Transparency Myanmar

transparency.myanmar@gmail.com

(The Asian Age မှ 1 February 2011 ရက်စွဲပါ "Egypt's Mubarak Hangs on as Army Steps Back" ကို ဘာသာ ပြန်ဆိုသည်)

ကိုင်ရို လမ်းများ ပေါ်သို့ ပြည်သူများ သိန်းနှင့် ချီ၍ ထွက်လာကာ ဆန္ဒပြလျက် ရှိရာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က "ကျွန်မတို့ အားလုံး ရှင်တို့ ဘက်မှာ ရှိနေပါတယ်" ဟု အင်္ဂါနေ့တွင် အီဂျစ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများကို ပြောကြားလိုက်သည်။

မြန်မာ စစ်ဖက် အစိုးရကို ဆယ်စုနှစ် များစွာ တွန်းလှန် ခဲ့သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ဘီဘီစီ အသံလွှင့်ဌာန၏ တိုက်ရိုက် အမေး အဖြေ ကဏ္ဍတွင် သူမ အနေဖြင့် အီဂျစ် အနေအထားကို များစွာ စိတ်ဝင်စားလျက် ရှိပြီး ဆန္ဒပြသူများ ဇွဲ မလျှော့ဘဲ တောင့်တား ကြရန် တိုက်တွန်းသည်ဟု ပြောကြားခဲ့သည်။

အီဂျစ်တွင် ကြောက်မက်ဖွယ် အသွင် ကူးပြောင်းမှု အခိုက်အတန့် နှင့် ရင်ဆိုင် နေရသဖြင့် သူမထံမှ အကြံဉာဏ် တောင်းခံသော ကိုင်ရိုမှ တယ်လီဖုန်း ဖြင့် မေးမြန်းသူအား သူမက "ခေါင်းအေးအေး ထားဖို့၊ စိတ်ဓာတ် ခိုင်မာဖို့၊ မျှော်လင့်ချက်ကို ဇွဲမလျှော့ဖို့ ဆက်ပြီး တောင့်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်" ဟု တုံ့ပြန် ပြောကြားခဲ့သည်။

သူမက ဆက်လက်၍ "ကျွန်မတို့ အားလုံး ရှင်တို့နဲ့ အတူ ရှိနေတယ် ဆိုတာကို အသိပေး ချင်ပါတယ်၊ လွတ်လပ်မှုကို လိုလားတဲ့ ကမ္ဘာပေါ်က ပြည်သူတွေဟာ လွတ်လပ်ခွင့် အတွက် တိုက်ပွဲ ဝင်နေတဲ့ တခြား ပြည်သူတွေနဲ့ ခံစားမှုချင်း ဆက်နွယ်နေပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲ များတွင် ပြည်လုံးကျွတ် အနိုင်ရရှိသော်လည်း စစ်ဖက် အုပ်ချုပ်သူများက ၎င်းရလဒ်ကို လုံးဝ အသိ အမှတ် မပြုသည့် အပြင် သူမအား အနှစ် နှစ်ဆယ်နီးပါး အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့သည်။

အနှစ် ၅၀ စစ်အုပ်ချုပ်ရေးကို ခြေကုတ် မြဲအောင် ပြုလုပ်ခြင်းဟု ကမ္ဘာက ဝိုင်းဝန်း ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲများ အပြီး တစ်ပတ် အကြာ နိုဝင်ဘာတွင်မူ စစ်ဖက် အစိုးရက သူမအား အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။

အီဂျစ် နိုင်ငံနှင့် ပတ်သက်၍ သူမက ဆက်လက် ပြောကြားရာတွင် "အာဏာရှင် အစိုးရတွေကြောင့် ပြည်သူတွေ နှစ်အတန်ကြာ မောပန်း နေကြမှာတော့ ပုံမှန် သဘာဝလို့ ကျွန်မ ထင်ပါတယ်၊ နောက်ပြီးတော့ ဒီကနေ့ ပြည်သူတွေဟာ အီဂျစ်မှာ လုပ်ခဲ့ကြသလိုမျိုး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ဆက်သွယ်ပြီး ကြီးမားတဲ့ လူထု ဆန္ဒပြပွဲတွေ စီစဉ်တဲ့ နေရာမှာ နည်းလမ်းကောင်းတွေ ပိုပြီး နားလည် တတ်ကျွမ်း နေကြတယ်လို့ ကျွန်မ ယူဆပါတယ်" ဟု ဆိုသည်။

အီဂျစ်တွင် တွေ့မြင်နေရသော ကြီးမားသည့် လူထု ဆန္ဒပြပွဲများသည် မြန်မာ နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အကောင်းဆုံး နည်းလမ်း ဟုတ်သည် မဟုတ်သည် မေးမြန်း ခဲ့ရာ သူမက "အကောင်းဆုံး နည်းလမ်း လို့တော့ ပြောနိုင်မယ် မထင်ပါဘူး၊ ဒါဟာ ပြောင်းလဲမှုကို ဆောင်ကြဉ်း ပေးနိုင်မယ့် နည်းလမ်း တစ်ခုမျှသာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့တော့ ပြောဖို့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲ ဆိုရင် ဖြစ်နိုင်ခြေ နည်းလမ်းတွေ အားလုံးကို ကျွန်မတို့ သုံးမကြည့် ရသေးလေ" ဟု ဖြေကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment