Transparency Myanmar

transparency.myanmar@gmail.com

(VOA News မှ 18 Jan  2011 ရက်စွဲပါ "ILO Wellcomes Burma's Proposed New Labor Laws" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂများကို ကြီးမားစွာ လွတ်လပ်ခွင့် ပြုမည့် အဆိုပြု ဥပဒေများကြောင့် အားတက် သရော ဖြစ်ရသော်လည်း တပ်မတော်နှင့် အရပ်ဖက် ကဏ္ဍတွင် ကလေးသူငယ် အလုပ်သမားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ပြောကြားသည်။

ဆန္ဒပြခွင့် ရှိသော တရားဝင် အလုပ်သမား သမဂ္ဂများကို ခွင့်ပြုမည့် ဥပဒေကို တပ်မတော် အစိုးရက စီစဉ် ပြင်ဆင်လျက် ရှိပြီး ယင်းဆောင်ရွက်ချက်သည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု လက္ခဏာများ၏ နောက်ထပ် အဆင့် တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံမှ ILO ကိုယ်စားလှယ် Steve Marshall က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလက ရွေးချယ် တင်မြှောက်ခဲ့ပြီး ဇန်နဝါရီ လကုန်ပိုင်းတွင် ပထမဆုံး အကြိမ် စည်းဝေးမည့် လွှတ်တော်သစ် မစတင်မှီ ယခု ဥပဒေကို ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ယခု ဥပဒေသည် မြန်မာနိုင်ငံ၏ အလုပ်သမား အခွင့်အရေး ကိစ္စတွင် အဓိက အဆင့် တစ်ခုကို ဆောင်ရွက် နိုင်ခြင်း ဖြစ်သည်ဟု Marshall ကပြောကြားသည်။

"သိသာ ထင်ရှားတဲ့ အချက် ကတော့ အလုပ်သမားတွေနဲ့ ပြည်သူတွေကို ထိထိ ရောက်ရောက် ကိုယ်စားပြုတဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရမယ့် အချက်ပါ။ ကိုယ်စားပြုမယ့် ကိစ္စတွေကတော့ ဥပမာ ပြောရရင် စုပေါင်း တောင်းဆိုမှုပေါ့၊ ဆန္ဒပြခွင့် ကိစ္စတွေလည်း ပါမှာပါ၊ ဒါဟာ သိပ်ကို အရေးကြီးပါတယ်၊ တကယ်လို့ ဥပဒေ အဖြစ် ထွက်ပေါ်လာပြီ ဆိုရင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက် နိုင်မယ့် လမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်နိုင်တယ်လို့ ဆိုရမှာပါ" ဟု Marshall က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံမှ တပ်မတော် အစိုးရသည် ILO စံချိန်ညွှန်း သတ်မှတ်ချက် ဖြစ်သည့် နိုင်ငံတကာ အသိအမှတ်ပြု Freedom of Association Covention စာချုပ်ကိုလည်း လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်ဟု သိရှိရသည်။

သို့ရာတွင် Marshall က အထက်ပါ ဥပဒေ ပေါ်ထွက်လာမှုသည် မြန်မာ နိုင်ငံ၏ တိုးတက်သော အလုပ်သမား ဈေးကွက်ကို ဦးတည်သည့် ခြေလှမ်း တစ်ခု ဖြစ်သော်လည်း အလုံးစုံ ပြုပြင် ပြောင်းလဲရေး အစီအစဉ်မှား ကနဦး အစသာ ရှိသေးသည်ဟု ပြောကြားခဲ့သည်။

သမဂ္ဂများနှင့် သင်းပင်း အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေး နယ်ပယ်၏ သွင်ပြင် လက္ခဏာ ဖြစ်နေသောကြောင့် ၎င်းတို့အား တပ်မတော်က တင်းကြပ်စွာ ထိန်းချုပ် ထားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များမှာ တပ်မတော်က ခွင့်မပြုသော လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ထောက်ဒဏ် အပြစ်ပေးခြင်း ခံကြရသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား အဖွဲ့ ဖြစ်သည့် AAPP(Burma)က ပြောကြားရာတွင် လက်ရှိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်အနက် ၄၄ ဦးမှာ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ILO ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အဓမ္မ ခိုင်းစေမှု အဆုံးသတ်ရေး  ဖြစ်ပြီး အဆိုပါ ကိစ္စကို တပ်မတော် အစိုးရနှင့် သဘော တူညီမှု ရရှိထားကာ ILO ဌာနေ အရာရှိများထံ တိုင်ကြားခွင့် ပြုထားသည်ဟု သိရှိရသည်။ ILO သည် ပြီးခဲ့သော နှစ်က တိုင်ကြားစာ ၃၇၀ လက်ခံ ရရှိခဲ့ပြီး လတ်တလော နှစ်များ အတွင်း သိသာစွာ များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ Marshall က ကလေး သူငယ် အလုပ်သမား ကိစ္စနှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား စုဆောင်းခြင်း ကိစ္စများနှင့် ပတ်သက်၍ ILO အနေဖြင့် စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု ပြောကြားသည်။ ယင်းကိစ္စကို လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးရာတွင် တိုးတက်မှု လက္ခဏာများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

"ကလေး စစ်သား စုဆောင်းတဲ့ ကိစ္စမှာဆိုရင် ယေဘုယျအားဖြင့် အပေါင်း လက္ခဏာ ဖက်ကို ရောက်လာပါတယ်။ ဥပမာ မနှစ်က ILO ကို တိုင်ကြားခဲ့တဲ့ ကလေး ၇၃ ယောက်ကို စစ်တပ်က ထုတ်ပယ်ပြီး ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်" ဟု Marshall က ပြောကြားသည်။

တပ်မတော် အစိုးရက ၂၀၁၂တွင် စတင် အကျုံးဝင်မည့် အမျိုးသားရော၊ အမျိုးသမီးများပါ စစ်မှု ထမ်းရမည့် အစီအစဉ်ကို လတ်တလော ကြေညာခဲ့သည်။

တပ်သားသစ် စုဆောင်းမှုနှင့် တပ်ပြေး ပြဿနာများဖြင့် ရင်ဆိုင်နေရသော မြန်မာ့ တပ်မတော်သည် ပွဲစားများ အသုံးပြုကာ အရွယ် မရောက်သေးသော ကလေး သူငယ်များကို စုဆောင်းရန် ကြိုးစားလာခဲ့သည်။ ယခု အဆိုပြုထားသော နိုင်ငံတော်စစ်မှုထမ်း ဥပဒေသည် ကလေးစစ်သား စုဆောင်းမှုအပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိလာမည်ဟု မျှော်လင့်ကြောင်း Marshall က ပြောကြားသည်။

ဆင်းရဲ မွဲတေမှုကြောင့် မိဘများက ကလေးများအား ပညာသင်ပေးရန် မတတ်နိုင်သည့် အချိန်တွင် ကလေးများ အလုပ်လုပ်ရန် သိမ်းသွင်း ဖြားယောင်း ခံကြရခြင်း ဖြစ်သည်ဟု Marshall က ဆက်လက် ပြောဆိုသည်။

သို့သော်လည်း အဓမ္မ ခိုင်းစေမည့် ကိစ္စမှာ မြန်မာနိုင်ငံ တဝှမ်းတွင် အဓိက ပြဿနာ တစ်ရပ် ဖြစ်နေဆဲဟု သိရှိရပြီး တောနယ် ကျေးရွာများတွင် ရွာသားများအား လမ်းဖောက်ခိုင်းခြင်း၊ တပ်မတော် အတွက် အခြား အလုပ်များ ခိုင်းစေခြင်းနှင့် ထောင်သားများကို ဒေသခံ လုပ်ငန်းများတွင် အသုံးပြုခြင်း စသော ကိစ္စများကို လူ့အခွင့်အရေး အုပ်စုများက ရည်ညွှန်း ကိုးကား အစီရင်ခံ တင်ပြထားကြသည်။

မြန်မာ နိုင်ငံ၏ အလုပ်သမား ရေးရာ ဆောင်ရွက်မှုများကို ထပ်မံ အကဲ ဖြတ်မှုကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု မျှော်လင့်ရပြီး အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ပါဝင်သည့် ILO မစ်ရှင်က မြန်မာ နိုင်ငံမှ ပြုပြင် ပြောင်းလဲမှုနှင့် အလုပ်သမား ဥပဒေသစ်ကို လာရောက် အကဲဖြတ်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment