Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် အားပေး အားမြှောက် ပြုလုပ်ပေးသင့်ကြောင်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။ နယူးဒေလီ အစိုးရသည် အရှေ့တောင် အာရှ ဒေသနိုင်ငံ ဖြစ်သော မြန်မာတွင် အရေးပါသော အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်သူ တစ်ဦး ဖြစ်သည်ဟု အမေရိကန် အစိုးရက မှတ်ချက်ပြု ပြောဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကား ပြောဆိုထားပြီးပါပြီ။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆို ဆက်ဆံတဲ့ နေရာမှာ အိန္ဒိယနိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် ဆိုတဲ့ အချက်ကို အိန္ဒိယက အဆွေတော်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုထားပြီးပါပြီ" ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သတင်းထောက်များကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းသော မေးခွန်းအပေါ် မစ္စတာ Kurt Campbell က တုံ့ပြန် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှုများ ပိုမို ပြုလုပ်လာနိုင်ရေး အစရှိသည်တို့ ဖြစ်ပေါ်ရန် မြန်မာနိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူများကို အားပေး အားမြှောက် ပြုလုပ်ပေးရန် တိုက်တွန်း ပြောဆိုထားသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မဟာဗျူဟာ အကျိုးစီးပွားကို အမေရိကန် ပြည်ထောင်စုက သတိရှိစွာဖြင့် အလေးထား ရှိခဲ့ပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင်များ ပို၍ တာဝန်ရှိသော ရွေးချယ်မှုများ ပြုလုပ်လာရေးအတွက် အရှေ့တောင် အာရှဒေသမှ နိုင်ငံများ အားလုံးနှင့် အနီးကပ် လုပ်ကိုင် ဆောင်ရွက်လိုပါကြောင်း မစ္စတာ Kurt Campbell က ဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယက ကြားဝင် ဆွေးနွေး ညှိနှိုင်းပေးတဲ့ သူတွေ အနေနဲ့ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ကိုင်ပေးဖို့နဲ့ နှစ်ကာလ အတော်ကြာ အဲလို အဆင့်မျိုး ရောက်အောင် လုပ်ကိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို သူတို့နဲ့ ပြောဆိုထားပါတယ်" ဟု မစ္စတာ Kurt Campbell က ပြောသည်။

မစ္စတာ Kurt Campbell သည် ယခုနှစ် အစောပိုင်း ကာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒ (Look East Policy) နှင့် ပတ်သက်၍ အစိုးရ အရာရှိကြီးများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

မစ္စတာ Kurt Campbell ၏ အဆိုအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခု ရက်သတ္တပတ် အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး SM Krishna နှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်း ဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အရေးပါသော နိုင်ငံများ အပါအဝင် အာရှ ဒေသတွင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် အပြင် သြစတြေးလျနှင့် နယူးဇီလန်တို့လည်း တက်ရောက်မည် ဖြစ်သည်။

"အဲဒီ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယား အရေးကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း လုံခြုံရေးကိစ္စ၊ အာရှ ဖွဲ့စည်း တည်ဆောက်ပုံ အဆင့်ဆင့် အပြောင်းအလဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အစရှိတာတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွဲကွဲပြားပြား ဆွေးနွေး နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံကို ရောက်နေခိုက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုတွေ အတော်များများ ပြုလုပ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံက အရေးပါတဲ့ နိုင်ငံတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်" ဟု မစ္စတာ Campbell က ပြောသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th July 2010

ယခင်လထုတ် Foreign Policy မဂ္ဂဇင်းက မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရောဘတ် မူဂါဘီနှင့် ကင်ဂျုံအီးတို့၏ နောက်တွင် ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် အဆင့် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ နိုင်ငံရေး အတိုက်အခံများကို ဖယ်ရှားရန်နှင့် တစ်ခါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား အုပ်စုများကို စစ်အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ သိမ်းသွင်းရန် စီမံကိန်း ချ၍ လုပ်ဆောင်ခဲ့သည်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရုံးတင် စစ်ဆေးရန် တောင်းဆိုသည့် အသံများ ကျယ်လောင်လာသော်လည်း ဗိုလ်ချုပ်မှူးကြီးကမူ ယခုနှစ်ကုန် ရွေးကောက်ပွဲများ ပြီးလျှင် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ တိုင်းပြည်ကို အာဏာဖြင့် ထိန်းကျောင်းရန် စီစဉ်နေပုံ ရသည်။ "Than Shwe: Unmasking Burma Tyrant" အတ္ထုပ္ပတ္တိသစ်ကို ရေးသားသူ Christian Solidarity World Wide မှ Benedict Rogers က "အကြောင်း အချက်ပေါင်း များစွာသည် အမှန်တကယ်၌ ဇင်ဘာတွေ၏ ရက်စက်သော မူဂါဘီထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပိုမို ဆိုးဝါးကြောင်းကို ပြသနေသည်" ဟု DVB သို့ ပြောကြားလိုက်သည်။

မေး     ။ ခင်ဗျား သန်းရွှေနဲ့ မဆုံဘူးဘဲနဲ့ ဒီလိုမျိုး အတ္ထုပ္ပတ္တိကို ဘယ်လိုများ ရေးခဲ့တာလဲ။

ဖြေ     ။ ဟုတ်ပါတယ်။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တာ အထင်အရှားပါပဲ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာဖွေရတာ အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အများကြီး ကူညီခဲ့တဲ့ အဓိက ဇစ်မြစ် ၃ ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်ပြေးတွေပါ။ တချို့က သူ့ဘဝ တလျှောက် ဖြတ်သန်းမှု အမျိုးမျိုးကို သိထားသူတွေ ဖြစ်လို့ သူ့ရဲ့ အတွင်းကျကျ ဇာတ်လမ်းတွေ အများကြီးကို ကျွန်တော့်ကို မျှဝေကြတယ်လေ။ ဒုတိယ တစ်ချက် အနေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတွေ၊ ကုလသမဂ္ဂ အထူး အရာရှိဟောင်း Razali Ismail နဲ့ ကုလသမဂ္ဂ အရာရှိတွေ အများကြီးကို အင်တာဗျူးခဲ့တာပါ။ တတိယ တစ်ချက်ကတော့ မြန်မာ အစိုးရ ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေ ဆီကနေ အကူအညီ အများကြီး ရခဲ့တာပါ။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းပေမယ့် မျှဝေစရာ သတင်းတွေ အများကြီး ရှိကြတယ်လေ။ ဒါကြောင့် တပ်ပြေးတွေ၊ သံတမန်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေဆီကနေ ကျွန်တော် အကူအညီ ရခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ အဓိက သတင်းရင်းမြစ်တွေပါ။

မေး     ။ ခင်ဗျား လေ့လာရေး သွားခဲ့တဲ့ နေရာတွေ အကြောင်း ပြောပါဦး။

ဖြေ     ။ ကျွန်တော့်ရဲ့ အလုပ်ဖြစ်တဲ့ Christian Solidarity Worldwide ရဲ့ တာဝန် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံကိုလည်း တစ်နည်းနည်းနဲ့ ပုံမှန် ရောက်လေ့ ရှိပါတယ်။ ဒီစာအုပ် အတွက် သုတေသန လုပ်တဲ့ အနေနဲ့ ကွဲပြားတဲ့ နယ်စပ်ဒေသတွေကို သွားခဲ့ပါတယ်။ ထိုင်းနယ်စပ်၊ အိန္ဒိယ နယ်စပ်၊ တရုတ် နယ်စပ်တွေ ဆီကိုပေါ့။ ပြီးတော့ ရန်ကုန်ကိုလည်း သွားခဲ့တယ်။ နေပြည်တော်ကို တစ်ရက် ခရီးသွားခဲ့လို့ ကြည့်ရှု လေ့လာဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ဒါ့အပြင် လူတွေနဲ့ အင်တာဗျူး လုပ်ဖို့ တခြား နေရာတွေကိုလည်း သွားခဲ့ပါတယ်။ မလေးရှားမှာ၊ ထိုင်းမှာ၊ ဂျပန်မှာ၊ အမေရိကန် ပြည်ထောင်စုမှာ၊ ဗြိတိန်မှာ လူတော်တော်များများနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဒီစာအုပ်ရေးဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ အသေအချာ ပြောရရင် ၁၄ လ၊ ၁၅ လ လောက် ရှိမှာပေါ့။

မေး     ။ တကယ်လို့များ သန်းရွှေနဲ့ တွေ့ဖို့ အခွင့်အရေး ရမယ်ဆိုရင် ဘာမေးမှာလဲ။

ဖြေ     ။ တကယ်လို့ သူ့ကို မေးခွန်းတစ်ခု မေးဖို့ အခွင့်အရေး ရမယ်ဆိုရင် "ဘာကြောင့်များ အစိုးရကို ဦးဆောင်ပြီး ကိုယ့်ပြည်သူတွေ အပေါ်မှာ ဒီလောက် များပြားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာလဲ" လို့ ကျွန်တော် သူ့ကို မေးမှာပါ။ စစ်ပွဲ လက်နက် အဖြစ် မုဒိန်းမှု ကျူးလွန်တာ၊ အဓမ္မ ခိုင်းစေတာ၊ နှိပ်စက် ညှင်းပန်းတာ၊ ကလေး စစ်သားတွေ အသုံးပြုတာ၊ ရွာတွေကို ဖျက်ဆီးတာ စသဖြင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တသီကြီးဟာ ကမ်းကုန်နေပြီ ဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးရဲ့ အပြစ်ရှိမှုဟာ ကြီးမားလွန်းပါတယ်။ ဒါ့ကြောင့် လူသား တစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် မေးမယ့် မေးခွန်းက "ဒါနဲ့ ပတ်သက်လို့ ဘယ်လို ခံစားရသလဲ။ ဘာကြောင့် လူသားတွေ အပေါ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေသလဲ။ နိုင်ငံ ခေါင်းဆောင် တစ်ယောက် ဖြစ်ရမယ့် အစား စစ်ရာဇဝတ်ကောင် တစ်ယောက်လို့ မြင်ကြအောင် ကိုယ့်ကိုကိုယ် ခွင့်ပြုမှာလား" အစရှိသဖြင့် မေးခွန်းတွေပေါ့။

မေး     ။ ဒီအာဏာရှင်ရဲ့ အားသာမှု အများဆုံး အချက်၊ အားအနည်းဆုံး အချက်၊ အရက်စက်ဆုံး အချက်က ဘာတွေ ဖြစ်မလဲ။

ဖြေ     ။ ကျွန်တော့် အထင် ပြောရရင် သူဟာ ပြည်သူတွေကို ကြိုးကိုင် ချယ်လှယ်၊ လွှမ်းမိုးတဲ့ နေရာမှာ၊ သွေးကွဲအောင် လုပ်တဲ့ နေရမှာ အလွန့်အလွန် ကျွမ်းကျင်ပါတယ်။ သွေးခွဲပြီး အုပ်ချုပ်တာဟာ သူ့ရဲ့ မဟာစွမ်းအားပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း လမ်းလွဲစေပါတယ်။ သူ့အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေ လျော့သွားရုံ၊ တွက်ချက်ပြီး ကတိတွေ ခဏခဏ ပေးပါတယ်။ ပြီးရင် ပေးထားတဲ့ ကတိရဲ့ အနည်းငယ်လောက်ပဲ လုပ်ပြပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်း တမျှော်မျှော်နဲ့ စောင့်ရင်း၊ အချိန်ကုန်အောင် လုပ်တဲ့ နေရာမှာ သိပ်ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ သူဟာ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်။ သူက ဆုံးဖြတ်ချက် ချဖို့ အချိန် အကြာကြီး ယူလေ့ရှိပြီး ဆုံးဖြတ်ချက် ချတဲ့ အချိန်မှာလည်း ရက်စက် ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ ရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကို ဥပမာ အနေနဲ့ ပြောရရင်၊ တကယ်လို့များ ဗိုလ်ချုပ်ကြီး ခင်ညွန့် ရှိနေမယ်ဆိုရင် ဆန္ဒပြပွဲတွင် ကြီးထွားမလာခင်မှာ ရက်စက်မှု အနည်းဆုံး၊ သွေးစွန်းမှု အနည်းဆုံးနဲ့ အမြန်ဆုံး နှိမ်နင်းနိုင်မှာ ဖြစ်ပြီး၊ အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆန္ဒပြပွဲတွေ ကြီးမားလာအောင် ကြီးထွားခွင့် ပေးခဲ့ပြီးမှ အစွန်းရောက် ရက်စက်မှုများနဲ့ ဖြိုခွဲခဲ့တာကို တွေ့ရပါတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

ဒါဟာ အတိုက်အခံတွေကို ရှင်းလင်းဖို့ အတွက် စေ့စပ် သတိထားတဲ့ နည်းလမ်း တစ်ခုလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ပြီးတော့ ဘယ်သူ ထွက်ပေါ်လာပြီး ရှင်းလင်းပစ်တယ် ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် အခုလို ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန်တွေ ကြာနေတာဟာ သူ့ရဲ့ အားနည်းချက်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူဟာ မူလ ဗီဇ အတွေးအခေါ်သမား တစ်ယောက် မဟုတ်ပါဘူး။ အခု ရွေးကောက်ပွဲ အတွက် လုပ်နေတဲ့ အစီအစဉ်နဲ့ အခြေခံ ဥပဒေကို ကြည့်ရင် မြန်မာ့ ပထမဆုံး အာဏာရှင် ဦးနေဝင်း ၁၉၇၀ တုန်းက လုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်နေတာကို တွေ့ရမှာပါ။ သမိုင်း တစ်ပတ် လည်တာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ သူ့မှာ အကြံဥာဏ် သိပ်ကို နည်းပါးတယ်လို့ ယူဆပါတယ်။

သူ့ရဲ့ အရက်စက်ဆုံး စရိုက် လက္ခဏာကတော့၊ သူ့ရဲ့ ပြည်သူတွေ အပေါ် အကြင်နာ၊ ဂရုဏာ လုံးဝ မရှိတာကတော့ ရှင်းနေပါတယ်။ နာဂစ်စ် ဆိုင်ကလုန်း ဝင်ပြီးတဲ့နောက် သူဟာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ခွင့်ပြုဖို့ အချိန် အတန်ကြာ ငြင်းဆန်နေခဲ့တာကို မှတ်မိကြမှာပါ။ တကယ်လို့သာ သူဟာ ဒီဘဝ အန္တရာယ်ကို သနား ဂရုဏာ အပြည့်အဝနဲ့ တုန့်ပြန် ဆောင်ရွက်ခဲ့မယ်ဆိုရင် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့မှာပါ။ ဒါ ဥပမာ တစ်ခုပါ။ ကျွန်တော်ကတော့ သူဟာ သူ့ရဲ့ ပြည်သူတွေ အပေါ်မှာ ကရုဏာ၊ အကြင်နာ လုံးဝ ကင်းမဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ယူဆပါတယ်။

မေး     ။ သန်းရွှေကို ဘယ်လို သုံးသပ်မလဲ။

ဖြေ     ။ သူဟာ အစိုးရ အဖွဲ့ ထိပ်ဆုံး ရာထူးကို ယူထားသူ တစ်ယောက်၊ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားသူ တစ်ယောက်၊ ပြီးတော့ အာဏာကို နည်းလမ်း ပေါင်းစုံနဲ့ ချုပ်ကိုင်ထားသူ တစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့အပြင် သဘောထား ကွဲလွဲ ဆန့်ကျင်မှုတွေကို လုံးဝ သည်းမခံတဲ့ လူတယောက်၊ ဆန့်ကျင်သူတွေကို ကြိတ်ချေပစ်တဲ့ နေရာမှာ၊ ပြိုင်ဖက်တွေကို ဖယ်ရှားပစ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ စစ်သား ဘဝ သက်တမ်းမှာ ကြိုးစားခဲ့တာမျိုးလည်း မရှိပါဘူး။ သူဟာ ရိုးရိုးတန်းတန်း သာမန် အရာရှိ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ထူးချွန် ထက်မြက်တဲ့ စစ်သားတစ်ယောက် အဖြစ် လူသိများခဲ့ခြင်းလည်း မရှိပါ။ သူ့ရဲ့ ရည်မှန်းချက်တွေ၊ ဗီဇတွေကိုလည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီတော့ လူတွေက သူ့ကို အန္တရာယ်ကောင်လို့ မထင်ခဲ့ကြဘူးပေါ့။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ရာထူးတွေ တက်လာခဲ့ပါတယ်။ ပြီးတော့ တကယ့်ကို ထုံထုံထိုင်းထိုင်း ပုံစံမျိုးပါ။ ဒါပေမယ့်လည်း သူဟာ ထိပ်ဆုံး ရောက်တဲ့ အချိန်ကျမှ အာဏာကို နည်းပေါင်းစုံနဲ့ ချုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကို ပြသခဲ့ပါတယ်။

မေး     ။ Foreign Policy မဂ္ဂဇင်းက သန်းရွှေကို ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်လို့ သတ်မှတ်တာကို ခင်ဗျား သဘောတူပါသလား။

ဖြေ     ။ သဘောတူတာပေါ့ဗျာ။ ဒုတိယနဲ့ တတိယ နေရာ အတွက် သန်းရွှေနဲ့ မူဂါဘီတို့ အကြား ယှဉ်ပြိုင်မှုဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ကျွန်တော် အမှန်တကယ် ယူဆတယ်။ ကင်ဂျုံအီးကတော့ အဆိုးဆုံး ဖြစ်လို့ နံပါတ်တစ် နေရာ အတွက် သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် သန်းရွှေဟာ တချို့နေရာတွေမှာ မူဂါဘီထက် ပိုဆိုးတယ်လို့ ကျွန်တော် ယူဆတယ်။ ဘာကြောင့်လဲဆိုရင် အနည်းဆုံးတော့ မူဂါဘီဟာ ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ သမားတွေနဲ့ သဘော တူညီမှု အချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ချို့ယွင်းချက် များလွန်းတဲ့ သဘော တူညီချက် ဖြစ်ပြီး မူဂါဘီဟာ အာဏာရှင် အဖြစ် ရက်စက်မှုတွေကို ဆက်လက် ပြသခဲ့ပေမဲ့ အနည်းဆုံးတော့ ဇင်ဘာဘွေ အစိုးရထဲမှာ အတိုက်အခံ အုပ်စုတွေကို အထိုက်အလျှောက် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သန်းရွှေကတော့ အတိုက်အခံတွေကို အပြည့်အဝ သုတ်သင် ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကို ပြောရရင် သန်းရွှေဟာ ဒုတိယ နေရာ အတွက် မူဂါဘီကို အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ဒုတိယ နေရာ (သို့) တတိယ နေရာနဲ့ ထိုက်တန်သူ တစ်ဦးပါ။

မေး     ။ တကယ်လို့ သန်းရွှေ အနားယူမယ်ဆိုရင် အစိုးရ တစ်ဖွဲ့လုံး သူနဲ့အတူ အနားယူမှာလား။

ဖြေ     ။ မဖြစ်နိုင်ပါဘူး။ သန်းရွှေ တကယ်လို့ ဆင်းသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ယူဆမယ်ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တခြား စစ်ဗိုလ်ချုပ်တွေကလည်း အလွန် ရက်စက် ကြမ်းကြုတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်လို့ စိတ်ပြင်းပြ နေတယ်ဆိုတာ အရမ်း သိသာပါတယ်။ ဒါကြောင့် ရက်စက်တဲ့ အာဏာရှင် သန်းရွှေလိုပဲ ရက်စက်တဲ့ အစိုးရ အဖွဲ့ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူဟာ အစိုးရ အဖွဲ့မှာ နံပါတ်တစ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သူက အစိုးရ အဖွဲ့ကိုလည်း အမှန်တကယ် ထိန်းချုပ်ထားနိုင်ပါတယ်။ သူအနားယူမယ်လို့ ပြောတာဟာ ဘာဖြစ်မလဲ။ ဒီတော့ ဘယ်တုန်းကမှ စုစုစည်းစည်း အစိုးရ အဖွဲ့တစ်ခု မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ သန်းရွှေ တစ်ယောက်ထဲရဲ့ အာဏာရှင် အုပ်ချုပ်မှုပါ။ ဒါပေမယ့် သူမရှိတော့တဲ့ အချိန်မှာ နောက်ထပ် အာဏာရှင် တစ်ယောက် မပေါ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မရှိဘူးဆိုရင် အာဏာရှင် နောက်တစ်ယောက် အလွယ်တကူ ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးဟာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ အလားအလာကို ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး။

မေး     ။ သူ့နေရာကို ဘယ်သူ ရမလဲ။

ဖြေ     ။ အင်း။ ဒီကိစ္စက လုံးလုံးလျားလျား မသဲကွဲသေးဘူးဗျ။ အစိုးရအဖွဲ့ နံပါတ်သုံး ဗိုလ်ချုပ်ကြီး ရွှေမန်းကို ဆက်ခံသူ အဖြစ် ရွေးချယ်ထားတယ်လို့ လူအများစုက ပြောနေကြပေမယ့် သူဟာ အသုံးတည့်ခဲ့သလောက် မျက်နှာသာ ပေးမခံရဘူးလို့လဲ တချို့ သတင်းတွေက ဆိုပါတယ်။ တကယ်လို့များ သန်းရွှေ မနက်ဖြန် မရှိတော့ဘူးဆိုရင် လက်ရှိ နံပါတ်နှစ် မောင်အေးက နံပါတ်တစ် ဖြစ်မယ်ဆိုတာ ရှင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် တကယ်လို့ သန်းရွှေက သူ့ရည်ရွယ်တဲ့ အတိုင်း ဆက်ခံရေး ကိစ္စကို လျှို့ဝှက် စီစဉ်နိုင်ခဲ့မယ် ဆိုရင်တော့ ဆက်ခံသူ တစ်ယောက် ရွေးချယ်ပြီး အနားယူတာမျိုး ဖြစ်နိုင်ပါတယ်။ သူနဲ့အတူ မောင်အေးပါ အနားယူဖို့ သန်းရွှေက ဆုံးဖြတ်ထားတာပါ။ ဒီတော့ သန်းရွှေသာ စီစဉ်ထားတဲ့ လမ်းအတိုင်း သွားနိုင်ခဲ့ရင် မောင်အေးဟာ ဆက်ခံသူ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန် ရောက်ရင် လူအများစု ထင်ကြသလို ရွှေမန်း ဖြစ်မလား။ ဒါမှမဟုတ် တခြားတစ်ယောက် ဖြစ်မလား ဆိုတာကတော့ လုံးဝ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဖြစ်နိုင်တဲ့ ဇာတ်ကွက် တစ်ခုလို့တော့ ပြောလို့ ရပါတယ်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Ttgtravelhub.net, 16th July 2010

ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်းသည် အမေရိကန် ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ကြယ်ငါးပွင့် ဟိုတယ် တစ်ခုကို မြန်မာနိုင်ငံ တောင်ဖက်တွင် တည်ဆောက်လျက် ရှိသည်။

၂၀၁၂ ဒီဇင်ဘာလ ၎င်းဟိုတယ် ဖွင့်လှစ်သည့် အခါ တနင်္သာရီတိုင်းတွင် အကြီးဆုံး အပန်းဖြေ ခရီးသွား စီးပွားလုပ်ငန်း ဖြစ်လာလိမ့်မည်။ မြိတ်မြို့နယ် အတွင်း တည်ရှိသော အမည် မပေးရသေးသည့် အပန်းဖြေ ဟိုတယ်ကို အပိုင်းလိုက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အခန်း ၆၀ ခန့်ကို ပထမ ဖွင့်လှစ်မည် ဖြစ်ကာ ဒုတိယ အဆင့် အခန်း ၄၀ ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်ပြီး လာမည့်နှစ်တွင် စတင်မည်ဟု ဆိုသည်။

၎င်းအပန်းဖြေ ဟိုတယ်တွင် Standard, Suite နှင့် Superior Suite အခန်း သုံးမျိုး သုံးစား ပါဝင်ပြီး ညီလာခံ ခန်းမ၊ အစည်းအဝေးခန်းများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အားကစား ခန်းမ၊ ဈေးဝယ်စင်တာနှင့် အခွန်လွတ် အရောင်းဆိုင်များလည်း ပါဝင်သည်ဟု သိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Kwang-Tae Kim, 16th July 2010

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားရေးမှူးရုံးနှင့် ရှားရှားပါးပါး တွေ့ဆုံစဉ်တွင် မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း ပြန်လည် ပြောကြားလာသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများသည် မေလက စစ်ဆေးမှုများ ပြီးစီးသွားရာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ခြဲ့ခင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ဆိုးလ်ကမူ ယခု တိုက်ခိုက်ခံရမှုသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲပြီးကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်ခံရမူ ဖြစ်ကြောင်း ပြောခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အဆိုပါ ကိစ္စသည် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ပြုံးယမ်းက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ၎င်းအား ပြစ်ဒဏ်ခတ်မှုများ ပြုခဲ့ပါက စစ်ပွဲ ဖြစ်စေမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ရာ သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပေ။

ကြာသပတေးနေ့က နယ်စပ်ရှိ စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom ရွာတွင် မြောက်ကိုရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံရာတွင် မြောက်ကိုရီးယားတို့က အခင်းဖြစ်ပွားရာ နေရာသို့ ပြုံယမ်းမှ စစ်ဆေးသူများ သွားရောက်ခွင့် ပြုရန် အလေးထား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြာသပတေးနေ့ နှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယခု ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲ အောင်မြင်သည့် အထိမ်းအမှတ် အဖြစ် စစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခွင့် ပြုသင့်ကြောင်း ကိုရီးယား ဗဟို သတင်းဌာန (KCNA) က ပြုံးယမ်းမှ ပြောကြားခဲ့သည်။

ဆိုးလ်ကမူ ယခုအထိ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကုလသမဂ္ဂ ကွပ်ကဲမှု ဌာနကမူ အပစ်အခတ် ရပ်စဲမှုကို အလေးထားသည့် အနေဖြင့် မည်သူ ချိုးဖောက်ကြောင်း အတွက် သီးခြားစီ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကိုမူ ထုတ်ဖော်ပြခဲ့ခြင်း မရှိပါ။

နှစ်ဖက်စလုံးက ဒုတိယအကြိမ် ဗိုလ်မှူးကြီး အဆင့် တွေ့ဆုံမှုကို အဆိုပါ နေရာ၌ပင် ဇူလိုင်လ ၂၀ ရက် ဝန်းကျင်တွင် ပြုလုပ်ရန် သဘောတူခဲ့သည်ဟု KCNA က ပြောသည်။

ဝါရှင်တန်တွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် စွပ်စွဲထားချက်များနှင့် ပတ်သက်၍ နည်းလမ်း အမျိုးမျိုး စဉ်းစားလျက် ရှိသည်ဟု ဆိုသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် မြောက်ကိုရီးယား အနေဖြင့် ရန်စသည့် အပြုအမူများ မရုတ်သိမ်း မချင်းနှင့် ယခင် နျူကလီယာ လက်နက်က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် စိတ်မဝင်စားကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်နှင့် မြောက်ကိုရီးယားတို့ ကန့်ကွက်နေသည့် ကြားမှ ပင်လယ်ဝါတွင် အမေရိကန်-တောင်ကိုရီးယား ရေတပ် လေ့ကျင့်ခန်း အစီအစဉ်ကို စီစဉ်ထားသည့် အတိုင်း မကြာမီ ပြုလုပ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီး Chang Soo-man က ကြာသပတေးနေ့က ပြောကြားလိုက်သည်။

ရေတပ် လေ့ကျင့်ခန်း အစီအစဉ် မကြာသော ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် အမေရိကန် လေယာဉ်တင် သင်္ဘောသည် အရှေ့ပင်လယ်တွင်သာ ပါဝင်မည် ဖြစ်ပြီး တရုတ် ရေပိုင်နက် အနီး ပင်လယ်ဝါတွင် ပါဝင်မည် မဟုတ်ကြောင်း Chang က နယူးယောက်တွင် ပြောကြားခဲ့သည်။

တရုတ်က အဆိုပါ ပူးတွဲ ရေတပ် လေ့ကျင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကြောင်း ကြာသပတေးနေ့က ထပ်မံ ပြောကြားခဲ့သည်။ ထိုသို့ ပြုမူခြင်းသည် ရှိပြီးသား တင်းမာမှုကို ပိုမို ဖြစ်စေပြီး တရုတ် အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 15th July 2010

ရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါက အစိုးရ လျော်ကြေး အစီအစဉ် ခံစား ရရှိခွင့်ကို ပိတ်ပင်ထားသည့် စည်းကမ်း ဥပဒေကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးကို လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

ဇူလိုင် ၁၂ ရက် နေ့စွဲပါ ပိုင်သွန်ကေသွန်ထံ အိတ်ဖွင့်ပေးစာကို နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ၊ ဒုက္ခသည်နှင့် လူဝင်မှုဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မတီတို့ အပါအဝင် လူ့အခွင့်အရေး အုပ်စု ၁၄ ခုက လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံမှ ၈၀ % ပါဝင်သည့် ရွှေ့ပြောင်း အလုပ်သမားများအား "လုပ်ငန်းခွင် မတော်တဆမှု လျော်ကြေး အစီအစဉ်" တွင် ထည့်သွင်းပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ စီးပွားရေးတွင် အတွင်းကျကျ ပါဝင်နေသော်လည်း ထိုင်းအာဏာပိုင်များက ပေါ့လျော့စွာ ပစ်ပယ် ဆက်ဆံခဲ့ကြပြီး ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ခံစားခွင့်ကို မကြာခဏ ပိတ်ပင်ခဲ့ကြသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယခင်ကပင် သတိပေးခဲ့သည်။ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများသည် ဆိုးဆိုးဝါးဝါး နိမ့်ကျသော အခြေအနေများထဲတွင် နေထိုင်၊ လုပ်ကိုင် နေကြရသည်" ပေးစာတွင် ဖော်ပြထားသည်။

ယခင်လက ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ အပေါ် ကြီးမားသော နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီ၍ ဖမ်းဆီး စုစည်းကာ ထိန်းသိမ်းရေး စခန်းများသို့ ပို့ခဲ့သည်။ ဤလှုပ်ရှားမှုသည် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အတွက် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ဖမ်းဆီး၊ တရားစွဲဆိုမည့် အစိုးရဌာန ဖွဲ့စည်းခြင်း၏ နောက်ဆက်တွဲအဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အစိုးရက ပြောကြားသည်။

လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာရသွားသော ရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ရှင်များထံမှ လျော်ကြေး တောင်းရန် ဖိအားပေးမှုများ ရှိသော်လည်း လျော့နည်းသော အလုပ်သမား အခွင့်အရေး ဥပဒေများကြောင့် အလုပ်ရှင်များမှာ လျော်ကြေး မပေးဘဲ မကြာခဏ လွတ်မြောက် သွားနိုင်ကြသည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း HRDF မှ စိန်ဌေးက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဆောက်လုပ်ရေးနှင့် ငါးဖမ်းလုပ်ငန်း ကဲ့သို့သော မတော်တဆမှု အန္တရာယ်များသည့် အလုပ်ကြမ်း လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြရသည်။ တတ်နိုင်သမျှ အကောင်းဆုံး လုပ်မည်ဟု ပြောကြားခဲ့သော ပိုင်သွန်ကေသွန်က ပေးစာကို လက်ခံခဲ့သည်ဟု စိန်ဌေးက ပြောဆိုသည်။

လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်ကာ မသန်မစွမ်း ဖြစ်သွားသူ၊ ဒုက္ခိတ ဖြစ်သူ၊ သေဆုံးသူ "အလုပ်သမား အားလုံး" ကို လုပ်ငန်းခွင် ထိခိုက်မှု လျော်ကြေးပေးရန် အတွက် အခြေအနေ၊ စည်းမျဉ်းစနစ်၊ လုပ်ထုံးလုပ်နည်းများကို ၁၉၉၄ လုပ်ငန်းခွင် လျော်ကြေး အစီအစဉ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်ဟု ပေးစာတွင် ရေးသားထားသည်။

သို့ရာတွင် အမှန်တကယ်၌ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားများသည် အခြေခံ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးများကို ပိတ်ပင်ခံနေရပြီး သာတူညီမျှမှုနှင့် ခွဲခြား မဆက်ဆံရေး စံနှုန်းများကိုလည်း လက်ခံ ကျင့်သုံးနိုင်ခြင်း မရှိခဲ့ဟု ပေးစာတွင် တိုင်ကြားထားသည်။

လတ်တလော နှစ်များအတွင်း အလားတူ တောင်းဆိုချက် များစွာကို ထိုင်းအစိုးရထံ တင်ပြခဲ့ကြသော်လည်း ရွှေ့ပြောင်း အလုပ်သမား အများစုမှာ တရားမဝင် ရောက်လာသူများ ဖြစ်၍ နိုင်ငံတော် လျော်ကြေး အစီအစဉ်နှင့် အကျုံးမဝင် ဟူသော အကြောင်းပြချက်ကို အခြေခံကာ ထပ်ဖန်တလဲလဲ ပယ်ချမှုများ ပြုလုပ်ခဲ့သည်ဟု စိန်ဌေးက ဆိုသည်။

"နိုင်ငံတကာ အလုပ်သမား ဥပဒေ၊ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေနဲ့ ထိုင်းလျော်ကြေး ဥပဒေတွေကို ကိုးကားပြီး ကျွန်တော်တို့ တောင်းဆို တင်ပြခဲ့တာပါ။ ဒီကိစ္စမှာ ကျွန်တော်တို့ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.