Transparency Myanmar

transparency.myanmar@gmail.com

(UN News Centre မှ 7 Jan 2011 ရက်စွဲပါ Ban and Chimese Foreign Minister stress need for peace on Korean Peninsula ကို ဘာသာပြန်ဆိုသည်။)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီနှင့် ကိုရီးယား ကျွန်းဆွယ် အခြေအနေကို ယနေ့ ဆွေးနွေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း နှစ်ဦးလုံးက အလေးအနက် ပြောကြားခဲ့ကြသည်။

ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီယာ ကိစ္စနှင့် ပတ်သက်သည့် အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သော တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် လိုအပ်ကြောင်း ကိုလည်း ကုလသမဂ္ဂ ဌာနချုပ်တွင် ၎င်းတို့ နှစ်ဦး တွေ့ဆုံစဉ် အလေးထား ပြောဆိုခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တက်ကြွသော ကြိုးပမ်း အားထုတ်မှုများကို အထွေထွေ အတွင်းရေးမှူးချုပ်က လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟုလည်း အစည်းအဝေး အပြီးတွင် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ ထုတ်ပြန်သော အချက်အလက် များအရ သိရှိရသည်။

ကုလ အထွေထွေ အတွင်းရေးမှူးသည် ယခု သီတင်းပတ် အစောပိုင်းက အလားတူ ကိစ္စကိုပင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်နှင့် တယ်လီဖုန်းဖြင့် စကား ပြောဆိုခဲ့ကြရာတွင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ချောမွေ့စေရန် အတွက် စိုးရိမ် ပူပန်နေသော နိုင်ငံများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ကာ အကူအညီပေးရန် ၎င်းအနေဖြင့် အဆင်သင့် ရှိနေကြောင်း ဘန်ကီမွန်းက ထပ်လောင်း အတည်ပြု ပြောဆိုခဲ့သည်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဆူဒန်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့မှ အခြေအနေများ အပြင် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အတိုက်အခံ သမ္မတလောင်းက အောင်ပွဲခံခဲ့သော်လည်း ရာထူးမှ ဆင်းပေးရမည့် သမ္မတက နှုတ်ထွက်ရန် ငြင်းဆန်နေသည့် အိုင်ဗရီကိုစ့်မှ လက်ရှိ ဖြစ်ပွားနေဆဲ ပြဿနာကိုလည်း ယနေ့ ဆွေးနွေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment