Transparency Myanmar

transparency.myanmar@gmail.com

(The Nation သတင်းစာမှ Jan 7 2011 ရက်စွဲပါ Thailand Retains Position as world's top rice exporter in 2010 သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ ဆန် မက်ထရစ် တန်ချိန် ၉.၀၃ သန်းခန့် တင်ပို့ကာ ဆယ်စုနှစ် တစ်စုကြာ ရယူထားသော ကမ္ဘာ့ ထိပ်ဆုံး ဆန်တင်ပို့သူ နေရာတွင် ဆက်လက် ရပ်တည်နေသည်ဟု ဆန်လုပ်ငန်း သတင်း ရပ်ကွက်က သောကြာနေ့တွင် ပြောကြားသည်။

ထိုင်းနိုင်ငံ၏ ယခင်နှစ် ဆန်တင်ပို့မှု ပမာဏသည် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နိုင်ငံအား ခန့်မှန်းခြေ ဒေါ်လာ ၅.၃ ဘီလျံခန့် ရှာဖွေ ပေးနိုင်ခဲ့သည်ဟု ဆန်တင်ပို့သူများ အသင်း ပြောရေး ဆိုခွင့် ရှိသူ ဗီဆန်နူးဆိုင်ကူးက ဆိုသည်။

နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး နယ်ပယ်တွင် ထိုင်းနိုင်ငံ၏ အနီးကပ်ဆုံး ပြိုင်ဖက် ဖြစ်သော ဗီယက်နမ် နိုင်ငံကမူ ခန့်မှန်းခြေ ဆန်တန်ချိန် ၆.၉ သန်းခန့် မနှစ်က တင်ပို့ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံက ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးကာ ကမ္ဘာ့ဆန်လောက၏ ယခင် ထိပ်ဆုံး နေရာ ဆုံးရှုံးသွားခဲ့သော ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ကမ္ဘာ့ ဦးဆောင် ဆန်တင်ပို့သူ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၀၈ ခုနှစ်တွင် တန်ချိန် ၁၀ သန်း တင်ပို့ကာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၀၉ တွင်မူ တန်ချိန် ၈.၆ သန်း တင်ပို့နိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆန်တင်ပို့မှု ဈေးကွက်မှာ အာဖရိက ဖြစ်၍ နိုင်ဂျီးရီးယား၊ အိုင်ဗရီကိုစ့်နှင့် တောင်အာဖရိကတို့က အများဆုံး ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

"အာရှတိုက်မှာတော့ မနှစ်က ဗီယက်နမ်ကို ဈေးကွက် တချို့ ခွဲပေးလိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးနှုန်းက မြင့်နေလို့ပါ" ဟု ဗီဆန်နူးက ဆိုသည်။ ထိုင်းနိုင်ငံသည် ၂၀၁၁ တွင် ဆန်တန်ချိန် ၉.၅ သန်း တင်ပို့ရန် ရည်မှန်းထားကာ ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလျံမှ ၅.၆ ဘီလျံသို့ တိုးတက်လာမည်ဟု ကုန်သွယ်ရေး ဝန်ကြီး မွန်တီဗာနာကာဆိုင်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment