Transparency Myanmar

transparency.myanmar@gmail.com

စစ်ဘက်အုပ်ချုပ်ရေးအလွန်အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၄)
စစ်ဘက်အရာရှိများသည် ၎င်းတို့အုပ်ချုပ်စဉ်ကာလသည်
ဒီမိုကရေစီကိုဖော်ဆောင်ခြင်းမပြုနိုင်သေးသည့် တည်ငြိမ်မှုမရှိသေးသာ
အချိန်ကာလတစ်ရပ်ကို ထိန်းသိမ်းရခြင်းဖြစ်ပါသည်ဟု
အကြောင်းပြလေ့ရှိသော်လည်း ရေရှည်တွင် အာဏာရှင်တစ်ဦးတစ်ယောက်၏
ထိန်းချုပ်မှုကို သက်တမ်းရှည်စေရန်ပြုလုပ်ပေးခြင်းမျိုးလည်း ဖြစ်နိုင်သည်။
မက္ကဆီကို နှင့် ကျူးဘားနိုင်ငံတို့တွင် စစ်တပ်ဖွဲ့များသည် အာဏာရပါတီအား
အခိုင်အမာ သြဇာ ခံခဲ့ကြကာ ပါတီ၏ နိုင်ငံ့အာဏာပိုင်စိုးမှုကို
ဆက်လက်ထိန်းသိမ်းခြင်းအား အလေးအနက် ပြုခဲ့ကြသည်။ မက္ကဆီကိုတွင် များစွာသော
လမ်းကြောင်တို့က အရပ်သားအုပ်ချုပ်မှုပြန်လာစေရေးကို ထောက်ကူပေးခဲ့သည်။
ဥပမာ အမေရိကန်သည် လက်တင်အမေရိကရှိ စစ်အစိုးရများအား
လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ဖိအားပေးကာ အထီးကျန်စေခဲ့ပြီး
ထိုစစ်အစိုးရများအာဏာစွန့်စေခဲ့သည်အထိ
အထောက်အကူပြုပေးခဲ့သည်။လက်တင်အမေရိကရှိ စစ်တပ်များသည်
လုပ်ငန်းစဉ်များပြောင်းလဲလာကြပြီး အာဂျင်တီးနားနှင့် ဥရုဂွေး
စစ်တပ်များသည် နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် ပါဝင်လာကြသည်။
ဤတပ်ဖွဲ့များ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင်
ပါဝင်လာခြင်းဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့်
ပူးတွဲတာဝန်ထမ်းဆောင်ရာမှ ပညာသည်ပီသမှုနှင့် အရပ်သားအစိုးရ၏
တန်ဖိုးများကို နားလည်လာ ကြပြီး အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်သို့
တဖြေးဖြေးလက်ခံလာကြသည်။ သို့ရာတွင် အချို့လက်တင်အမေရိက နိုင်ငံများတွင်မူ
စစ်တပ်များသည် ကြီးမားသောအကျိုးကျေးဇူးများကို ရယူထားလျှက်ပင်ရှိကြသည်။
ထို့ပြင် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှက်ရှိကြပြီး
စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်းများထုတ်လုပ်သည့် စက်မှုဆိုင်
ရာလုပ်ငန်းများတွင် လုပ်ကိုင်ပါသည်ဆိုသော်လည်း အချို့သည်
အရပ်ဘက်စီးပွားရေးများအထိ ကျယ်ပြန့်စွာ ပါဝင်ပတ်သက်လေ့ရှိကြသည်။
၎င်းကာကွယ်ရေးဝန်ကြီးဌာနများသည် စစ်တပ်အရာရှိများ၏ အသုံးစားရိတ် နှင့်
ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက်
ချက်လက်မှတ်ထုတ်ပေးခြင်းထက်ပိုသောအဆင့်မျိုးကို ရယူခဲ့ကြသည်။
၁၉၆၀နှင့် ၇၀ ပြည့်နှစ်လွန်ကာလများအတွင်
အရပ်သားအစိုးရကိုကူးပြောင်းသောနိုင်ငံများတွင် ကွဲပြားခြားနား သည့်
စိန်ခေါ်မှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စများတွင်
စီမံခန့်ခွဲရန် အရပ်ဘက်အစိုးရများ၏ အရည်အချင်း မပြည့်မှီခဲ့မှုကြောင့်
စစ်ဘက်အာဏာသိမ်းမှုများမကြာခဏဆိုသလိုဖြစ်ပွားခဲ့သည်ကိုလည်းတွေ့ရပေမည်။
အထူးသဖြင့် အာရှဒေသများတွင် အဖြစ်များပြီး
လက်တင်အမေရိကနိုင်ငံများကဲ့သို့ စစ်ဘက်က ကျားကန်ထားသော အာဏာပိုင်
အစိုးရများက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရှင်သန် တိုးတက်အောင်
ပြုစုပျိုးထောင်ရန်၊ လာဘ်ပေး လာဘ်ယူမှု ခြစားမှုများကို တိုက်ဖျက်ပစ်ရန်၊
နိုင်ငံရေး တည်ငြိမ်မှုများကို သေချာစေရန်၊ ယင်းတို့နှင့်အတူ အလယ်အလတ်
တန်းစား လူတန်းစား အရွယ်ပမာဏ ကြီးကြီးမားမား ပေါ်ထွက်လာစေရန် စသည့်
ဒီမိုကရေစီစံနှုန်းများကို ဖော်ဆောင်မပေးနိုင်သ ဖြင့်
စက်ဘက်အာဏာသိမ်းမှုများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့်
ဖိလစ်ပိုင်နိုင်ငံများတွင် ထင်သရှားစွာဖြစ်ပေါ်ခဲ့ သည်။
ဆန့်ကျင်ဘက်အားဖြင့် တောင်ကိုးရီးယားနှင့် တိုင်ဝမ်နိုင်ငံများတွင်မူ
အာဏာပိုင် အစိုးရများ၏ လက်အောက်တွင် အလွန်ကြီးမားသော စီးပွားရေး
အောင်မြင်မှုများက ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုကို တွန်းတင်သော
လူမှုရေးနှင့်စီးပွားရေး အင်အားစုများကို ဖန်တီးပေးခဲ့သည်။
သို့သော်ငြားလည်း လက်တင်အမေရိကတွင်လို မဟုတ်ပဲ အာရှနိုင်ငံများတွင်
စစ်အစိုးရများသည် နိုင်ငံအာဏာကို ဆက်လက်ချုပ်ကိုင်ထားကြသည်။
လက်နက်ကိုင်တပ်ဖွဲ့ များသည် အသစ်ပေါ်ထွက်လာသော ဒီမိုကရေစီ နိုင်ငံများစွာ၏
နောက်ကွယ်တွင် အစွမ်း အာဏာရှိသော အခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်တွင်
ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများက စစ်ဘက်၏ အခန်းကဏ္ဍအား အဓိက သက်ရောက်မှု
တစ်ခုဖြစ်စေခဲ့သည်။
ပြည်ပခြိမ်းခြောက်မှု၊
ပြည်တွင်းသောင်းကျန်းမှုများချုပ်ငြိမ်းသွားခဲ့ခြင်းက စစ်တပ်များ၏
အခန်းကဏ္ဍများကိုလျော့ ချပေးခဲ့သော်လည်း အနည်းငယ်သောနိုင်ငံများတွင်
ပြင်ပခြိမ်းခြောက်မှု ကြီးကြီးမားမားကို ရင်ဆိုင်လာနေရဆဲ ဖြစ်သည်။
အထင်အရှားအားဖြင့် တိုင်ဝမ်နှင့် တောင်ကိုးရီးယားနိုင်ငံ တို့ဖြစ်သည်။
အခြားသော အချက်နှစ်ချက်က ဒေသအတွင်းရှိ အရပ်ဘက်စစ်ဘက် - ဆက်ဆံရေး အပေါ်တွင်
ဆန့်ကျင်ဘက် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ဘက်တဘက်တွင်တော့ စစ်ဘက်တို့သည်
ပြင်ပဆိုင်ရာလုံခြုံရေးအတွက်သာမက ပြည်တွင်း ဆိုင်ရာလုံခြုံရေး၊
နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက်ပါ
ဖြစ်သည်ဆိုသော ဒေသတွင်းကာလ တာရှည်ခေတ်စားနေသော ကျယ်ပြန့်သည့် အမြင်က
အရပ်သားအစိုးရများမှ စစ်ဘက်တို့၏ ပြည်တွင်းအခန်းကဏ္ဍကို အတိုချုံ့ပစ်ရန်
ခက်ခဲစေခဲ့သည်။ အခြားတဘက်တွင်မူ များစွာသော အင်အားကြီးနိုင်ငံများ
အထင်အရှားအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံနှင့်
ဂျပန်နိုင်ငံတို့က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်ကို စစ်ဘက်တို့၏
နိုင်ငံရေး အခန်းကဏ္ဍလျော့နည်းစေမှုနှင့် စစ်ဘက် ဘတ်ဂျက် လျော့ချမှုတို့အား
ဖွံ့ဖြိုးတိုးတက်မှု အကူအညီဖြင့် ချည်နှောင်ခြင်းဖြင့်
ရှေ့ဆက်တိုးတက်စေရန် ကြိုးစားခဲ့ကြသည်။ လက်တင်အမေရိက ဒေသက
အလားတူနိုင်ငံများလို မဟုတ်ပဲ အာရှဒေသရှိ နိုင်ငံများမှ စစ်တပ်များသည်
သူတို့၏စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရာ တွင် အတော်အတန်
အောင်မြင်ခဲ့ကြသည်။ အသစ်ဖြစ်ပေါ်လာသော ဒီမိုကရေစီများတွင်တောင်မှ စစ်ဘက်
ဘတ်ဂျက်များက ဆက်လက်မြင့်တက် နေခဲ့သည်။ ထို့အပြင်
ပြည်တွင်းစီးပွားရေးတွင် နည်းအမျိုးမျိုးဖြင့် ထိုးဖေါက်လာခဲ့သည်။
စစ်ဘက်အခွင့်အထူးခံများသည် ပြည်သူပိုင် လုပ်ငန်းများနှင့်
ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင်ပါ အမြတ်အစွန်းရသော နေရာများ အရင်းအနှီးများ
ရရှိခဲ့ကြသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း၊
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ဖြစ်သည်။
စစ်ဘက်အခွင့်ထူးခံများသည် မိမိအိုးအိမ်မြေကြီးပေါ်တွင် အစွမ်းကုန်
ရှာဖွေလုပ်ကိုင်သောလုပ်ငန်း (rent-seeking activities)
အမျိုးမျိုးဖြစ်သည့် အကောင်းဆုံး သဘာဝ အရင်းအမြစ် အဆီအနှစ်ထုတ်ယူရေး
လုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်း စသည့်
လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ခဲ့ကြသည်။ နယ်စပ်ဖြတ်ကျော်
ကုန်သွယ်ရေးလုပ်ငန်းများ ဆိုလျှင် ထိုင်း၊ အင်ဒိုနီးရှားနှင့်
ဖိလစ်ပိုင်နိုင်ငံတို့တွင်ဖြစ်သည်။ ထိုလုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူမှု၊
ခြစားမှုများ ကြီးကြီးမားမား ဖြစ်ခဲ့ကြသည်။
စစ်ဘက်ဘတ်ဂျက် လျှော့ချခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ သြဇာအာဏာကို
လျှော့ချရန် ကြိုးစားခဲ့ကြရာ အကျိုးဆက်အနေဖြင့် တင်းမာသောခုခံမှုကို
မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ကြရသည်။ ယင်းသို့မဟုတ်ပါကလည်း စစ်ဘက်တို့အား
၎င်းတို့၏ ဘဏ္ဍာငွေကြေး ရရှိရေး လုပ်ငန်းများကို နည်းအမျိုးမျိုးဖြင့်
ရှာဖွေလုပ်ဆောင်ရေးအား အရှိန်နှင့် တွန်းပို့ လုပ်ဆောင် လိုက်စေသလို
ဖြစ်သွားစေခဲ့သည်။ သို့ပင်ဖြစ်သော်ငြားလည်း အာဏာရရှိလာကြသော ဒီမိုကရေစီ
ခေါင်းဆောင်များသည် စစ်ဘက်၏ ပြည်တွင်းသြဇာအာဏာကို လျှော့ချရန်အတွက်
ပုံသွန်းသော မူဝါဒများကို မကြာခဏ ဥပဒေအဖြစ် ပြဌာန်းခဲ့ကြသည်။ ထို့အပြင်
စစ်ဘက်ဘတ်ဂျက် ဖြတ်တောက်ခြင်းအပြင် စစ်ဘက်မှ ကိုယ်ပိုင်အုပ်ချုပ်
စီမံပိုင်ခွင့်ရသော စီးပွားရေး လုပ်ငန်းများကို အတိုချုံ့ ပစ်ခြင်း၊
အရပ်ဘက် နေရာများမှ စစ်ဘက် အခွင့်ထူးခံများအား ဖယ်ရှားခြင်း၊ အဆင့်မြင့်
စစ်ဘက် အရာရှိများကို အတင်းအကြပ် အနားယူစေခြင်း၊ လူ့အခွင့်အရေး
ချိုးဖေါက်မှုများ၊ ရာဇဝတ်မှုများအတွက် စစ်ဘက်အရာရှိများကို အရေးယူခြင်း
တို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ အချို့သောအစိုးရများသည် စစ်ဘက်က
၎င်းတို့၏ ပညာရပ်နယ်ပယ်ဟု သတ်မှတ် နားလည်ထားသော အရာများကို
ကျူးကျော်ဝင်ရောက် လုပ်ကိုင် တတ်ကြသည်။ သာဓက အားဖြင့် သောင်းကျန်းမှု
ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများကို တာဝန် ထမ်းဆောင်ရန် စစ်ဘက်တို့၏
စွမ်းရည်အား သတ်မှတ် ကန့်သတ်ခြင်း ကဲ့သို့သော အရာမျိုးဖြစ်သည်။ သို့မဟုတ်
အချို့သော အစိုးရများသည် စစ်ဘက်က လက်မခံသော အရပ်သားများကို အစိုးရ၏
ထိပ်ပိုင်း နေရာများ ခန့်အပ်ချင် ခန့်အပ်တတ်ကြခြင်း ဖြစ်သည်။
ဖိလစ်ပိုင်တွင် သမ္မတ ကိုရာဇန်အာကွီနို အတွေ့အကြုံက ထိပ်တိုက်ရင်ဆိုင်သော
ချဉ်းကပ်မှုသည် စစ်ဘက်တို့အား ရန်သူဖြစ်သွားစေခဲ့ခြင်းနှင့် စစ်ဘက်က
နိုင်ငံရေးတွင် စွက်ဖက်ခြင်းအား ပို၍ မြင့်တက်ဖြစ်ပေါ် စေခြင်းကဲ့သို့သော
မလိုအားအပ်သည့် အကျိုးတရားများကို ဖြစ်ပေါ်စေခဲ့သည်ကို ပြသခဲ့သည်။
ဆန့်ကျင်ဘက် ချဉ်းကပ်မှု တစ်ခုဖြစ်သော ကိုရာဇန်အာကွီနိုနောက် ဆက်ခံသော
ဖိဒယ်ရာမို့စ် ကိစ္စက အရပ်သား ခေါင်းဆောင်များသည် စစ်ဘက်အရေးကိစ္စများကို
အလေးအနက် အာရုံထားရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ဖြစ်ခြင်းက
စစ်ဘက်နှင့် ဒီမိုကရေစီအင်အားစု အကြားတွင် ပြန်လည်သင့်မြတ်ရေး
မူဝါဒများကို ရှာဖွေခြင်းတွင် ပို၍ကောင်းမွန်ကြောင်း ပြသခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment