Transparency Myanmar

transparency.myanmar@gmail.com

ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ ရွေးချယ်ပြီးဖြစ်

ဖေဖော်ဝါရီ ၂၆။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များခေါ်ယူအပြီး၌ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စသည့်အာဏာ(၃)ရပ်၏ ပြည်ထောင်စုအဆင့် အဓိကပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်ခန့်အပ်ပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးအခန်းကဏ္ဍ၌ အမြင့်ဆုံး သမ္မတရာထူးကို ဦးသိန်းစိန်အား လည်းကောင်း၊ ဒုတိယသမ္မတရာထူးအား သီပာသူရတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်းအား လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းအား လည်းကောင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်အားလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးထွန်းထွန်းဦးအားလည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးအား လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးအား လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် အဖြစ် ဒေါက်တာထွန်းရှင်အား လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဦးလွန်းမောင်အားလည်းကောင်း အသီးသီးခန့်အပ်တာဝန်ပေးခဲ့သည်။

 

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီအင်္ကျီဝတ်ဆင်ထားသူများ ခြိမ်းခြောက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅။

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီအပါအ၀င် ဒီမိုကရက်တစ် ပါတီများ၏ အထိမ်းအမှတ် တံဆိပ်များ ပါဝင်သော အင်္ကျီ(တီရှပ်)ဝတ်ဆင်ထားသူအချို့မှာ သက်ဆိုင်ရာရပ်ကွက်အာဏာပိုင်များ၏ ချိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူအချို့ထံမှ စုံစမ်းသိရှိရသည်။

" ဒီအင်္ကျီက ရွေးကောက်ပွဲကာလတုန်းက လိုက်ဝေတော့ရထားတာပါ။ ကျွန်တော့်တို့အတွက်ကတော့ ဘာရယ်မဟုတ်ဘူး တစ်ထည်ဆိုတစ်ထည် ဝတ်ရတာပါဗျာ။ ဒါကို ခင်ဗျား ဒီအင်္ကျီဝတ်ထားရင် အဖမ်းခံရမယ်၊ တရားမဝင်ဘူးလို့ ပြောတယ်ဗျ။" ဟု ဗဟန်းမြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောကြားသည်။

၎င်းသည် NDF ပါတီ ခမောက်တံဆိပ်ပါ အင်္ကျီကို လုပ်ငန်းခွင်ဝင်နေစဉ် ဝတ်ဆင်ထားရာမှ ထိုသို့ရပ်ကွက် အာဏာပိုင်များ၏ ခြိမ်းချောက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ RNDP ပါတီ၊ ကျားဖြူပါတီတံဆိပ်များပါ အင်္ကျီများကို ဝတ်ဆင်၍ သွားလာသူအချို့လည်း ရပ်ကွက်အတွင်းမှ အာဏာပိုင်ဟု ယူဆရသူအချို့၏ စောင်းမြောင်းပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်သာယာစသည့် မြို့နယ်များမှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့က ဆိုသည်။

နိုင်ငံတော်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားထုတ်လုပ်ဆောင်နေချိန်တွင် အောက်ခြေအာဏာပိုင်အချို့၏ ထိုသို့သော လုပ်ဆောင်မှုများမှာ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင်လွဲမှားစရာများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

The CJs News

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment