Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည့်တိုင် ဖြစ်ပေါ်လာမည့် ပါလီမန် လွှတ်တော်၌ ဥပဒေ ပြုရေး လုပ်ငန်းစဉ်အား ဒီမိုကရေစီ  ဆန်ဆန် ကျင့်သုံးရေးမှာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့က အတုအယောင် သဘောဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သူများဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပါလီမန် လွှတ်တော် ခေါ်ယူ ကျင်းပကြောင်း သတင်းများ အရ သိရသည်။ ယင်းလွှတ်တော်များသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံ၏ ပထမဆုံးသော တရားဥပဒေ ပြုရေးအဖွဲ့ တစ်ခုဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ မြန်မာ စစ်အစိုးရသည် အငြင်းပွားစရာ ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ ယင်းဥပဒေက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ခေါင်းဆောင်များ အသာ စီးရအောင် ဖန်တီးပေးခဲ့ပြီး စစ်အစိုးရကို ထောက်ခံသော အရာရှိကြီးများ၊ စစ်တပ်က ခန့်အပ်သော ကိုယ်စားလှယ်များ အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင် ရရှိအောင်လည်း ဖန်တီးပေးခဲ့သည်။ စစ်အစိုးရသည် ထွက်ပေါ်လာမည့် လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ်များကို မကြာသေးခင်က ခန့်အပ်လိုက်ပြီး နိုင်ငံရေး အာဏာကို ပိုမို ခိုင်မြဲအောင် လုပ်ကိုင် လိုက်ပြီလည်း ဖြစ်သည်။

ပါလီမန် လွှတ်တော် အမတ်နေရာ လေးပုံတစ်ပုံကို ယင်းစစ်ဘက် ကိုယ်စားလှယ်များက ရယူထားခြင်း ဖြစ်သည်။

မြန်မာ စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် ပြောင်းလဲရေး ဖြစ်စဉ်၏ တစ်စိတ် တစ်ပိုင်းသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် လွှတ်တော်၌ ဖြစ်ပေါ်လာမည့် ဥပဒေပြုရေး ဖြစ်စဉ်အား ဒီမိုကရေစီ ဆန်ဆန် ကျင့်သုံးရေးမှာ ခက်ခဲလိမ့်မည်ဟု ဆိုသည်။ စစ်အစိုးရ ခေါင်းဆောင်များက ပါလီမန် လွှတ်တော်၏ အရေးပါသော နေရာများ အားလုံးကို ၎င်းတို့၏ နောက်လိုက်များ၊ သစ္စာခံများဖြင့် ဖြည့်စွက်ထားပြီဖြစ်ရာ အတိုက်အခံ အင်အားစုများ အနေဖြင့် လွှတ်တော်တွင် စည်းရုံး သိမ်းသွင်းမှုများ ပြုလုပ်ရန် မည်သို့မျှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူများသည်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင် ခံခဲ့ရသည်။ နိုဝင်ဘာ ရွေးကောက်ပွဲသည် မည်သို့မျှ တရား မျှတမှု မရှိခဲ့သလို လွတ်လပ်မှုလည်း မရှိခဲ့ပေ။

အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက် နိုင်ငံများက ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး အလေး ထားရေးကို မထီမဲ့မြင် ပြုလုပ်ရာတွင် အဓိက တာဝန်ရှိသူများ အားလုံးကို ပစ်မှတ်ထားကာ ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ယခု မြန်မာနိုင်ငံ၌ ပါလီမန် လွှတ်တော်များ စတင် ခေါ်ယူလိုက်ချိန်တွင် အိမ်နီးချင်းနိုင်ငံများက ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရန် အနောက် နိုင်ငံများကို ပြောဆိုလာကြသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အမေရိကန် မူဝါဒက ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး နှင့် နည်းပညာ အစရှိသော နယ်ပယ်များ အပေါ် ထိခိုက် နစ်နာစေသည်ဟု အိမ်နီးချင်း နိုင်ငံများက ဆိုသည်။ အထူးသဖြင့် စစ်အစိုးရ၏ ဖိနှိပ် ချုပ်ခြယ်မှု၊ ခွဲခြား ဆက်ဆံမှုများ ခံနေရသော တိုင်းရင်းသား လူမျိုးစု ဒေသများ ဖွံ့ဖြိုးရေး ဆောင်ကြဉ်းရာ၌ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ထောက်ပြ ပြောဆိုကြသည်။

အမေရိကန် ပြည်ထောင်စုကမူ မြန်မာနိုင်ငံမှ အခြေခံ လူတန်းစားများ ကြုံတွေ့နေရသော လူမှုဒုက္ခ အဝဝနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ သို့သော် ယင်းကိစ္စမှာ မြန်မာ နိုင်ငံအပေါ် လွဲမှားသည့် စီးပွားရေး မူဝါဒ ကျင့်သုံးသော စစ်အစိုးရတွင်သာ တာဝန် ရှိသည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ စီးပွားရေးကို စီမံခန့်ခွဲရာ၌ စစ်အစိုးရ မည်မျှ အတိုင်းအတာ အထိ လွဲမှားခဲ့သည်၊ အဂတိ လိုက်စားမှုများကို တရားဝင် ဖြစ်အောင် မည်သို့ လုပ်ဆောင်ခဲ့သည်၊ အဖိုးတန် သဘာဝ သယံဇာတများကို မည်ကဲ့သို့ အလွဲသုံးစား ပြုခဲ့သည် ဟူသော အချက်မှာ ရှင်းလွန်းနေသည်။

မြန်မာ စစ်အစိုးရနှင့် ဝါရှင်တန် အစိုးရတို့သည် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဆက်ဆံရေး တိုးတက် ဖြစ်ထွန်းအောင် လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုက အပြန်အလှန် အကျိုးစီးပွား ဟူသော ကိစ္စကို အခြေခံကာ မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ထပ်မံ လုပ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ မြန်မာ အစိုးရက မြန်မာ ပြည်တွင်း အခြေခံ ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် အကောင်အထည် မဖော်နိုင်သေးသရွေ့၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်မြောက်ခွင့် မပေးသေးသရွေ့၊ မြန်မာ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစု အုပ်စုများ စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝသော ဒိုင်ယာလော့ခ် မဖြစ်ပေါ် သေးသရွေ့ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများ ဆက်ရှိနေဦးမည် ဖြစ်သည်။

VOA  ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment