသည့် ကိစ္စနှင့် ပတ်သက်သော တိုင်ကြားမှုများကို ဆက်လက် လက်ခံ ရရှိနေကြောင်း သိရသည်။

ILO အဖွဲ့ကြီးသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သော တိုင်ကြားမှုပေါင်း ၈၃ခု လက်ခံ ရရှိခဲ့ကြောင်း၊ ထိုနှစ်တွင်ပင် မြန်မာစစ်တပ်က ကလေးစစ်သား ၄၆ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း Steve Marshall က ပြောကြားသည်။

ILO သည် ယင်းသို့သော တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ရရှိခဲ့ပြီး ယနေ့ အချိန် အထိ ဆိုလျှင် တိုင်တန်းမှုပေါင်း ၁၂၀ ကျော် ရှိသွားပြီ ဖြစ်သည်။

ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး  အဆိုပါ ခရီးစဉ်အတွင်း ကလေးစစ်သားကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ နားလည်မှု သက်တမ်း တစ်နှစ် ထပ်တိုးမည့် စာချုပ် ချုပ်ဆိုရန် စီစဉ်ထားကြောင်း ၎င်းက ဆိုပါသည်။

ထို့ပြင် ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အသက် မပြည့်သေးသူများ စည်းရုံး စုဆောင်းမှုမှ ကာကွယ်ရေး ကော်မတီ နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ILO အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တွဲဖက်၍ အလုပ် လုပ်ကိုင်ရာတွင် လက်ရှိ အသုံးပြုနေသော ပြဿနာ ဖြစ်လာမှ တုံ့ပြန် ဆောင်ရွက်မှု ပြုသည့် နည်းလမ်းထက် ကြိုတင် ပြင်ဆင် ဖန်တီးယူသည့် နည်းလမ်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း မစ္စတာ Steve Marshall က ပြောဆိုပါသည်။

မြန်မာ ပြည်တွင်း ဥပဒေရေးရာ အဖွဲ့အစည်းတစ်ခု ဖြစ်သော လမ်းပြကြယ် အဖွဲ့၏ အဆိုအရ မြန်မာစစ်တပ်အတွင်း တပ်ရင်းများ တိုးချဲ့ ဖွဲ့စည်းရေးအတွက် မက်လုံးပေးမှုများ ထွက်ပေါ် လာပြီးနောက် ကလေးစစ်သား စုဆောင်းမှုများ ပိုမို များပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းမှု နှိမ်နင်း တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသော အခြား အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Human Rights Defenders and Promoters Network (HRDP) က DVB သတင်းဌာနသို့ ပြောပြချက်အရ ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်မှ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် ယောင်္ကျားလေး တစ်ဦးအား မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးက အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကာ ရန်ကုန်တွင် အခြေစိုက်သော တပ်ရင်းသို့ ခေါ်ဆောင် သွားသည် ဟု ဆိုပါသည်။

အဆိုပါ ဖြစ်ရပ်ကို ILO သို့ သတင်း ပေးပို့ခဲ့ကြောင်း HRDP အဖွဲ့မှ ကိုမောင်မောင်လေးက ပြောဆိုသည်။ HRPD သည် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား အမှုပေါင်း ၄၆ မှုကို ဖြေရှင်း ပေးခဲ့ကာ ကလေး အယောက် ၂၀ ကို မိဘများထံ ပြန်လည် အပ်နှံ ပေးနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

"တကယ်လို့ ကလေးငယ် တစ်ဦးဟာ စစ်သား စုဆောင်းရေး စင်တာမှာပဲ ရှိနေသေးတယ် ဆိုရင် သူ့ကို ပြန်ခေါ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ တာဝန်နဲ့ အဆင့်တစ်ခုခု ပေးလိုက်ပြီ ဆိုရင်တော့ ပြန်ခေါ်ဖို့ တော်တော် ခက်ခဲသွားပါပြီ" ဟု ကိုမောင်မောင်လေးက ရှင်းပြပါသည်။

DVB သတင်းဌာန၏ ILO to be more proactive, not reactive in Burma ကို ဘာသာပြန်ဆိုပါသည်။