Transparency Myanmar

transparency.myanmar@gmail.com

ဂန္ဒီဂျီးရဲ့ ကျောင်းသားများသို့

နိုင်ဟန်သာ


မဟတ္တမ ဂန္ဒီ လို့ဆိုလိုက်ရင် အဟိ`ံသဝါဒကို စတင်သင်ကြားသူ၊ အိန္ဒိယပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ သူတော်စင် ပုဂ္ဂိုလ်ကြီးအဖြစ်  ကမ္ဘာက သိကြပါတယ်။

အိန္ဒိယဆိုတာ ကိုယ်နဲ့ယဉ်ကျေးမှုချင်းနီးကပ်ပြီး ဂန္ဒီဂျီးရဲ့ အတွေးအခေါ်တွေကလည်း မြန်မာပြည်မှာ လူပြော သူပြော များလှတာမို့ ဂန္ဒီဂျီးရဲ့စာတွေကို ကောင်းနိုးရာရာ ဖော်ပြဖို့စိတ်ကူးပါတယ်။

တစ်ခါက ဂန္ဒီဂျီးကို မေးခွန်းတစ်ခုမေးလာပါတယ်။ မေးခွန်းက "အိန္ဒိယပြည်ကြီးလွတ်လပ်တဲ့အခါ ဂန္ဒီဂျီးရဲ့ ပညာရေးရည်မှန်းချက်က ဘာလဲ"တဲ့။ အဲဒီမှာ ဂန္ဒီဂျီးက "စာရိတ္တပြုပြင်ရေးလုပ်ရမယ်။ ကျောင်းသားကျောင်းသူတွေ ရဲစွမ်းသတ္တိ ရှိလာအောင်၊ ကိုယ့်သိက္ခာကို ကိုယ်လေးစားတတ်လာအောင် ပြုစုပျိုးထောင်ပေးဖို့ ကျွန်တော်ကြိုးစားမယ်။ ကြီးမားတဲ့ ရည်မှန်းချက်တွေရရှိအောင် ကြိုးစားကြရာမှာ ကိုယ့်အတ္တကို ချိုးနှိမ်မေ့ဖျောက်ထားနိုင်အောင် ပျိုးထောင်ပေးမယ်။ ဒါတွေဟာ စာတတ်ဖို့ထက် ပိုအရေးပါတယ်။ ကျောင်းစာသင်ယူတယ်ဆိုတာက တကယ်တော့ ပညာရေးပန်းတိုင်ကို သွားကြတဲ့နည်းလမ်းတွေ အများကြီးထဲက နည်းလမ်းတစ်ခုပါပဲ"လို့ ပြန်ဖြေပါတယ်။ ဒီလိုဖြေတဲ့ ဂန္ဒီဂျီးရဲ့အဖြေဟာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဂန္ဒီဂျီးလိုပဲ အိန္ဒိယနွယ်ဖွား တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ခရစ်ရှနာမူးရ်တီကလည်း ပညာနဲ့ပတ်သက်ပြီး သစ်ဆန်းတဲ့အတွေးအခေါ်တွေကို တင်ပြခဲ့ပါသေးတယ်(On education by Krichnamurti ကို ဘ၀မီးတိုင် အမည်ဖြင့် ဆရာပါရဂူ မြန်မာပြန်ထား)။

ဒီဆောင်းပါးမှာတော့ ကျောင်းသားလူငယ်တွေကို ဦးတည်ပြီး ဂန္ဒီဂျီးပြောခဲ့တဲ့ ကျောင်းသားများသို့ ( To Students) ဆိုတဲ့ သြ၀ါဒစကားကို ကောက်နှုတ်ဘာသာပြန်ဆိုထားပါတယ်။


ကျောင်းသားများသို့

                 အရှိကိုအရှိအတိုင်း စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ဟာ တိုင်းပြည်အကျိုးအတွက် ကျောင်းသားတွေအနေနဲ့ ဘာဝင် လုပ်ပေးနိုင်တယ်ဆိုတာကို စဉ်းစားဖို့လိုတယ်။ ကျောင်းသားတွေ၊ကျောင်းသူတွေထက်ပိုပြီး ကျွန်တော်တို့က ဘာလုပ်နိုင်မယ်ဆိုတာကိုလည်း စဉ်းစားရမယ်။ တိုင်းပြည်အတွက် ကျောင်းသားကျောင်းသူတွေ ၀င်ရောက်လုပ်ကိုင်ပေးတာကိုမြင် ချင်ကြတဲ့ပုဂ္ဂိုလ်များနဲ့ ကျွန်တော့်မှာတော့ အဖြေတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျောင်းသားကျောင်းသူတွေဟာ တစ်ဦးချင်းစီ စာရိတ္တကောင်းအောင် ကြိုးစားစောင့်ထိန်းကြဖို့ပါပဲ။ ဘ၀မှာ ဖြူစင်သန့်ရှင်းမှု(Purity of life)ဟာ ကောင်းမွန်တဲ့ပညာရေးရရှိအောင် တည်ဆောက်ကြရာမှာ အရေးအကြီးဆုံး ကိစ္စဖြစ်တယ်။ ကျောင်းသားတွေ ထောင်ပေါင်းများစွာနဲ့ ကျွန်တော်တွေ့ဆုံဖူးတဲ့အတွေ့အကြုံအရကော ကျောင်းသားတွေ ကျွန်တော်ဆီ ရေးလာကြတဲ့စာတွေမှာ သူတို့ရင်ထဲက စကားတွေကို ကြားသိရတဲ့အတွေ့အကြုံအရကောပေါ့လေ၊ အသိပညာ ဗဟုသုတအားလုံးရဲ့ အဆုံးပန်းတိုင်ဟာ စာရိတ္တပြည့်စုံရေးအတွက် ဖြစ်ရမယ်ဆိုတာ ကျွန်တော် ထင်ထင်ရှားရှားသိရလို့ အဲဒီအတိုင်းယုံကြည်ပါတယ်။ အဲဒီပညာရေး ပန်းတိုင်ရောက်ဖို့လဲ အများကြီးလုပ်ရပါဦးမယ်။

              ကျွန်တော် ခရစ်ယာန်ဝါဒ၊ ဟိန္နူဝါဒနဲ့ အခြားကမ္ဘာ့ဘာသာကြီးများကို လေ့လာတဲ့အခါ ဘာသာတရားများဟာ တစ်ခုနဲ့တစ်ခု အတောမသတ်အောင် ကွာခြားကြပေမယ့် အခြေခံတူညီချက်တစ်ခု ရှိတာကိုတွေ့ရတယ်။ အဲဒါက အမှန်တရားနဲ့ ပကတိအပြစ်ကင်းစင်ခြင်း(Truth and Innocence)တို့ဖြစ်ပါတယ်။ ပကတိ အပြစ် ကင်းစင်ခြင်းဆိုရာမှာ လည်း သူတစ်ပါးကို မငြင်းဆဲမသတ်ဖြတ်ခြင်း၊ အကြမ်းမဖက်ခြင်းဆိုတဲ့ တကယ့်အဓိပ္ပာယ်ကို ယူကြရမှာဖြစ်တယ်။ ကျောင်းသူကျောင်းသားတို့ မောင်တို့ဟာ ခုပြောတဲ့ အမှန်တရားနဲ့ ပကတိအပြစ်ကင်းစင်ခြင်းတို့အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ကြမယ်ဆိုရင် မောင်တို့ဟာ ပညာရေးရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာ ချမိ ကြပြီလို့ သဘောပေါက်ကြပါလိမ့်မယ်။

ရိုးသားဖြောင့်မတ်ခြင်းဟာ ကိစ္စတိုင်းရဲ့ သော့ချက်ပဲ။ မာစတာကီးပဲ။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မလိမ်ပါနဲ့။ ဘာကိုမှ ဖုံးကွယ်မထားကြနဲ့။ရိုးရိုးဖြောင့်ဖြောင့်ရှိကြပါ။ မောင်တို့ဆရာ ဆရာမတွေကကော၊ မောင်တို့အစ်ကိုတွေ အစ်မတွေကရော မောင်တို့အပေါ် ယုံယုံကြည်ကြည်ရှိကြပါစေ။ဘယ်ကိစ္စမဆို သူတို့ရင်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိကြပါစေ။

ဘယ်သူ့အပေါ်မှာမှ စိတ်ယုတ်မာမမွေးကြနဲ့။ကွယ်ရာမှာ သူတစ်ပါးမကောင်းကြောင်း မပြောနဲ့။ "သင်ကိုယ့်သင် မှန်ကန်နေပါစေ"တဲ့ ဒါမှ သူတစ်ပါးအပေါ် မကောင်းမပြုမိမှာပေါ့။  သေးသေးဖွဲဖွဲ ကိစ္စလေးတွေမှာတောင် မှန်မှန်ကန်ကန် ရိုးရိုး ဖြောင့်ဖြောင့် ဆက်ဆံတာဟာ သန့်စင်တဲ့ဘ၀အတွက် တစ်ခုတည်းသော လျှို့ဝှက် ချက်ပဲ ဖြစ်တယ်။

ဒါကြောင့် မောင်တို့မယ်တို့ကို ပြောချင်တယ် အမှန်တရားအပေါ်မှာထားတဲ့ ယုံကြည်ချက် ဘယ်တော့မှ ပျက်မသွားပါစေနဲ့။ စိတ်ထဲမှာ မကောင်းတဲ့အတွေးကလေးတစ်ခုလောက်ကို လက်ခံလိုက်မိတာနဲ့ (တစ်ခုလောက် ကလေးနော်) အမှန်တရား အပေါ်မှာထားတဲ့ ယုံကြည်ချက်ပျက်သွားလို့ပဲဆိုတာကို မြဲမြဲမှတ်ထားကြပေရော့။ မရိုးဖြောင့်တာ၊ တွန့်တိုတာ၊ အကြမ်းဖက်တာ၊ ကာမဂုဏ်ကို လွန်လွန်ကြူးကြူးခံစားတာတွေဟာ အားလုံးက အမှန်တရားအပေါ်၊ သစ္စာတရားအပေါ်မှာ ယုံကြည်မှုကင်းမဲ့ခြင်းပဲ။ကမ္ဘာကြီးပေါ်မှာ ကြောက်စရာအကောင်းဆုံးသောရန်သူဟာ မိမိကိုယ်တိုင်ပင်ဖြစ်တယ်ဆိုတာကို မမေ့ကြလေနဲ့။ ဘဂ၀တ်ဂီတာကျမ်းရဲ့ စာကြောင်းတိုင်း လိုလိုမှာ ဒါကို သေသေချာချာ ဖော်ပြထားတယ်။" တောင်တော်၌ဟောအပ်သောတရားတော်"(Sermon on the Mount)မှာလည်း ဒါကိုပဲ ဘာဘူကြီး တွေ့တယ်။ ကုရ်အန်ကိုဖတ်ကြည့်တော့လည်း နိဂုံးချုပ်အဖြေက ဒါပါပဲ။ ဘယ်သူကမှ ကိုယ်လောက် ကိုယ့်ကိုကိုယ်ပျက်စီးအောင် မဖျက်ဆီးနိုင်ပေဘူး။ဒါကြောင့် မောင်တို့မယ်တို့ဟာ အမှန်ပဲ ရဲရင့်ကြမယ်ဆိုရင် သေသေချာချာစဉ်းစားပြီး ခိုင်ခိုင်မာမာ စိတ်ပါလက်ပါနဲ့ ခုနကပြောတဲ့မကောင်းတဲ့ စိတ်ဆိုးစိတ်ယုတ်တွေကို တိုက်ထုတ်ပစ်ကြဖို့လိုတယ်။ စိတ်ထဲမှာ မကောင်းတာမစဉ်းစားဘဲ၊ မနောကံမပါဘဲနဲ့ ကာယကံမကောင်းမှု ကျုးလွန်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲကိုး။ ဒါကြောင့် စိတ်နှလုံးမှာ ဖြူစင်သန့်ရှင်းတဲ့ အတွေးတွေပဲဖြစ်အောင် လေးလေးနက်နက် ဇွဲနပဲနဲ့ ကြိုးစားကြရပေမယ်။

Ref; THE MESSAGE OF MAHATMA GANDHI BY U.S. MOHAN RAO

ဆက်လက်ဖော်ပြပါမည်


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment