Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံ အတွက် ဗြိတိန်နိုင်ငံ၏ အကူအညီ အထောက်အပံ့များ လျှော့ချသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို အထောက်အပံ့ ပေးနိုင်ရေး အတွက် ရန်ပုံငွေများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ပေါင် ၃၂ သန်း အသုံးချ နေသော်လည်း လာမည့်လေးနှစ်အတွင်း စုစုပေါင်းပေါင် ၁၈၅ သန်းအထိ တိုးမြှင့် သုံးစွဲ သွားသင့်ကြောင်း နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ အတွင်းရေးမှူး Andrew Mitchell က သုံးသပ် အစီရင်ခံထားသည်။

ဗြိတိန် အုပ်ချုပ်ရေး အစိုးရအဖွဲ့က နိုင်ငံတကာ အကူအညီပေးရေး ဆိုင်ရာ လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေကို ၃၇ ရာခိုင်နှုန်း အထိ မြှင့်တင်သွားမည်ဟု ဆိုသည်။ နိုင်ငံ အတော်များများအတွက် အကူအညီ ပေးရေး ဆိုင်ရာ ဘတ်ဂျက်ငွေကို သိသိသာသာ လျှော့ချသွားရန် သို့မဟုတ် ဖြတ်တောက်ရန်လည်း ဗြိတိန်အစိုးရက စီစဉ်ထားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၈ ရာခိုင်နှုန်းကျော်ခန့် တိုးတက်လျက်ရှိရာ အကူအညီပေးမှုများ လျှော့ချသင့်သည့် နိုင်ငံများတွင် ပါဝင်ကြောင်း အစိုးရ အဖွဲ့ဝင် အရာရှိကြီး အချို့က ထောက်ပြ ပြောဆိုကြသည်။ ဗြိတိန်သည် အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နှစ်စဉ် ပေါင် သန်း ၂၈၀ သုံးစွဲလျက် ရှိသည်။

ဗြိတိန် အစိုးရ အရာရှိကြီးများ အဆိုအရ ယခု မြန်မာနိုင်ငံ အတွက် တိုးမြှင့်ပေးမည့် ကူညီ ထောက်ပံ့ငွေများသည် အောက်ခြေ အဖွဲ့အစည်းများနှင့် အခြားသော ပရဟိတ အဖွဲ့များ အတွက် ဖြစ်ပြီး မြန်မာ စစ်အစိုးရအတွက် မဟုတ်ကြောင်း The Independent သတင်းစာက ကိုးကား ဖော်ပြသည်။

"ကာလ ကြာရှည်စွာ အသံတိတ် နေခဲ့ကြရတဲ့ မြန်မာ ပြည်သူတွေကို ဗြိတိန်နိုင်ငံက မေ့မသွားပါဘူး။ မြန်မာပြည်သူတွေဟာ ဆိုးရွားလွန်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အောက်မှု ဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြရတာပါ" ဟု Andrew Mitchell က ပြောကြားသည်။ "မြန်မာနိုင်ငံမှာ ဆင်းရဲ နွမ်းပါးဆုံး ပြည်သူတွေ ပြောရေးဆိုခွင့် ရှိကြရပါမယ်။ ကျွန်တော်တို့က မြန်မာပြည်မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ပြည်တွင်း အလှူရှင် အဖွဲ့တွေ၊ ကျေးရွာအုပ်စုတွေ ဖြစ်ပေါ်လာအောင် တည်ဆောက် ပေးပါမယ်။ အဲဒီ ကိုယ်စားလှယ်တွေက တစ်ဆင့် အပြောင်းအလဲ ဖြစ်ဖို့ တွန်းအား ပေးလာအောင်လည်း လုပ်ဆောင်သွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ အစီရင်ခံစ တစ်ရပ်ကို ယခု ဖေဖော်ဝါရီ လကုန်ပိုင်း သို့မဟုတ် မတ်လ ဆန်းပိုင်းတွင် ထုတ်ပြန်မည် ဖြစ်သည်။ အဆိုပါ သုံးသပ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှ လူဦးရေ ၁၆ သန်းခန့်သည် လွန်စွာ ဆိုးရွားသော ဆင်းရဲ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ မကြာသေးခင်က အငြင်းပွားစရာ ရွေးကောက်ပွဲ ကျင်းပပြီး ရေငုံနှုတ်ပိတ် ပုံစံ ဖြစ်လာမည့် ပါလီမန် လွှတ်တော်ကို ဖန်တီးခဲ့သော မြန်မာ စစ်အစိုးရသည် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့တွင် ငွေကြေး အနည်းငယ်မျှသာ သုံးစွဲလျက် ရှိသည်။

ANI မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment