Transparency Myanmar

transparency.myanmar@gmail.com

ဗီယက်နမ်နိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရေးအတွက် မကြာမီ စတင် ဆွေးနွေးတော့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

အီးယူ၏ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီးနှင့် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဒေါင်တို့ မတ် လ ၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် ယင်းသို့ ထုတ်ဖော် ကြေညာလိုက်ခြင်း ဖြစ်သည်။

"အီးယူနဲ့ ဗီယက်နမ်နိုင်ငံတို့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်" ဟု အီးယူ၏ ကုန်သွယ်ရေး မဟာမင်းကြီးက ဘရပ်ဆဲလ်မြို့တွင် ပြောကြားသည်။ ဗီယက်နမ်အစိုးရက မိမိတို့အနေဖြင့် အီးယူနှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် စေ့စပ်ညှိနှိုင်းရန် အသင့်အနေအထားတွင် ရှိပါကြောင်း အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ဖော် ပြောဆိုသည်။

ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ဒေါင်နှင့် အီးယူ ကုန်သွယ်ရေး မဟာမင်းကြီး Karel De Gucht တို့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးမှုများကိုမူ မပြုလုပ်နိုင်ခဲ့ပေ။

သို့အတွက်ကြောင့် အီးယူက ယခုအခါ အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် အပြန်အလှန် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ "ကျွန်တော်တို့ အာဆီယံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေတော့ စတင် လုပ်ကိုင်ထားနှင့်ပြီး ဖြစ်ပါတယ်။ ခက်တာက အာဆီယံ ၁၀ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူညီမှု မရှိတော့ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ခက်ခဲနေပါတယ်" ဟု Karel De Gucht က ပြောသည်။

အီးယူသည် အာဆီယံမှ အရေးကြီးသော ကုန်သွယ်ရေး မိတ်ဘက်များနှင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်ရန် အာရုံစိုက်လျက် ရှိသည်ဟု ဆိုသည်။ မကြာမီ ရက်ပိုင်းအတွင်း စင်ကာပူ နိုင်ငံသို့ သွားရောက်ကာ ပြည့်စုံ ကျယ်ပြန့်သော လွပ်လပ်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရေး အတွက် ဆွေးနွေး ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ အာဆီယံသည် အမေရိကန်နှင့် တရုတ်ပြီးလျှင် အီးယူ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်။ အီးယူမှ ရရှိသော စာရင်းဇယားများအရ အီးယူနှင့် အာဆီယံအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်တို့တွင် ၂၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၇၅ ဘီလီယံ ယူရိုတန်ဖိုး ရှိခဲ့သည်။

Yahoo News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washington Post, 2nd March 2010

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ဖက် ဆက်ဆံရေးကို တိုးချဲ့နေသဖြင့် အိုဘားမား အစိုးရ စိုးရိမ် ပူပန်လျက် ရှိပြီး၊ မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ စစ်ရေး နည်းပညာများ ဝယ်ယူနေခြင်းကို ရပ်ဆိုင်းသွားစေရန် ထိရောက်သော တားဆီးမှုများ ပြုလုပ်တော့မည်ဟု အမေရိကန် အရာရှိများက ပြောကြားသည်။

လက်နက်ငယ်များ၊ ဒုံးကျည် အစိတ်အပိုင်းများ၊ စိုးရိမ်စရာ အကောင်းဆုံး နျူကလီယာ နည်းပညာ စသည့် ရောင်းချမှုများ ပါဝင်နေသည့် စစ်ဖက် ဆက်ဆံရေး အပေါ် စိုးရိမ် ပူပန်မှုများ ရှိလာသောကြောင့် ဘွတ်ရှ်၏ မြန်မာနိုင်ငံကို ပစ်ပယ်ထားရေး မူဝါဒကို အဆုံးသတ်ရန် အိုဘားမား အစိုးရက ပြီးခဲ့သော အောက်တိုဘာတွင် စတင် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ဆိုသည်။

ယခု အချိန်အထိ အမေရိကန် အဆင့်မြင့် အရာရှိများသည် မြန်မာ အာဏာပိုင်များနှင့် ၄ ကြိမ် တွေ့ဆုံပြီး ဖြစ်ကာ မကြာမီ ၅ ကြိမ်မြောက် တွေ့ဆုံရန် မျှော်လင့်ထားသည်။ အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများမှာ မြောက်ကိုရီးယားနှင့် ပတ်သက်နေသည်။ မြန်မာနိုင်ငံကို ကိုင်တွယ်ရမည့် ကိစ္စမှာ ရှင်းနေသည်။ ကြားရသည့်အတိုင်း မှန်ပါက အချိန်ပင် လွန်နေပြီဟု အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒသစ် အပေါ်တွင် လွှတ်တော်နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်မှုများ၊ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒကို ယေဘုယျအားဖြင့် ထောက်ခံသူ တစ်ဦး ဖြစ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Howard L. Berman က မြန်မာအစိုးရ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တင်းကျပ်ရေး အပါအဝင် မြန်မာနိုင်ငံကို ပိုမို ဖိအားပေးရန် အစိုးရကို လတ်တလော တောင်းဆိုခဲ့သည်။

လတ်တလော ဖြစ်ရပ်များက မြန်မာနိုင်ငံရှိ လူသားချင်း စာနာမှု မရှိသော ပြဿနာများ ပို၍ ဆိုးလာသည်ကို ပြသနေသည်ဟု Berman က သောကြာနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်၏ လက်ရှိ ကိုင်တွယ် ဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရန် ထောက်ခံမှုများ ပို၍ တိုးပွားလာသည်ဟုလည်း ၎င်းက ဆိုသည်။

ယခုအချိန်အထိ မြန်မာပြည်တွင်း အတိုက်အခံများ အပေါ် စစ်ဖက် အစိုးရ၏ မတရား ဆက်ဆံပုံများ ပြောင်းလဲလာအောင် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒက ဆောင်ကြဉ်း မပေးနိုင်သေးပါ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ရေး နောက်ဆုံး ကြိုးပမ်းမှုကို မြန်မာ ဗဟိုတရားရုံးက သောကြာနေ့တွင် ပယ်ချခဲ့သည်။ နိုဘယ်ဆုရှင်၏ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ၁၉၆၂ ကပင် အုပ်ချုပ်ခဲ့သည့် စစ်တပ်က အာဏာ လွှဲမပေးခဲ့ပါ။

လက်ရှိ လပိုင်းများအတွင်း ၇ နှစ်ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရသော အသက်ကြီး နိုင်ငံရေးသမား ဦးတင်ဦးကို လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အတိုက်အခံများနှင့် တိုင်းရင်းသား အုပ်စုများ အပေါ် ဖိနှိပ်မှုများကို မြန်မာ အစိုးရက တိုးမြှင့် လုပ်ဆောင်နေဆဲဖြစ်သည်။ အမေရိကန်၏ တံခါးဖွင့် လိုက်လျောမှု နောက်ပိုင်း ဖြစ်ပွားသော မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်း များစွာသော နယ်စပ် ဒေသခံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည်။

ကရင် အမျိုးသမီး အဖွဲ့ချုပ် KWO က ယခု အပတ် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသား ပြောက်ကျား တပ်ဖွဲ့များ၏ အနှစ် ၆၀ ကျော် တော်လှန်မှုကို အမြစ်ဆွဲနှုတ်ရန် ကြိုးစားမှု အဖြစ် အုပ်စုဖွဲ့ မုဒိန်းကျင့်မှုနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မြန်မာ တရားရုံးက အမေရိကန် နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပြီး ထောင်ထဲတွင် ၎င်းကို ရိုက်နှက်ခြင်း၊ အစာနှင့်ရေ အငတ်ထားခြင်း၊ အိမ်သာ မပါသော အခန်းတွင် တိုက်ပိတ်ထားခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ မကြာသေးမီက လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Ojea Quintana အားလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခွင့် မပေးဘဲ ရိုင်းပြစွာ ဆက်ဆံလိုက်သည်။

"သိပ်ကို ဆိုးတဲ့ အပြုအမူတွေ ပိုများလာတယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနမှ အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေဆဲ ဆိုသော အချက်အပေါ် အမေရိကန် အရာရှိများ၏ အငြင်းပွားမှုကို Bower နှင့် အခြားသူများက သဘောတူ ထောက်ခံကြပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ရင်းနှီးစွာ ဆက်ဆံနေခြင်းနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှုများ ဖြစ်ပွားစေခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

ဒီမိုကရက်တစ် အမတ် James Webb ကမူ "မြန်မာနိုင်ငံနှင့် ဆွေးနွေးနေခြင်းကို ဆက်လက် ဆောင်ရွက်ရန် အရေးကြီးသည်။ အကြောင်းမှာ မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှတစ်ခွင်တွင် အမေရိကန် လွှမ်းမိုးမှုကို ဖယ်ရှားရန် တရုတ်က အထူး လိုလားနေသောကြောင့် ဖြစ်သည်" ဟု ဆိုသည်။

ဆယ်စုနှစ်အတွင်း အမေရိကန် လွှတ်တော်အမတ် တစ်ဦး၏ ပထမဆုံး သွားရောက်မှု ဖြစ်သော Jim Webb ၏ သြဂုတ်လ မြန်မာ ခရီးစဉ်သည် မြန်မာအစိုးရနှင့် ဆွေးနွေးပွဲ တံခါးဖွင့်လှစ်မည့် အိုဘားမား အစိုးရကို နိုင်ငံရေး အကာအကွယ် လုပ်ပေးခဲ့သည့်အတွက် ချီးကျူး မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက စိုးရိမ်  ပူပန်နေသော အဓိက အကြောင်းရင်းမှာ ၂၀၀၇ ခုနှစ်က ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မဖြစ်အောင် ရှောင်ရှားလိုခြင်းပင် ဖြစ်သည်။

ထိုစဉ်က ဆီးရီးယား နျူကိစ္စကို မြောက်ကိုရီးယားက လျှို့ဝှက်စွာ ကူညီ တည်ဆောက် ပေးခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုနှစ် စက်တင်ဘာလတွင် အစ္စရေး လေယာဉ်များ ဗုံးမကြဲမီ ထုတ်လုပ်မှု စတင်ရန် လပိုင်းမျှ အလိုတွင်မှ သိရှိခဲ့ကြခြင်း ဖြစ်သည်။

"ဆီးရီးယားမှာ ရခဲ့တဲ့ သင်ခန်းစာမျိုးကို အခု ကြုံနေရပြီ" ဟု ပြောကြားသူမှာ အစိုးရ မဟုတ်သော သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေးအဖွဲ့ နာယက၊ နျူကလီယာ ပြန့်ပွားမှုဆိုင်ရာ ကျွမ်းကျင်သူ David Albright ဖြစ်သည်။ "ဒါကို သိပ်ကို ထင်ရှားတဲ့ ထောက်လှမ်းရေး ညံ့ဖျင်းမှု အားနည်းချက် တစ်ခုပါ၊ မြောက်ကိုရီးယားက နောက်တစ်နေရာမှာ ဒါမျိုး ထပ်မလုပ်ပါဘူးလို့ မပြောနိုင်ပါဘူး၊ အမေရိကန် အစိုးရ အနေနဲ့ မျက်မမြင် တစ်ယောက်လို နောက်တစ်ကြိမ် အဖြစ်မခံနိုင်ပါဘူး" ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုကို ၂၀၀၇ က စတင်ခဲ့သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ပြီးခဲ့သော ဇွန်လတွင် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက် တင်ပို့မှုကို ပိတ်ပင်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံသည် ယခင်ကထက် ပိုအစွမ်းပြလာသည့် ပလေယာကြီး တစ်ယောက် ဖြစ်လာသည်ဟု အမေရိကန် ဝါရင့် အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ဇန်နဝါရီလက Albright ပူးတွဲရေးသားသည့် "နျူကလီယာ အန္တရာယ် ရှိလာနိုင်သော မြန်မာ" အစီရင်ခံစာတွင် မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် စိုးရိမ် ပူပန်မှုကို အလေးပေး တင်ပြထားသည်။

မြန်မာနိုင်ငံသည် ပထမဦးစွာ ၁၀ မဂ္ဂါဝပ် သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ပေးရန် ရုရှားနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၂၀၀၉ စက်တင်ဘာအထိ သုတေသန ဗဟိုဌာန စတင် တည်ဆောက်မှု မရှိခဲ့ပါ။

ထို့နောက်တွင်မူ မြန်မာနိုင်ငံတွင်းရှိ နျူကလီယာ စီမံကန်းနှင့် စပ်လျဉ်းသည့် အတည်မပြုနိုင်သော သတင်းများက အစိုးရ ဆန့်ကျင်ရေး အုပ်စုများထဲမှ ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် မြောက်ကိုရီးယား၏ ပူးပေါင်း ပါဝင်မှုနှင့် ဆက်စပ် စဉ်းစားရမည့် အနေအထားကြောင့် မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီယာ စီမံချက်များ ရှိနေပြီ ဖြစ်ကြောင်း သံသယ ဖြစ်စရာ အကြောင်းရင်းများ ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။

ဆီးရီးယားကို နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရန် ကူညီခဲ့သော မြောက်ကိုရီးယား ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လှုပ်ရှားနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ နမ်ချောင်ဂန် ထရေးဒင်း (NCG) ကုမ္ပဏီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ် အရေးယူထားသည်။

မြန်မာနိုင်ငံတွင် နမ်ချောင်ဂန် ထရေးဒင်း ဆောင်ရွက်နေသော လုပ်ငန်းများကို အတိအကျ မသိရသေးသော်လည်း အဆိုပါ ကုမ္ပဏီ ရောက်ရှိနေခြင်းသည် နျူကလီယာ နည်းပညာ ရောင်းချမှုနှင့် ပတ်သက်ကြောင်း သံသယများ ကြီးထွားလာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၀၉ ဇွန်လတွင် ဘီဂျင်း အခြေစိုက် မြောက်ကိုရးယား ကုမ္ပဏီတစ်ခု မြန်မာနိုင်ငံသို့ ပို့မည့် နျူကလီယာ လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် သံလိုက်လှိုင်းသုံး မက်ဂနက်တိုမီတာနှင့် အခြား အဆင့်မြင့် ကိရိယာများ ရောင်းချမှု တစ်ခုကို ဂျပန် အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် အမေရိကန် ဝါရင့် အရာရှိက လွန်ခဲ့သော ၈ နှစ်ကပင် စတင်ခဲ့သော မြန်မာ စစ်ဖက် အရာရှိငယ်များနှင့် ကျောင်းသားပေါင်း များစွာ ရုရှားသို့ နျူကလီယာ ပညာသင် သွားရောက်မှုကို ထုတ်ဖော် တင်ပြခဲ့သည်။ "ရုရှားမှာ နျူကလီယာပညာ လေ့လာနေတဲ့သူ အရေအတွက်က ရာဂဏန်း မဟုတ်ဘူး၊ ထောင်ဂဏန်း ရှိတယ်" ဟု ၎င်းက ပြောကြာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 2nd March 2010

          ဝ အနေဖြင့် နယ်စပ်ကို ဖြတ်၍ တရုတ်နိုင်ငံနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်နေခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ကြောင်း မြန်မာအစိုးရ ထောက်လှမ်းရေး အကြီးအကဲက ဝ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်သို့ ပြောကြားခဲ့သည်။

          ပြီးခဲ့သည့် အပတ်က နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ရာ၊ မြန်မာနိုင်ငံတွင် အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်သော ဝ တပ် (UWSA) အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို ဦးတည် ပြောကြားလိမ့်မည်ဟု အစောပိုင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

          သို့သော် နောက်ဆုံး ရရှိသော သတင်းများအရ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စမှာ နောက်သို့ ရောက်သွားပြီး၊ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ဦးပေါက်ယူချမ်းအား မူးယစ်ဆေးဝါး ထုတ်လုပ်ရေး ကိစ္စများ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်း ဝ ဒေသမှ UWSA တပ်များ ရုတ်သိမ်းနိုင်ရေး ကိစ္စများကို ဖိအားပေးခဲ့သည်ဟု ဆိုသည်။

          ယခင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွှန့်နှင့် သဘောတူညီချက်အရ ထိုင်း - မြန်မာ နယ်စပ် အဆိုပါဒေသများကို ဝ တိုင်းရင်းသားများအား စီမံခန့်ခွဲခွင့် ပေးထားခဲ့သည်။

          ဗိုလ်ချုပ်ရဲမြင့်က မိမိတို့အား တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး ကိစ္စ၊ အထူးသဖြင့် မူးယစ်ဆေးဝါး ကိစ္စအပေါ် မည်သို့ လုပ်ဆောင်ရန် စဉ်းစားထားသနည်းဟု မေးမြန်းကြောင်း ဝ တပ်မှူး တစ်ဦးက DVB သို့ ပြောကြားခဲ့သည်။

          "သူက တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့ မူးယစ်ဆေးဝါးတွေဟာ UWSA က လာတာ ဖြစ်ပြီး၊ အဲဒီကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်တယ်လို့ ပြောသွားပါတယ်" ဟု အဆိုပါ ဝ က ပြောကြားခဲ့သည်။

          ဝ စစ်တပ်သည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၁၉၉၀ ခုနှစ်များက ကမ္ဘာပေါ်တွင် အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရှိခဲ့သည်။ နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုတွင် အာဖဂန်နစ္စတန်က အများဆုံး ဖြစ်လာသည်။

          အဆိုပါ ဝ တပ်မှူးက ဆက်လက် ပြောကြားရာတွင် ဝ နယ်မြေ အစွန်အဖျားတွင် နေထိုင်သော ဝ လူမျိုး မဟုတ်သူများက ဘိန်းပင်များကို စိုက်ပျိုးကြကြောင်း၊ ၎င်းတို့က သက်ဆိုင်ရာ အစိုးရ၊ ဒေသ ဆိုင်ရာ စစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးကြကြောင်း ပြောကြားခဲ့သည်။

          "ဗိုလ်ချုပ်ရဲမြင့်က ကျွန်တော်တို့ ဝ တွေနဲ့ သူတို့ အစိုးရ မကြာခဏ တွေ့ဆုံသင့်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်" ဟု အဆိုပါ ဝ တပ်မှူးကပင် ပြောခဲ့သည်။ "ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်က ကျွန်တော်တို့ကို ပေးခဲ့တဲ့ နယ်မြေကို သူတို့ အစိုးရက ပြန်လိုချင်တယ်လို့ သူက ပြောလာပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

          တရုတ်-မြန်မာနယ်စပ်မှ လာသော သတင်းများအရ UWS သည် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကို ဆက်လက် ငြင်းဆန်လျက်ရှိသည်ဟု သိရှိရသည်။

          နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် မူအားဖြင့် သဘောတူသော်လည်း၊ ဝ တပ်အတွင်းသို့ အစိုးရတပ်မှ အရာရှိများ ဝင်လာမည်ကို သဘောမတူကြောင်း ဝ တို့က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Strait Times, 3rd March 2010

အိန္ဒိယနိုင်ငံသည် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင်းရှိ ဓါတ်ငွေ့ စီမံကိန်းများတွင် အမေရိကန် ဒေါ်လာ ၁.၃၅ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေပြီး စီးပွားရေးနှင့် သံတမန် ဆက်ဆံမှုများကို ပိုမိုရင်းနှီးစွာ ဆောင်ရွက်သွားကြမည် ဟု နှစ်နိုင်ငံ အစိုးရများက ကြေညာခဲ့ပါသည်။

အိန္ဒိယနိုင်ငံပိုင် ONGC ကုမ္ပဏီနှင့်  Gail (India)  ကုမ္ပဏီ တို့သည် ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုတွင် အမေရိကန် ဒေါ်လာ သန်း ၂၅၀ နှင့် ဓါတ်ငွေ့ လုပ်ကွက် ၂ ခုတွင် အမေရိကန်  ဒေါ်လာ  ၁.၁  ဘီလီယံ​ ရင်းနှီးမြုပ်နှံခွင့် ရရှိကြမည်ဟု အိန္ဒိယ စွမ်းအင် ဝန်ကြီးဋ္ဌာန ကြေညာချက်တွင် ဖော်ပြပါသည်။

အထက်ပါ ရင်းနှီးမြုပ်နှံမှု သတင်းကို မြန်မာ စစ်ဖက် အစိုးရက အတည်ပြုခဲ့ပြီးနောက် မတ်လ (၁) ရက်နေ့တွင် အဝေးမြို့တော်ဖြစ်သော နေပြည်တော်၌ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့နှင့် သံတမန် ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

ဓါတ်ငွေ့လုပ်ကွက် အကောင်အထည် ဖော်ရေး လုပ်ငန်းနှင့် ဆက်စပ် စီမံကိန်းများတွင် အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ ရင်းနှီးမြုပ်နှံမှုကို မြန်မာနိုင်ငံက ကြိုဆိုခဲ့ပြီး၊ ဓါတ်ငွေ့သိုက် သဘောတူ စာချုပ်ကို ကိုးကား၍ ခိုင်မြဲသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် နှစ်ဖက် စလုံးက သဘောတူ ခဲ့ကြသည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း ရေနံ ကုမ္ပဏီ CNPC က တည်ဆောက်နေသော အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ ပိုက်လိုင်း သွယ်တန်းရေး လုပ်ငန်းတွင် အိန္ဒိယနိုင်ငံက ဒေါ်လာ သန်း ၂၅၀  ထည့်ဝင်ခြင်းဖြင့်  ၁၂.၅ % ရှယ်ယာ ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။ ပထမဆုံး ဓါတ်ငွေ့ ထုတ်လုပ် တင်ပို့မှုကို ၂၀၁၃ အစောပိုင်းတွင် စတင်ရန် မျှော်လင့် ထားကြသည်။

ONGC က ဒေါ်လာ ၁၆၇.၈ သန်း နှင့် Gail (India) က ဒေါ်လာ ၈၃.၈ သန်း အသီးသီး ထည့်ဝင်မည့် ၇၇၁ ကီလိုမီတာ ရှည်သော ပိုက်လိုင်းသည် မြန်မာ ကမ်းလွန် လုပ်ကွက် ၂ ခုမှ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။ အဆိုပါ ဓါတ်ငွေ့ လုပ်ကွက်များကို ဒေဝူး၊ ကိုးရီးယား ဂက်စ် ကော်ပိုရေးရှင်း၊ ONGC နှင့်  Gail  တို့က အချိုးကျ ပူးပေါင်း ပိုင်ဆိုင်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

burmanet.org, 2nd March 2010

တရုတ်အစိုးရသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းရန် ပင်လယ်ရပ်ခြား ကချင်အုပ်စုများက ပြည်ပနိုင်ငံ ၅ နိုင်ငံရှိ တရုတ်သံရုံး များသို့ ပေးပို့ခဲ့သော မေတ္တာရပ်ခံချက်နှင့် ဒေသခံ ပြည်သူများထံမှ အသနားခံစာ များစွာကို ပြန်ကြားရန် ပျက်ကွက်ခဲ့သည့် အပြင်၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် လူမှုရေးဆိုင်ရာ တာဝန်ယူမှုများ ပြုလုပ်ပေးမည်ဟု ပေးထားခဲ့သော ကတိကဝတ်ကိုလည်း လစ်လျူရှုထားသည်။

လူပေါင်း ၁၅၀၀၀ ခန့် အတင်းအကြပ် ရွှေ့ပြောင်းခံရမှုနှင့် ငလျင် အလားအလာ ရှိသော ဒေသဖြစ်၍ ရေလှောင်တမံ ကျိုးပေါက်မှု ဖြစ်နိုင်ချေတို့ အပါအဝင် စိုးရိမ်ပူပန်မှုများကို ဖော်ပြထားသော ကချင်ခေါင်းဆောင်များနှင့် ဒေသခံ ရွာသားများ၏ အိတ်ဖွင့်ပေးစာကိုလည်း မသိကျိုးကျွံ ပြုခဲ့သည်။

ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ လိပ်မူထားသော လတ်တလော မေတ္တာရပ်ခံလွှာများကို ဘန်ကောက်၊ လန်ဒန်၊ နယူးဒေလီ၊ စင်္ကာပူ နှင့် ဝယ်လင်တန် မြို့များရှိ တရုတ်သံရုံး များသို့ ဇန်နဝါရီလက ပေးပို့ခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူနိုင်ငံဆိုင်ရာ တရုတ်သံရုံး တစ်ခုထဲကသာ အဆိုပါ မေတ္တာရပ်ခံချက်ကို သက်ဆိုင်ရာ အာဏာပိုင်များထံ ပေးပို့လိုက်သည်ဟု အကြောင်းပြန်သည်။

တရုတ်နိုင်ငံပိုင် China Power Investment CPI ကုမ္ပဏီက တည်ဆောက်မည့် ဧရာဝတီ မြစ်ဆုံ ရေလှောင်တမံသည် အထပ် ၅၀ တိုက် တစ်လုံးစာ(အမြင့် ပေ ၅၀၀) ခန့် ရှိသည့် စီမံကိန်း တစ်ခု ဖြစ်၍ တရုတ်သို့ ပို့လွှတ်ရန် ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည် ဖြစ်ကာ ဧရာဝတီနှင့် မြစ်လက်တက်များပေါ်တွင် တရုတ်က ဆောက်မည့် ဆည် ၇ ခု အနက် ပထမဆုံး တစ်ခု ဖြစ်သည်။

ကချင် လွတ်မြောက်ရေး အဖွဲ့အစည်း KIO ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာတွင် လူသန်းပေါင်းများစွာ မှီခိုနေသော ဧရာဝတီ၏ အရေးကြီးပုံကို ဖော်ညွှန်းရာ၌ ဧရာဝတီ သဘာဝအလျှောက် စီးဆင်းမှုကို တည်မှီ၍ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် ကမ္ဘာ့အကြီးဆုံး ဆန်ထွက်နယ်မြေ တစ်ခု ဖြစ်လာရသည်ဟု ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ကျယ်ပြန့်စွာ ဆန့်ကျင် ကန့်ကွက်မှုများ ရှိနေသော်လည်း ရေလှောင်တမံ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရာလမ်းကို အရှိန်မြှင့် ဖောက်လုပ်လျက် ရှိသည်။

''ဆိုးကျိုးခံရမယ့် ဒေသခံ ပြည်သူတွေနဲ့ ကမ္ဘာတလွှားက ကချင်တွေက ဒီရေလှောင်တမံကို မလိုလားဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြခဲ့ကြပြီးပါပြီ။ တရုတ်နိုင်ငံက ဘာလို့ ဒီလောက်တောင် ငြိမ်နေရသလဲ'' ဟု ကချင် ဖွံ့ဖြိုးရေး ကွန်ရက် အုပ်စု KDNG မှ အားနန်က ပြောကြားလိုက်သည်။ မိမိတို့၏ မေတ္တာရပ်ခံချက်များ အပေါ် လက်ခံစဉ်းစား တုန့်ပြန်ရန် တရုတ် အစိုးရနှင့် တရုတ် စွမ်းအင် ကုမ္ပဏီကို တိုက်တွန်း ပါသည်ဟု ၎င်းက ဆိုသည်။

တရုတ် ပြည်တွင်း ရေလှောင်တမံ တည်ဆောက်ရေး စံချိန် စံညွှန်းများက ဆုံးဖြတ်ချက် ချရာတွင် ပြည်သူလူထု ပါဝင် ရမည်ဟု ဆိုထားသည့် အချိန်တွင် တရုတ် နိုင်ငံတော် ကောင်စီ၏ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းကမူ ဒေသခံ ပြည်သူများ၏ နစ်နာမှုများ၊ အသက်မွေး ဝမ်းကျောင်းမှု များအပေါ် ဂရုစိုက် ထောက်ပံ့ ကူညီမှုများ လိုအပ် ပျက်ကွက်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.bnionline.net, Kachin News Group, 2nd March 2010

        တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်ဖက် ယူနန်နယ်နှင့် မြန်မာနိုင်ငံ မြောက်ဖက် နယ်စပ်တွင် မြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများအတွက် ဒုက္ခသည်စခန်းများ ထူထောင်ရန် ပြင်ဆင်လျက် ရှိသည်ဟု နယ်စပ်အနီးမှ လာသော သတင်းများက ဆိုသည်။

          အဆိုပါ စခန်းသည် Longchuan မြစ်တောင်ကြားရှိ Longchuan (ကချင်ဘာသာဖြင့် Nshawn ဟု ခေါ်သည့်) ရွာတွင် တည်ရှိမည် ဖြစ်သည်ဟု Longchuan တွင် နေထိုင်သူ ကချင်များက ပြောသည်။ အဆိုပါ ဒေသမှာ ကချင်များ အုပ်ချုပ်သော ဒေသ ဖြစ်သည်။

          ၎င်းတို့က ဆက်လက် ပြောကြားရာတွင် တရုတ် အစိုးရသည် ထွက်ပြေးလာမည့် ဒုက္ခသည်များကို ထမင်း ကျွေးမွေးရန်နှင့် ဒုက္ခသည် တစ်ဦးလျှင် တစ်ရက် အသုံးစရိတ် ၈ ယွမ် (ဒေါ်လာ ၁.၁၄) ထုတ်ပေးရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။

          နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ရှိ အဆိုပါ ဒေသတွင် ကြံပင်များ ဧကထောင်ပေါင်းများစွာ စိုက်ပျိုးထားရာ၊ ယခုအခါ အလျင်အမြန် ခုတ်လှဲလျက် ရှိပြီး၊ တရုတ်နယ်စပ် အာဏာပိုင်များသည် စစ်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိကြောင်း၊ အဆိုပါဒေသမှ လယ်ပိုင်ရှင်များ၏ အဆိုအရ သိရှိရသည်။

          အဆိုပါ စခန်းတွင် နယ်စပ်တွင် နေထိုင်ကြသော ကချင်လူမျိုးများ ထွက်ပြေးလာပါက လက်ခံရန် ဖြစ်သည်ဟု ဆိုသည်။ ယခုအခါ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတို့၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲ မအောင်မြင်မှုကြောင့် စစ်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

          ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း KIO နယ်မြေများတွင် နှစ်ဖက် တင်းမာမှုများ တိုးပွားလျက် ရှိကြောင်း ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ အရာရှိများ၏ အဆိုအရ သိရှိရသည်။

          နယ်ခြားစောင့်တပ်အတွက် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြန်မာ တပ်အင်အား (၃၀၀) ခန့်ကို Sin Lum Bum ရှိ စစ်အခြေစိုက် စခန်းသို့ လျှို့ဝှက်ပြီး ပို့ဆောင်ခဲ့သည်ဟု ယုံကြည်ရသော ကချင်သတင်းအဖွဲ့က ယနေ့ပြောသည်။ Sin Lum Bum သည် မဟာဗျူဟာအရ အရေးပါပြီး တရုတ်မြန်မာ နယ်စပ် Maijayang တွင် အခြေစိုက်သော ကချင်တပ်မ အမှတ် (၁၅) နှင့် တပ်မဟာ (၃) အနီးတွင် တည်ရှိသည်။

          ဖေဖော်ဝါရီလ အလယ်ပိုင်းက ကရင်ပြည်နယ်တွင် ပို့ထားသော ကချင်ပြည်နယ် ဗန်းမော်မြို့မှ တပ်ရင်းအား ပြန်ခေါ်ခဲ့ကြောင်း အဆိုပါ ဒေသမှ စစ်တပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရှိရသည်။

          KIA မှ လာသော သတင်းများက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ၎င်းတို့၏ တပ်များကို မြန်မာတပ်များ တိုက်ခိုက်လာပါက ကာကွယ်နိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

          ကချင်ပြည်နယ်ရှိ လိုင်ဇာဌာနချုပ် (တရုတ်နယ်စပ်အနီး) တွင် KIO က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ယမန်နေ့က စတင် ကျင်းပခဲ့သည်။

          နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးဆိုင်ရာ မြန်မာအစိုးရ၏ အဆိုပြုချက်ကို လက်ခံ / မခံ နောက်ဆုံး ဆုံးဖြတ်ချက် ချရန် မျှော်လင့်ထားကြသည်ဟု ဗဟိုကော်မတီ အဖွဲ့ဝင်များထံမှ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အကယ်၍ အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံတို့က စစ်ရေး ပူးတွဲ လေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဆိုပါက မိမိတို့ဘက်ကလည်း တိုက်ခိုက်မှုများ ပြုလုပ်သွားကာ နျူကလီယာ အဟန့်အတားများကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားက အခိုင်အမာ ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တာဝေးပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ် ခဲ့ရာ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသလို အမေရိကန်နှင့် အခြားနိုင်ငံများ၏ စစ်ရေးအရ ခြိမ်းခြောက်မှုများလည်း ခံခဲ့ရသည်။ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ပြီး မကြာမီမှာပင် မြောက်ကိုရီးယားက အဏုမြူ စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူခြင်းကို ထပ်မံ ခံခဲ့ရပြန်သည်။

ယခုအခါ အမေရိကန်နှင့် ခြောက်နိုင်ငံ ဆွေးနွေးဖက် နိုင်ငံများက မြောက်ကိုရီးယားကို ဆွေးနွေးပွဲသို့ ပြန်လည် ဝင်ရောက်ရန် တွန်းအားပေးလျက် ရှိသည်။

အကယ်၍ အမေရိကန်ကသာ နျူကလီယာဆိုင်ရာ ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ် နေမည်ဆိုပါက မြောက်ကိုရီးယား နျူကလီယာ ဖျက်သိမ်းရေးတွင်လည်း တိုးတက်မှု ရှိမည် မဟုတ်ကြောင်း ကွန်မြူနစ် အစိုးရ အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို စစ်ရေးအားဖြင့် ခြိမ်းခြောက်မှုများ မပြုလုပ်ကြောင်း ငြင်းဆိုထားသော်လည်း တောင်ကိုရီးယားနိုင်ငံတွင်မူ အမေရိကန် တပ်ဖွဲ့အင်အား ၂၈၅၀၀ ခန့် ချထားသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားသည် ပိတ်ဆို့ အရေးယူခံရမှုတို့မှ လွတ်မြောက်ရန် လိုလားလျက် ရှိပြီး ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ငြိမ်းချမ်းရေးစာချုပ်ဖြင့် မဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့ရသည့် ကိစ္စကို ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်လိုစိတ် ရှိနေသည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က မြောက်ကိုရီးယားအား ပထမဦးစွာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ ပြန်လည် ဝင်ရောက်စေလိုသည်။ ထိုမှတစ်ဆင့် နျူကလီယာ မပြန့်ပွားရေးတွင် တိုးတက်မှုများ ဖြစ်ထွန်းအောင် ဆောင်ရွက်စေလိုခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီယာ ဟန့်တားမှုနှင့် ပတ်သက်သော ခြိမ်းခြောက်မှုများကို မကြာခဏ ဆိုသလို သတင်း ထုတ်ပြန်လျက် ရှိသည်။ သို့သော် ယခုတစ်ကြိမ် သတင်း ထုတ်ပြန်မှုသည် ၎င်းအနေဖြင့် နျူကလီယာ လက်နက်များနှင့် ပတ်သက်၍ မည်သို့ ပြုလုပ်သွားမည် ဟူသောအချက်ကို ပထမဆုံး ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်သည်။

မြောက်ကိုရီးယားတွင် အနည်းဆုံး နျူကလီယာဗုံး ဒါဇင်ဝက်ခန့် ထုတ်လုပ်နိုင်သည့် ပလူတိုနီယံများ အလုံအလောက် ရရှိထားသည်ဟု ယုံကြည်ရသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သော တာဝေးပစ် ဒုံးကျည်တစ်စင်း တီထွင် ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ သို့သော် အဆိုပါ တာဝေးပစ် ဒုံးကျည်တွင် နျူကလီယာ ထိပ်ဖူး တပ်ဆင်နိုင်သော နည်းပညာမျိုး မြောက်ကိုရီးယားတွင် မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

လာမည့် ရက်သတ္တပတ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး နှစ်စဉ် စစ်ရေး လေ့ကျင့်မှုများ မပြုလုပ်မီ မြောက်ကိုရီးယားက ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဆိုပါက မိမိတို့အနေဖြင့် ပါဝါ ပြည့်ဝသော နျူကလီယာ တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု လွန်ခဲ့သည့် တစ်ပတ်က ခြိမ်းခြောက်ခဲ့သေးသည်။

မြောက်ကိုရီးယားက အဆိုပါ  စစ်ရေးလေ့ကျင့်မှုသည် မိမိတို့ကို ကျူးကျော် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကာကွယ်ရေးအတွက်သာ ရည်ရွယ်သည်ဟု တုံ့ပြန် ပြောဆိုသည်။

ဤသို့ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှ အရာရှိကြီးများသည် မြောက်ကိုရီးယား နယ်မြေရှိ Kaesong စက်မှုဇုန်တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း တွေ့ဆုံကာ တောင်ကိုရီးယား နိုင်ငံသားများအတွက် နယ်စပ် ဖြတ်ကျော်ခွင့် ရရှိရေး၊ ဆက်သွယ်ရေးနှင့် အကောက်ခွန် ကင်းလွတ်ရေးများ ရရှိနိုင်ရန် ဆွေးနွေးလေ့ ရှိသည်။

Kaesong စက်မှုဇုန်သည် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ထုတ်ဖော် ပြသလျက် ရှိသော သင်္ကေတတစ်ခု ဖြစ်သည်။ အဆိုပါ စက်မှုဇုန်တွင် တောင်ကိုရီးယား စက်ရုံ ၁၁၀ ခန့်ရှိပြီး အဆိုပါ စက်ရုံများတွင် မြောက်ကိုရီးယား နိုင်ငံသား ၄၂၀၀၀ ခန့် အလုပ် လုပ်ကိုင်လျက် ရှိသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည် ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.