Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းမှ 31 January 2011 ရက်စွဲပါ "China Restricts News Discussion of Egypt Unrest" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် ဆင်ဆာ အဖွဲ့က အီဂျစ် နိုင်ငံ မငြိမ်သက်မှုနှင့် ပတ်သက်သည့် အွန်လိုင်း ဆွေးနွေးမှုများကို ပိတ်ဆို့ကာ သတင်း ဖော်ပြမှုများကို ဖယ်ရှားလျက် ရှိရာ အဆိုပါ အီဂျစ် အုံကြွမှုက တရုတ် ပြည်တွင်း ပြုပြင် ပြောင်းလဲရေး အတွက် တောင်းဆိုမှုများကို လှုံဆော်ပေးနိုင်ဖွယ် ရှိသည်ဟု တရုတ် တာဝန် ရှိသူများ သောကရောက် နေသည့် လက္ခဏာပင် ဖြစ်သည်။

တရုတ် နိုင်ငံ၏ ဆင်ဆာ တည်းဖြတ်ရေး ယန္တရားက အစွမ်းကုန် အရှိန်မြင့်နေသည့် အားလျော်စွာ တနင်္လာနေ့က အွန်လိုင်း Micro Blogs များတွင် အီဂျစ် ဆန္ဒပြပွဲများကို ရှာဖွေ၍ မရတော့ဘဲ အီဂျစ် သတင်းများ အပေါ် ဆွေးနွေးမှုများ မှာလည်း ပိတ်ဆို့ ဖယ်ရှားခြင်း ခံခဲ့ရသည်။

အီဂျစ် သမ္မတ ဟော့စနီ မူဘာရက်၏ အနှစ် သုံးဆယ် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အကြောင်း သတင်း အစီရင်ခံစာ များမှာလည်း အခြေခံ နိုင်ငံရေး အကြောင်းရင်းနှင့် ဒီမိုကရေစီ တောင်းဆိုမှုများကို သိသိ သာသာ ဖြတ်တောက်ထားကာ အချက် အလက် မစုံလင်သော သတင်း အဖြစ်သာ ကန့်သတ် ဖော်ပြသည်ကို တွေ့ရသည်။

သတင်းစစ် သတင်းမှန်များ အစား တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်းဆိုမှုကို သံယောင် လိုက်ကာ ကိုင်ရို၏ မင်းမဲ့ စရိုက် အခြေ အနေနှင့် ဥပဒေ စိုးမိုးရန် လိုအပ်ချက် တို့ကို အလေးပေး ဖော်ပြ ခဲ့ပြီး ခိုကိုးရာမဲ့ တရုတ် လူမျိုး ၅၀၀ ကျော်ကို ပြန်လည် ခေါ်ယူရန် အတွက် စင်းလုံးငှား လေယာဉ် ၂ စင်း ကိုင်ရိုသို့ စေလွှတ်ရန် အစိုးရက စီစဉ်နေသည့် သတင်းများကိုသာ ဖော်ပြလျက် ရှိသည်။

အဓိက တရုတ် သတင်းစာ များတွင်လည်း အီဂျစ်မှ ဓာတ်ပုံများကို မတွေ့ရသကဲ့သို့ တနင်္လာနေ့က ရုပ်သံ ထုတ်လွှင့်ရာ တွင်လည်း ဆန္ဒပြပွဲ ရုပ်ပုံများ မပါဝင်ဘဲ မူဘာရတ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တွေ့ဆုံမှုကိုသာ ပြသသွားခဲ့သည်။

"နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းဌာနက ပေးတဲ့ သတင်း ကော်ပီတွေကိုသာ အသုံး ပြုရမယ်လို့ အစိုးရက အမိန့် ထုတ်မယ်လို့ ထင်ပါတယ်၊ သူတို့ရဲ့ လုပ်ထုံး လုပ်နည်းပေါ့" ဟု ဆင်ဆာ အပိတ်ခံရသော ဘေဂျင်း အခြေစိုက် တရုတ် မီဒီယာ ဝက်ဘ်ဆိုက် Danwei.org မှ အယ်ဒီတာ Jeremy Goldkorn က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment