Transparency Myanmar

transparency.myanmar@gmail.com

(31 January 2011 ရက်စွဲပါ Asia News Network မှ Jonathan Eyal ရေးသားသော Way Forward for Asean and EU on Burma ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် အသစ် ရွေးကောက် တင်မြှောက် ခဲ့သော ပါလီမန် အသစ်သည် ဇန်နဝါရီ (၃၁) ရက်နေ့ တနင်္လာနေ့တွင် စတင် ကျင်းပရန် စီစဉ်ထားသည်။

အနောက် နိုင်ငံ အစိုးရများ အဖို့ ယခု အချိန် အခါသည် ၎င်းတို့ Burma ဟု သုံးနှုန်းနေသော မြန်မာ နိုင်ငံနှင့် ပြန်လည် ဆက်ဆံရန် ပြည့်စုံသော အခွင့်အလမ်း ကောင်းပင် ဖြစ်သင့်သည်။ ပြီးခဲ့သည့် အပတ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဥရောပနှင့် အမေရိကန်တို့အား စီးပွားရေး အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့မှုနှင့် တစ်ထပ် တည်းပင် ဖြစ်သည်။

အနောက်နိုင်ငံ အများစုက ၎င်းတို့၏ လက်ရှိ ချဉ်းကပ်မှုသည် အဖြေ မထွက်ကြောင်း သိကြ သော်လည်း ယခု အနောက် နိုင်ငံများက အထက်ပါ တောင်းဆိုမှုကို ငြိမ်သက်လျက် ရှိသည်။

၁၉၉၀ ခုနှစ် နှစ်လယ်များ ကတည်းက အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနှင့် နယူး ဇီလန်တို့သည် မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အမျိုးမျိုး ချမှတ် ခဲ့သည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှုများတွင် လက်နက် ရောင်းဝယ်မှု၊ သစ်၊ ကျောက်မျက် ရတနာနှင့် သတ္တုများ ရောင်းဝယ်မှု များကို ပိတ်ပင်ထား ခဲ့သည်။ ထို့အပြင် အစိုးရ အဖွဲ့ဝင်များ အပေါ် ဗီဇာ ကန့်သတ်ချက်များ၊ ဖွံ့ဖြိုး တိုးတက်မှု အတွက် အကူ အညီ ပေးရေး အစီအစဉ် များကိုပါ ရပ်ဆိုင်း ထားခဲ့သည်။

အနောက် နိုင်ငံ အစိုးရများသည် မြန်မာ နိုင်ငံကို သူစိမ်း တရံစာကဲ့သို့ ဆက်လက် ဆက်ဆံရန် အကြောင်း ပြချက် အချို့ ရှိနေသည်။ သို့သော် ၎င်းတို့သည် အခြား အာဏာရှင် အစိုးရများနှင့်မူ ဆက်ဆံရန် အခက်အခဲ မရှိခဲ့ကြပေ။

အချက် တစ်ခုမှာ စိတ်ပညာ သဘောနှင့် ဆိုင်သည်။ မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ်က အရေး အခင်းသည် ပေါ်ပြူလာ ဖြစ်ခဲ့ပြီး နောင်မကြာမီ အရှေ့ ဥရောပတွင်လည်း ထိုနည်း လည်းကောင်း ပြောင်းလဲမှုကြီးကို ကြုံကြရသည်။ ထို့ကြောင့် ဥရောပသားတို့သည် မြန်မာ နိုင်ငံကို ၎င်းတို့ နှင့်အတူ လွတ်မြောက် ရာလမ်းသို့ ချီတက်ကြသော အစိတ် အပိုင်း တစ်ခု အဖြစ် စိတ်ထဲတွင် စွဲထင် သွားကြသည်။ သို့သော် မြန်မာ နိုင်ငံတွင် ၁၉၉၀ ခုနှစ် လွတ်လပ်သော ရွေးကောက်ပွဲ ရလဒ်ကို အသိ အမှတ် မပြု ခဲ့သောအခါ ၎င်းတို့၏ ဒီမိုကရေစီ အောင်ပွဲ ဆိုသည့် ယုံကြည်ချက်မှာ တစ်စစီ ပြိုကွဲ ခဲ့ရပေသည်။

အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ နာမည် ကျော်ကြားမှု ကလည်း တစ်စိတ် တစ်ပိုင်း ပါဝင်ခဲ့သည်။ သူမသည် ခန္ဓာကိုယ်က ပိန်သဖြင့် အားမရှိဟု ယူဆရသော်လည်း နိုင်ငံရေး အရ ဖြိုခွင်း၍ မရသော ဇာတ်ကောင် တစ်ဦး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် အနောက် နိုင်ငံများ အဖို့ သူမသည် လွတ်မြောက်ရေး အတွက် သူရဲကောင်း တစ်ဦး ခေတ်သစ် မဟတ္တမ ဂန္ဒီ ဖြစ်လာတော့သည်။

မြန်မာ နိုင်ငံကို ဆန့်ကျင်ရေး အတွက် ကြားဝင် ဆောင်ရွက်မှုများ ရှိခဲ့ရာ Burma Campaign သည် ဗြိတိန် နိုင်ငံ၏ ထိရောက်သော ဖိအား ပေးရေး အုပ်စု တစ်ခု ဖြစ်သည်။

မြန်မာ နိုင်ငံသည် သယံဇာတ ပေါများသော်လည်း အနောက် နိုင်ငံများနှင့် အဓိက ကုန်သွယ်ဖက် မဖြစ်ခဲ့ရခြင်း ကလည်း Sanction ပြုလုပ် ရခြင်း၏ အကြောင်းများတွင် ပါဝင်နေသည်။ မြန်မာ နိုင်ငံကို မဆက်ဆံရန် ဆုံးဖြတ်ခြင်းတွင် ငွေကြေး ကုန်ကျမှု လွန်စွာ မရှိလှချေ။

သို့သော် ရလဒ်မှာ လုံးဝ ကျရှုံးခဲ့သည်။ ဆွီဒင် နိုင်ငံ Institute for Security and Development Policy မှ အကြီးအကဲ Dr. Niklas Swanstorm က "ဒီနေ့ မြန်မာ နိုင်ငံမှာ တွေ့ရတာက အားနည်းတဲ့ အစိုးရ မဟုတ်ပါဘူး၊ ပြည်သူတွေနဲ့ သယံဇာတတွေကို ချုပ်ကိုင် ထားနိုင်တဲ့ အားကောင်းတဲ့ အစိုးရ တစ်ခု ဖြစ်နေပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် လွတ်လပ်ရေး ရကာစက အာရှ၏ အချမ်းသာဆုံး နိုင်ငံများတွင် ပါဝင်ပြီး ယခု အခါ ကုလသမဂ္ဂ လူသား ဖွံ့ဖြိုး တိုးတက်မှု ညွှန်းကိန်းများ အရ ၁၈၂ နိုင်ငံ အနက် အမှတ်စဉ် ၁၃၈ တွင် ရှိနေသည်။ သို့သော် အမှန်တကယ် ဒုက္ခ ခံစား နေရသူများမှာ သာမန် လူတန်းစားများပင် ဖြစ်သည်။

မြန်မာ နိုင်ငံတွင် Sanction ရုတ်သိမ်းရေး အတွက် အာဆီယံ၏ တင်ပြချက်မှာ အဓိက အချက် နှစ်ခု အပေါ်တွင် အခြေခံသည်။ စစ်တပ်မှ မျိုးဆက်သစ် အရာရှိများ မကြာမီ အာဏာ ရလာကြ တော့မည် ဖြစ်သည်။ ၎င်းတို့ကို မျက်စိပွင့်၊ နားပွင့်၊ ဦးနှောက်ပွင့်စေရန် အားပေးကြရမည် ဖြစ်သည်။ ကုန်သွယ်ရေး တိုးမြှင့်ခြင်း၊ အကူအညီ တိုးပေးခြင်းအားဖြင့် မြန်မာ နိုင်ငံမှ အုပ်ချုပ်သူများကို မက်လုံး ပေးရာ ရောက်ပြီး လူထု ဒုက္ခ ခံစားနေရမှု များလည်း လျော့နည်း သွားနိုင်သည်။

သို့သော် အနောက် နိုင်ငံမှ နိုင်ငံရေး သမား အများစုမှာ ဆွဲဆောင်၍ မရ ဖြစ်နေသည်။ ယင်းတို့က မြန်မာ နိုင်ငံတွင် စစ်တပ်သည် မျိုးဆက် နှစ်ခုခန့် အာဏာ ယူထားပြီး ယခုလည်း မပြောင်းလဲဘဲ ရှိနေသည်ဟု တစ်ထစ်ချ မှတ်ယူထားလျက် ရှိသည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ Sanction များ ရုတ်သိမ်းပြီး နောက်မှ လိုက်လာမည် ဟူသော အချက်မှာလည်း သံသယ ဖြစ်ဖွယ် ရှိသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ စီးပွားရေးသည် နိုင်ငံရေး၏ ချုပ်ကိုင်မှု ကင်းလွတ်မှ၊ မြန်မာ ခေါင်းဆောင်များက လူထု၏ သက်သာ ချောင်ချိရေး တိုးတက်ရန် လိုအပ်သည်ဟု လက်ခံမှသာ ဖြစ်ပေါ် နိုင်မည် ဖြစ်သည်။

လက်ရှိ အားဖြင့်မူ နှစ်ခု စလုံး ဖြစ်ရန် အကြောင်းကိစ္စ မမြင်ပေ။ တိုင်းပြည်၏ ဝင်ငွေမှာ မှန်မှန်ကြီး တိုးတက်လျက် ရှိသော်လည်း လူထုမှာ ဘာမျှ အကျိုး ခံစားရခြင်း မရှိပေ။ ကျန်းမာရေးနှင့် ပညာရေး နှစ်ခု ပေါင်း ဘတ်ဂျတ်မှာ ၂% ထက်ပင် နည်းသည်။

Sanction များကို ရုတ်သိမ်းပေးခြင်းဖြင့် အနည်းငယ် ခြားနားသွားမည်မှာ အမှန်ပင် ဖြစ်သည်။ မြန်မာ နိုင်ငံ၏  ထွက်ရှိသော ကုန်ကြမ်းများကို တရုတ်နှင့် အိန္ဒိယတို့ကသာ ချုပ်ကိုင်ထားသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုလည်း ကန့်သတ်မှုများ ပြုလုပ် မထားချေ။ မြန်မာ နိုင်ငံ အပေါ်မှ အကျိုးအမြတ် ရလိုသူ အနောက် နိုင်ငံ ကုမ္ပဏီများ အနေဖြင့် အခွင့် အလမ်းများ ရှိနေသေးသည်ဟု ဆိုနိုင်သည်။

အနောက် နိုင်ငံ အထည်ချုပ် ကုမ္ပဏီများသည် အဘယ်ကြောင့် မြန်မာ နိုင်ငံသို့ မသွားသနည်း။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့က လုပ်အားခ ပိုမို ပေါပေါနှင့် ဆွဲဆောင် ထား၍လော။ ပိုမို ကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက် အအုံများ ရှိ၍လော မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

"ဆက်ဆံရေး ပြုလုပ်ခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု အကူ အညီ ပေးခြင်းနှင့် ကုန်သွယ်မှု မှတစ်ဆင့် တဖြည်းဖြည်း ပြောင်းလဲမှု ရနိုင်မည် ဆိုတဲ့ အယူအဆဟာ အရှေ့မှာပဲ ဖြစ်စေ အာဏာရှင် စနစ်ကနေ အဓိပ္ပာယ် ရှိတဲ့ လူမှု ပြောင်းလဲရေး ဖြစ်စဉ် သမိုင်းမှာ လက်တွေ့ကျတဲ့ အခြေခံ မရှိခဲ့ပါဘူး" ဟု London School of Economics မှ သုတေသနဖဲလိုး ဖြစ်သူ ဒေါက်တာ ဇာနည်က ပြောသည်။

အသံ ဆူဆူ ညံညံ ကြားနေရသော NGO များထံမှ နိုင်ငံရေး အရ ဆန့်ကျင်မှုများမှာ ပြင်းထန်သည့် အလျောက် စီးပွားရေး အရ အကျိုးအမြတ်များကလည်း နည်းသည့်အလျောက် Sanction များကို ရုတ်သိမ်းရေး မက်လုံး သိပ်မရှိလှချေ။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကပင်လျှင် Sanction ရုတ်သိမ်းရေး အတွက် မျက်နှာသာ ပေးလှသည် မဟုတ်ဟု ပြီးခဲ့သည့် အပတ်အကုန်က Financial Times တွင် သတင်း ဖော်ပြခဲ့သည်။

မည်သို့ပင် ဆိုစေ ရှေ့ဆက်ရမည့် လမ်းကမူ ရှိနေသည်ပင် ဖြစ်သည်။ အာဆီယံ၏ နောက်ဆုံး တောင်းဆိုခဲ့သော Sanction ရုတ်သိမ်းရေးတွင် မပြေလည် နိုင်သော မြန်မာ့ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ကူညီ ဖြေရှင်းရေး အစီအစဉ်ကိုပါ တင်ပြထားကြောင်း ဥရောပတို့ မှတ်သား မိပါလိမ့်မည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြိး Marty Natalegawa က ပြီးခဲ့သော သီတင်းပတ်က ဆိုခဲ့သကဲ့သို့ အရေး ယူမှုများ ရုတ်သိမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးမှာ လက်ချင်း တွဲနေ သင့်ကြောင်းပင် ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ အမေရိကန်သည် မြန်မာ နိုင်ငံနှင့် လက်တွေ့ကျသော ဆက်ဆံရေး အသစ် ပြုလုပ်နေပြီး ဖြစ်သည်။ ဝါရှင်တန်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလက မူဝါဒ ပြောင်းလဲကြောင်း ကြေညာပြီး နောက်ပိုင်း ရလဒ် အနည်း ငယ်သာ ရသဖြင့် အခြား နည်းလမ်းကို ရှာဖွေလျက် ရှိသည်။

စိန်ခေါ်မှု အသစ်မှာ အချိန်ကိုက် လုပ်ဆောင်နိုင်ရေး ဖြစ်သည်။ အာဆီယံ အနေဖြင့် ယခုကဲ့သို့ စောသေးသည့် အဆင့်တွင် အီးယူ ထံမှ သော်လည်းကောင်း၊ အမေရိကန် ထံမှ သော်လည်းကောင်း Sanction ရုတ်သိမ်းရေးနှင့် ပတ်သက်သော တရားဝင် ကတိ စကားများ ရရှိရန် မဖြစ်နိုင်ပါ။

သို့သော် အာဆီယံ အနေဖြင့် ထိုသို့ တောင်းဆိုရန် အခွင့် ရှိနေသည်။ အနောက် နိုင်ငံ အစိုးရများ အဖို့ နားလည်မှုဖြင့် ဖြစ်စေ၊ အာဆီယံက မြန်မာ နိုင်ငံမှ အနာဂတ် နိုင်ငံရေး သဘော တူညီမှုများ ရယူရေးတွင် လျင်မြန်စွာ အပေါင်း လက္ခဏာ ဆောင်သော တုံ့ပြန်မှုများ စီစဉ်နိုင်ပေသည်။ Sanction များကို အရေးကြီးသော ကိစ္စအား နောက်ဆုံး ချန်၍ တဆင့်ချင်း ရုတ်သိမ်း သွားနိုင်ပါသည်။

ဥရောပ အနေဖြင့် ပထမ ခြေလှမ်းကိုပင် လှမ်းနိုင်ဖွယ် မရှိပေ။ သို့သော် အမေရိကန်က အာဆီယံ နှင့်အတူ ဆောင်ရွက်ရန် နားချပါက အီးယူသည် ၎င်း၏ ရပ်တည်မှုကို ပြောင်းရန် စဉ်းစား လာနိုင်သည်။

အာဆီယံ၏ Sanction ရုတ်သိမ်းရန် လျှောက်လဲချက် ပေးမှုမှာ ရှုထောင့် တစ်ခုမှ ကြည့်လျှင် Jချိန်ပင် အတော် လွန်နေပြီ ဖြစ်ကြောင်း သတိ ပေးသကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော် လုပ်ရ ကိုင်ရ ခက်နေသော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး ကိစ္စကြီးကလည်း ရှေ့တွင် ရှိနှင့်ခဲ့ပြီး ဖြစ်နေသည်။ သို့ရာတွင် အဆိုပါ နည်းလမ်း နှစ်ခုစလုံးသည် အာဆီယံနှင့် အနောက်ကြား အသံကျယ် ပြောခြင်း ပရိယာယ်၊ လူထုကြား လက်ညှိုး ထိုးခြင်း နည်းများဖြင့် ဆက်လက် လုပ်ကိုင် နေပါက မည်သည်ကိုမျှ ရလိမ့်ဦးမည်ကား မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment