Transparency Myanmar

transparency.myanmar@gmail.com

(ဇန်နဝါရီ 17 ၊ 2011 ရက်စွဲပါ Express India မှ Gireesh Chandra Prasad ရေးသားသော Payment dispute thwarts India's fule export plan to Burma ကို ဘာသာပြန်သည်)

အိန္ဒိယ နိုင်ငံပိုင် ရေနံ လုပ်ငန်း၊ တန် (၂.၇) သန်းရှိ Numaligarh ရေနံချက် စက်ရုံမှ ထွက်ရှိသော ရေနံထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ရန် စီစဉ်လျက် ရှိရာ သဘော မတူညီမှု အချို့ ဖြစ်ပေါ်လျက် ရှိသည်။ RBI၊ SBI နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့သည် မြန်မာ စစ်အစိုးရက ရေနံထွက် ပစ္စည်းများ အတွက်ငွေကို ရူပီးငွေဖြင့် ပေးချေရန် အဆိုပြုချက်ကို ပယ်ချခဲ့သည်။ အိန္ဒိယက ငွေပေးချေမှုကို ဒေါ်လာဖြင့်သာ ပြုလုပ်လိုခြင်းကြောင့် ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယ နိုင်ငံပိုင် Oil India သည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် ဆန္ဒရှိရာ မြန်မာနိုင်ငံနှင့် ရေရှည် ရောင်းချရေး စာချုပ် ချုပ်ဆိုရန် ဆွေးနွေးလျက် ရှိသည်။

မြန်မာနိုင်ငံနှင့် သဘော တူညီမှု မရရှိခြင်းသည် အိန္ဒိယ၏ ရေနံ ရောင်းဝယ်ရေးတွင် မသေချာ မရောရာမှုများထဲမှ တစ်ခုသာ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံလိုအပ်ချက် စတုတ္ထ အကြီးဆုံးနိုင်ငံ ဖြစ်ပြီး အီရန်နိုင်ငံက ရေနံစိမ်း တင်သွင်းရာတွင် အနည်းငယ် မသေချာမှုများ ကြုံတွေ့ရလျက် ရှိသည်။ အိန္ဒိယနိုင်ငံသို့ ဆော်ဒီ အာရေဗျ နိုင်ငံက ရေနံစိမ်း အများဆုံး တင်ပို့ပြီး၊ အီရန်နိုင်ငံက ဒုတိယ အများဆုံး တင်ပို့သည်။ အိန္ဒိယသည် ရေနံစိမ်း ၈၀ % တင်သွင်းပြီး၊ ထွက်ရှိသော ရေနံထွက် ပစ္စည်းများ အနက်မှ ၃၀ % ကို နိုင်ငံခြားသို့ ပြန်လည် ရောင်းချသည်။

"Oil India က လောင်စာဆီ ရောင်းရငွေကို ရူပီးနဲ့ လက်ခံမယ် ဆိုတာကို ဘဏ္ဍာရေး ဝန်ကြီးဌာနက သဘော မတူပါဘူး။ မြန်မာနိုင်ငံက ရေရှည် ရူပီးနဲ့ ငွေပေးချေဖို့ ဘယ်လောက် သေချာလို့လဲ။ ရူပီးဘယ်က ရမှာလဲ။ အိန္ဒိယ အနေနဲ့ကတော့ ဒေါ်လာနဲ့ပဲ လိုချင်ပါတယ်" ဟု မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်းမှုများကို အနီးကပ် သိရှိသူ တစ်ဦးက ပြောသည်။ "အခုတော့ Oil India က သူ့ရဲ့ ရေနံထွက် ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဘို့ ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် အိန္ဒိယ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း ကုန်သွယ်မှု သဘော တူညီချက် မရရှိသေးကြောင်း၊ ဆွေးနွေးရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ယခုအခါ Oil India သည် Numaligarh ရေနံချက် စက်ရုံမှ ထွက်သော ပစ္စည်းများကို ပြည်တွင်းသုံး အဖြစ်သာ ရောင်းချလျက် ရှိပြီး အဓိကအားဖြင့် Bharat Petroleum ကော်ပိုရေးရှင်းနှင့် India oil ကော်ပိုရေးရှင်းသို့ ရောင်းချသည်။ အစိုးရက ပြည်တွင်းတွင် လောင်စာဆီကို သတ်မှတ် ဈေးနှုန်းဖြင့်သာ ရောင်းချရန် ကန့်သတ်ထားခြင်းကြောင့်  ဖြစ်ပေါ်လာသော အရှုံးများကို ရောင်းဝယ်ရေး ကုမ္ပဏီများကသာ ခံစားကြရပြီး၊ ရေနံချက် စက်ရုံများက ခံစားရခြင်း မရှိပေ။ ရေနံချက် စက်ရုံများသည် အိန္ဒိယတွင် ဓါတ်ဆီနှင့် ဒီဇယ်အတွက် ကုန်သွယ်ရေး ညီမျှမှု ဈေးနှုန်း (၈၀% သွင်းကုန် ဈေးနှုန်းနှင့် ၂၀% ထုတ်ကုန် ဈေးနှုန်း) ရရှိသည်။ ၎င်းတို့သည် LPG နှင့် ရေနံဆီ အတွက် သွင်းကုန် ညီမျှမှု ဈေးနှုန်း ရရှိသည်။

ယခုအခါ အိန္ဒိယ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် တီဟီရန်သို့ ရောက်ရှိနေပြီ၊ ရေနံစိမ်း တင်သွင်းမှု သေချာစေရေး အတွက် အဖြေရှာ ဆွေးနွေးလျက် ရှိသည်။ အိန္ဒိယသည် ၂၀၀၉-၁၀ တွင် ရေနံထွက် ပစ္စည်း ၅၀,၉၇၄,၀၀၀ မက်ထရစ်တန် တင်ပို့ခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်က ထက်စာလျှင် ၃၈% တိုးတက်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment