ပျောက်ဆုံးသွားသော စံနှုန်းကျင့်ဝတ်နှင့်ကိုယ်ကျင့်တရားများ
ယနေ့မြန်မာနိုင်ငံရှိ မြို့ကြီးများ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ကားတန်းရှည်ကြီးများနှင့် ဆိုင်ကယ်တန်းကြီးများ စိတ်မောဖွယ်ကောင်းလောက်အောင် တွေ့မြင်နေကြရပါသည်။ ထိုသို့ တန်းစီနေသူများထဲတွင် စက်သုံးဆီအတွက်လာရောက်ဝယ်ယူသူဦးရေထက် တဆင့်ပြန်လည်ရောင်းချရန်အတွက် လာရောက် တန်းစီသူများက အများဆုံးဖြစ်သည်။ အမှန်တကယ်သုံးစွဲမည့်သူက ထိုမျှကြာကြာ အချိန်ပေးနိုင်ပုံမရ။ တဆင့်ပြန်လည် ရောင်းချသည့် ဈေးနှင့်သာ ပြန်လည်ဝယ်ယူပြီး သက်ဆိုင်ရာလုပ်ငန်းခွင်သို့သွားကြရသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်ကြီးများတွင် ထိုသို့တဆင့်ထုတ်ယူရောင်းချနေခြင်းများနှင့် ပြင်ပတွင် စက်သုံးဆီဈေးမြင့်နေရ ခြင်းများသည် အစိုးရအထက်ပိုင်းမှ ပုဂ္ဂိုလ်များက တမင်တကာစီစဉ်ဖန်တီးယူခဲ့ကြောင်း ရွှေပြည်တော်အွန်လိုင်းဂျာနယ်တွင် ဖော်ပြခဲ့ဖူးသည်။ နိုင်ငံတော်က စက်သုံးဆီဆိုင်များကို အမြတ်ငွေ ၂၀၀ ကျပ်သာယူစေပြီး တဆင့်ပြန်လည်ရောင်းချခိုင်းခြင်းဖြစ် ရာ ထိုအမြတ်ငွေ ၂၀၀ကျပ်သည် ဆီသယ်ယူခနှင့် နယ်ပို့ရသည့်စားရိတ်များအတွက် မည်သို့မျှ မကာမိတော့ပဲ ပိုင်ရှင်များက ရန်ကုန်တွင်ပင် ကုန်အောင်ရောင်းသည်။ တဆင့်ဝယ်သူတို့က အမြတ်တင်ရောင်းသည်။ နိုင်ငံတော်ကစေတနာထားလုပ်ကိုင်ပေး သည့်တိုင် ပြင်ပတွင်မှောင်ခိုဈေးကွက်ကကြီးထွားမြဲကြီးထွားသည်ဟု အကြောင်းပြကာ စက်သုံးဆီရောင်းဝယ်မှုကို နိုင်ငံတော်မှ ပြန်လည်ထိန်းချုပ်ရန် သေချာစွာအကွက်ချစီစဉ်ထားခြင်းဖြစ်သည်ဟုဆိုသည်။ နောက်ဆက်တွဲအနေဖြင့် လွတ်လပ်စွာ တင်သွင်း ရောင်းချနိုင်သော ဒီဇယ်တွင် ထိုပြသနာမရှိဟု သိရသည်။
ကျွန်တော်ပြောချင်သည်မှာ ထိုကိစ္စမဟုတ်ပါ။ ထိုသို့တဆင့်ပြန်လည်ရောင်းချကြသူများအကြောင်းဖြစ်ပါသည်။ ဆိုခဲ့သလိုပင် စက်သုံးဆီအရောင်းဆိုင်တို့က နယ်ကိုမပို့တော့ဘဲ ရန်ကုန်တွင်ပင် ရောင်းသည်။ မိမိထံလာသည့်ဈေးဝယ် မည်သူ ပင်ဖြစ်စေရောင်းရမည်မှာ စီးပွားရေးအရကြည့်လျှင် ဆိုင်များအနေဖြင့်မှန်နေသည်။ ထိုသို့ဖြင့် မှောင်ခိုသမားများမှာ ဆီဆိုင်ကြီး များပတ်လည်တွင် စခန်းချကာ တနေကုန်ထုတ်ယူရောင်းချကြသည်။ ရလဒ်အနေဖြင့် မှောင်ခိုဈေးကွက်ကြီးလာသည်။ သူတို့တွေဘာလို့ ဒီအလုပ်ကိုလုပ်ကြတာလဲဟု ကျွန်တော်တွေးကြည့်သည်။ အလုပ်မရှိလို့ ဝင်ငွေရမယ့်အလုပ်လုပ်တာဟု လက်ခံနိုင်ပါသည်။ နိုင်ငံတော်ကအလုပ်အကိုင်အခွင့်လမ်းများဖော်ဆောင်မပေးနိုင်လို့လုပ်ကြရတာဟုဆိုလျှင်လည်း မမှားသေး။ ထို့ပြင် နိုင်ငံတော်ကသာ လွတ်လပ်စွာ တင်သွင်းရောင်းချခွင့်ပေးလိုက်လျှင် အပြိုင်အဆိုင်ရောင်းချကြမည်ဖြစ်၍ ယခုလက်ရှိ ရောင်းချနေသည့် ၂၅၀၀ကျပ်ထက်အနည်းငယ်များစေကာမူ မှောင်ခိုဈေးကွက်ရှိဈေးလောက်တော့ မများလောက်ဟု ပညာရှင် အချို့ကသုံးသပ်သည်။
ပွင့်လင်းစွာပြောရလျှင် အထက်ပါသုံးသပ်ချက်သည် များစွာဖြစ်နိုင်သော်လည်း ကျွန်တော်တို့နိုင်ငံတွင် ထိုသို့ဖြစ်လိမ့် မည်ဟု ကျွန်တော်မယုံကြည်ပါ။ ယခုပင်လျှင်ကြားနေရပါပြီ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီးများနှင့် မှောင်ခိုဝယ်သူများ စည်းဝါး ကိုက်အရောင်းအဝယ်ပြုလုပ်ကြသည်။ ဓာတ်ဆီဆိုင်မှဝန်ထမ်းများက ပိုက်ဆံပိုပေးလျှင် ဆီပိုထည့်ပေးမည်ဟု ကားသမားတို့ကို စည်းရုံးကြသည်ဟုလည်း သိရသည်။ ဤကဲ့သို့သော အလွဲသုံးသောစိတ်ဓာတ်များဖြင့် မည်သို့ရှေ့ဆက်သွားနိုင်ပါမည်နည်း။ နိုင်ငံတော်က လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုလျှင်သော်မှ ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကြီးများကဲ့သို့ ဆိုင်ခန်းနေရာ၊ စက်ကရိယာ ပစ္စည်း၊ ဝန်ထမ်းစားရိတ်နှင့်အခွန်အခများကုန်ကျခံ၍ လုပ်နိုင်သည့်လုပ်ငန်းရှင်မှာ လက်တစ်ဆုပ်စာသာရှိပေမည်။ ထိုဆိုင်ကြီးများမှ တဆင့်ဝယ်ယူကာ အိမ်တွင်ပင် ခွက်ချင်နှင့် ရောင်းမည့်သူများ ရှိနေပါလိမ့်ဦးမည်။ ထိုသို့ဆိုလျှင် မည်သို့မျှ ဈေးကွက်စီးပွားရေးကိုဖော်ဆောင်၍ရတော့မည်မဟုတ်ပေ။
အထက်ပါဓာတ်ဆီဆိုင်ကိစ္စနှင့်မလုံလောက်သေးလျှင် မည်သို့မျှ ဝယ်ယူတင်သွင်းခြင်းမပြုရသည့် ရုပ်ရှင်လက်မှတ်ကို သာကြည့်ကြပါကုန်။ ရန်ကုန်တွင် သမ္မတ၊ မန္တလေးတွင်မြို့မ၊ ဝင်းလိုက် စသည့်ရုပ်ရှင်ရုံကြီးများတွင် ရုပ်ရှင်လက်မှတ်မှောင်ခို ရောင်းသူများကို မျက်စိနောက်အောင်၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင်ပင်တွေ့မြင်နေကြရသည်။ ရဲကဖမ်း သည်ဟု ထင်ပါသလား၊ မထင်ပါနှင့်မိတ်ဆွေ၊ ရဲများရှေ့တွင်ပင် ရောင်းဝယ်နေကြသည်။ တစ်ခါတစ်ရုံ မှောင်ခိုလက်မှတ်လု ရောင်းရင်း ရောင်းသူအချင်းချင်း ရုပ်ပျက်ဆင်းပျက်ရန်ဖြစ်ကြ၊ ဆဲရေးတိုင်းထွာနေကြသည်မှာ ထိုအနားတလျှောက် ဖြတ်သန်းသွားလာနေသော နိုင်ငံခြားသားများမြင်လျှင် နိုင်ငံ့သိက္ခာပါကျဆင်းရသည်။
နောက်တစ်ခုဆက်ပါဦးမည်။ မန္တလေးမြို့တွင် မတလ ဆိုင်ကယ်များ လိုင်စင်ချထားပေးစဉ်ကဖြစ်သည်။ ဆိုင်ကယ်တွေ လိုင်စင်ဝင်ရန်တန်းစီကြရသည်။ ထိုသို့တန်းစီရာတွင် လိုင်စင်ရပြီးသားဆိုင်ကယ်များလည်းဝင်ရောက်တန်းစီကြသည်။ အဘယ့် ကြောင့်နည်းဟု မေးလျှင် လိုင်စင်ပေးခြင်းသည် ကာလအကန့်အသတ်နှင့်ပေးခြင်းဖြစ်ရာ သတ်မှတ်ချိန်မတိုင်ခင်လိုင်စင်ဝင်ရန် အတွက် အရေးကြီးသည်။ ထို့ကြောင့်အချိန်နှင့်အမျှအရေးကြီးသည့်အတွက် အချို့ဆိုလျှင် မနက်လေးနာရီတည်းကပင်လျှင် ထ၍တန်းစီကြရသည်။ ဤအချက်ကို စီးပွားရေးအမြင်ကောင်းစွာရှိသော ကျွန်ုပ်တို့မြန်မာလူမျိုးများက ကောင်းစွာအသုံးချကာ ငွေရှာတော့သည်။ အိမ်တွင်ရှိသမျှ ဆိုင်ကယ်အဟောင်း၊အသစ်ကုန်ထုတ်ကာ တန်းစီကြသည်။ ထိုနေရာကို လိုင်စင်ဝင်လိုသူကို တဆင့်ပြန်လည်ရောင်းသည်။ ဤသို့ဖြင့်ပင် ဆိုင်ကယ်လိုင်စင်ဝင်ရာဌာနမှာ စခန်းကြီးတစ်ခုသဖွယ်၊ ပွဲတော်ကြီးတစ်ခုသဖွယ် စည်ကားလျှက်ရှိခဲ့သည်။ နေရာရောင်းစားရန် ဆိုင်ကယ်မရှိသူက ဆိုင်ကယ်ကို တစ်ရက် နှစ်ထောင်ဖြင့် ငှားရမ်းကာ လာရောက် တန်းစီသည်။ ဘယ်စည်ပင်ကမှ မဖမ်းပါ၊ ဘယ်ရယ်ကမှမဖမ်းပါ၊ ငွေကြေးတစ်စုံတစ်ရာပေးလိုက်လျှင်အဆင်ပြေပါသည်။
ဤနေရာတွင် ကျွန်တော့်အနေဖြင့် အစိုးရဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကို တခမ်းတနားမဖော်ပြတော့ပါ။ အားလုံး လဲသိပြီးဖြစ်သည့်အပြင် ရေးလဲအကြောင်းထူးမည်မဟုတ်၍ဖြစ်သည်။ ထိုသို့ ဓာတ်ဆီမှောင်ခိုသမားများ၊ လက်မှတ်မှောင်ခိုသ မားများ၊ နေရာမှောင်ခိုသမား၊ ဘာမှောင်ခိုသမား၊ ညာမှောင်ခိုသမားတို့ကား အမှန်တကယ်ပင် စားဝတ်နေရေးကျပ်တည်းလွန်း၍ လုပ်ကိုင်ကြရခြင်းဖြစ်ပါသည်။ နိုင်ငံတော်ကလဲ အလုပ်အကိုင်များဖော်ဆောင်ပေးနိုင်ခြင်းမရှိသည်မှာလည်းမှန်ပါသည်။
နိုင်ငံတော်က အမှန်တကယ်အလုပ်အကိုင်များဖော်ဆောင်ပေးလျှင်ရော ထိုကဲ့သို့လုပ်ရပ်များပျောက်ကွယ်သွားမည်လားဟု ကျွန်တော်တွေးမိသည်။ မပျောက်တော့ပါ။ လွယ်ကူစွာငွေရသောအလုပ်တွင် ကျွန်တော်တို့မြန်မာတွေ နစ်မြော သွားပြီဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည့်အလုပ်လား မလုပ်သင့်ဘူးလားဟု မတွေးကြတော့ပါ။ ထိုကဲ့သို့ အလွဲသုံးမှုများ ဆက်လက်ရှိနေဦးမည်သာဖြစ်သည်။
အထက်ပါအဖြစ်များတွင် မည်သည့်နေရာမှာပဲကြည့်ကြည့် ရုပ်ရှင်ရုံ၊ ဆိုင်ပိုင်ရှင်တို့ကလည်း မသိကျိုးကျွံပြုရောင်းသည်။ မှောင်ခိုသမားတို့လည်း ပြောင်ပြောတင်းတင်းပင် အနီးအနားမှာ ပြန်လည်ရောင်းကြသည်။ အစိုးရဝန်ထမ်းများကလည်း သူတို့ရပိုင်ခွင့်ရလျှင် မည်သူ့ကိုမှ ပြဿနာမရှာပါ။ အားလုံးအဆင်ပြေပါသည်။ ဖုန်းမှောင်ခိုသမား၊ လူမှောင်ခိုသမားအထိလည်း ကျယ်ပြန့်စွာရှိနေပါသေးသည်။
ကျွန်တော်တို့ပျောက်ဆုံးသွားသည်က ကိုယ်ကျင့်တရား၊ သိက္ခာနှင့် ကျင့်ဝတ်များပင်ဖြစ်သည်။ သူလဲသူ့ရပေါက်ရလမ်း ရှာတာ၊ ငါလဲငါ့ရပေါက်ရလမ်းရှာတာပဲဟုယူဆကြကာ စည်းကမ်းမဲ့မှုများနှင့် သိက္ခာပိုင်းဆိုင်ရာများဆုံးရှုံးလာသည်။ အနှစ်လေး ဆယ်ကျော် စစ်အာဏာရှင်စနစ်အောက်တွင်နေလာခဲ့ရခြင်းများ၏ အကျိုးဆက်များဖြစ်ပါသည်။ လူထုကို နိုင်ငံရေးဘက်သို့ လှည့်မလာနိုင်ရန် စီးပွားရေးကျပ်တည်းမှုများဆီ တွန်းပို့ထားမှုများက ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားနှင့် စံနှုန်းကျင့်ဝတ်များ (Moral Value) များကိုပါ ပြုန်းတီးသွားစေခဲ့သည်။ ဝန်ထမ်းလစာတိုးတိုင်း မည်သည့်ပညာရှင်ကချမှတ်ခဲ့သော ဝါဒဖြစ်သည်မသိ။ ကုန်ဈေးနှုန်းတွေ အပြိုင်တက်ကြသည်။ အစိုးရက ငွေစက္ကူအသစ်များထုတ်ဝေ၍ ငွေကြေးဖောင်းပွ၍ဟု အကြောင်းပြနိုင်ပါသည်။ သို့သော် အစိုးရသည် ထိုမျှလောက်တော့ အဆင်ခြင်မဲ့မည်မဟုတ်ပေ။ အတိုင်းအတာနှင့် ကန့်သတ် ချက်အတွင်း၌သာ လုပ်ဆောင်ပေလိမ့်မည်။ စိုးရိမ်ပူပန်လွန်းတတ်သော ကျွန်ုပ်တို့မြန်မာများက ဈေးကြိုတက်ထားလိုက်သည်။ ဤသို့သော စိတ်ဓာတ်အခံများဖြင့် ကျွန်ုပ်တို့ တဖွဖွလိုလိုချင်ချင် တောင့်တခဲ့သော ဒီမိုကရေစီစနစ်ကြီးဆီသို့ မည်သို့ချီတက်ကြ ပါမည်နည်း။ မီးရထားပေါ်တွင် ဆိုဖာခုံများကို ဓားနှင့်ထိုးခွဲထားခြင်း၊ မီးသီးများဖြုတ်ခိုးထားခြင်း၊ ဒီအစိုးရက မီးပင်လျှင်မှန်အောင် မပေးရကောင်းလားဟုဆိုကာ လမ်းဘေးဓါတ်တိုင်မှ မီးလုံးများ၊ ဖန်ချောင်းများကို လေးခွဖြင့်လက်သရမ်းလိုက်ခြင်းများက စည်းကမ်းပြည့်ဝမှုနှင့်တာဝန်ယူမှုတို့ကို တန်ဖိုးထားသော ဒီမိုကရေစီစနစ်ကြီးနှင့်ကိုက်ညီပါမည်လား။
ဒီမိုကရေစီရရှိရန်အတွက် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးအပြောင်းအလဲများလိုပါသည်။ အစိုးရအပြောင်းအလဲများလည်း လိုပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ မေ့မထားသင့်သည်မှာ ကျွန်ုတို့၏ ပျောက်ဆုံးသွားသော ကျင့်ဝတ်ပိုင်းဆိုင်ရာသိက္ခာများကို ပြည်လည်တည်ဆောက်ကြဖို့က အဓိကကျသည်ဟုဆိုချင်ပါသည်။
ကျွန်တော့်အနေဖြင့် လက်ရှိအစိုးရ၏ ဆောင်ပုဒ်လေးကိုပင် ကိုးကား၍ အဆုံးသတ်လိုပါသည်။ ရေမြင့်မှကြာတင့်မည်။ လူမျိုးမြင့်မှ တိုင်းပြည်မြင့်မည်ဟူ၍ ပင်ဖြစ်ပါသည်။
(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.