Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာ့ အပြောင်းအလဲသည် အစစ်အမှန်မဟုတ်ဟု ဝါရှင်တန် ထုတ်ဖော်

(VOA သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စစ်အစိုးရက အရပ်ဘက် အစိုးရထံသို့ အာဏာ လွှဲပြောင်းလိုက်မှုသည် အစစ်အမှန် ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ စစ်တပ် ခေါင်းဆောင်များသာ အာဏာ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း အမေရိကန် အစိုးရက ကန့်ကွက် ပြောဆိုလိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သမ္မတ ဘားရက်အိုဘားမားက သူ၏ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွန်းအောင် ဆက်လက် ဖိအားပေးသွားမည် ပြောဆိုကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့က စစ်ဘက်မှ အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်း ပေးလိုက်မှုသည် စစ်ဘက်နှင့် အရပ်ဘက် အကောင်းဆုံး ပုံစံဖြင့် ချိတ်ဆက်လိုက်မှု တစ်ခုသာ ဖြစ်ပြီး စစ်မှန်သော ပြောင်းလဲမှု မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုသည်။ သို့အတွက်ကြောင့် ဝါရှင်တန် အနေဖြင့် မိမိတို့၏ နှစ်လမ်းသွား မူဝါဒဖြစ်သော စေ့စပ်ညှိနှိုင်းရေးနှင့် ပိတ်ဆို့ အရေးယူရေး မူဝါဒကို ဆက်လက် ကျင့်သုံး ကာ စစ်မှန်သော ပြုပြင်ပြောင်းလဲရေးများလုပ်ကိုင် နိုင်အောင် ကြိုးစားသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့သော စစ်အစိုးရက နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံရသော အရပ်သား အစိုးရအား ပါလီမန်လွှတ်တော်၌ တရားဝင် အာဏာ လွှဲပြောင်းပေးပြီးနောက် အမေရိကန်အစိုးရက ယင်းသို့ သုံးသပ် ထင်မြင်ချက်များ ပေးလိုက်ခြင်း ဖြစ်သည်။ အသစ် ဖွဲ့စည်းလိုက်သည့် အရပ်ဘက် အစိုးရသစ်တွင် ယခင် စစ်အစိုးရ လက်ထက် ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က သမ္မတအဖြစ် တင်မြှောက်ခံရပြီး ၎င်းနှင့်အတူ အခြားသော ယူနီဖောင်းချွတ် စစ်ဘက် အရာရှိ ဟောင်းကြီးများက ဝန်ကြီးများအဖြစ် အသီးသီး နေရာရရှိကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဖွံ့ဖြိုး တိုးတက်မှုများအပေါ် အမေရိကန် ပြည်ထောင်စု၏ သဘောထားနှင့် ပတ်သက်၍ အကျဉ်းချုံးသဘောဖြင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာခ့်တိုနာက ယခု မြန်မာနိုင်ငံမှ ဖြစ်ရပ်သည် လမ်းကြောင်း သွေဖီသွားမှု သို့မဟုတ် နောက်ပြန်ဆုတ်မှု တစ်ရပ်သာ ဖြစ်ကြောင်း ပြောကြားသည်။ "အခြေခံ ကတည်းက အပြစ် အနာအဆာတွေ ပြည့်နှက်နေခဲ့တဲ့ မြန်မာ ရွေးကောက်ပွဲ ဖြစ်စဉ်ကြောင့် ယခုအခါ စစ်အစိုးရ ခေါင်းဆောင်ကြီးတွေ အနေနဲ့ အစိုးရသစ်အပေါ် ကောင်းစွာ သြဇာ လွှမ်းမိုးနိုင်တော့မှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေ အားလုံးလည်း လုပ်ဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ အဲဒီ စစ်ခေါင်းဆောင်ကြီးတွေဟာ သူတို့ရဲ့ စစ်ယူနီဖောင်းတွေကို ချွတ်ပြီး အရပ်သား ဝတ်စုံ ဝတ်လိုက်တာပါပဲ။ ကျွန်တော်တို့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက ဖိနှိပ် ချုပ်ခြယ်တဲ့ သဘောရှိတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုတွေ ရှိနေဆဲပါပဲ" ဟု ၎င်းက ဆိုသည်။

မြန်မာ အာဏာပိုင်များ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိအမှတ် ပြုခြင်းတို့ လုပ်ဆောင်ပေးပြီး ထိုမှတစ်ဆင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစု အုပ်စုများ အားလုံးပါဝင်သော ဒိုင်ယာလော့ခ် တစ်ရပ်ကို ပြုလုပ်ပေးလာရန် အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါကြောင်း မစ္စတာ မာ့ခ်တိုနာက ဆိုသည်။ ယင်းသို့ လုပ်ဆောင် ပေးခြင်းသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပထမ အဆင့် ဖြစ်သည် ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ် များကို မသိကျိုးနွံ ပြုကာ နှစ်ပေါင်း ၂၀ ကျော်တိုင် အာဏာ လွှဲပြောင်းမပေးဘဲ အုပ်ချုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း နှစ် ၂၀ ကျော် ကာလအတွင်း ၁၄ ခန့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲအပြီး ရက် အနည်းငယ်အတွင်း ပြန်လည် လွတ်မြောက်ခဲ့သည်။ NLD မှ ပြောရေးဆိုခွင့် ရှိသူက မိမိတို့ပါတီ အနေဖြင့် အစိုးရသစ်နှင့် ဒိုင်ယာလော့ခ် လုပ်ရန် လမ်းဖွင့်ထားကြောင်း၊ သို့သော် စစ်တပ်က ထိန်းချုပ်မှုများ ပြုလုပ်နေသည့် ကိစ္စအပေါ် စိုးရိမ် ပူပန်မိဆဲ ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် ယခင် ဝန်ကြီးချုပ်ဟောင်း သိန်းစိန်က အစိုးရသစ်၏ သမ္မတအဖြစ် မိန့်ခွန်း ပြောကြားရာ၌ အနောက် အင်အားကြီး နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဗိုလ်ကျ စိုးမိုးလျက် ရှိကြောင်း စွပ်စွဲပြောဆိုပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင်းမှ အပြုသဘော ဆောင်သော ပြောင်းလဲမှုများကို အသိအမှတ် ပြုကာ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးသင့်ကြောင်း သုံးသပ် ပြောကြားသွားသည်။

*******************************************************************************************************

အမေရိကန်က မြန်မာအတွက် အထူးကိုယ်စားလှယ် ခန့်မည်

(3 April 2011 ရက်စွဲပါ AFP မှ Shaun Tandon ရေးသားသော “Renewing Myanmar Focus, US to Name Envoy” ကို ဘာသာ ပြန်ဆိုသည်)

သမ္မတ Barack Obama သည် မကြာမီ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်လိမ့်မည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အများစုက ဝေဖန်ခဲ့သော အသွင်ကူးပြောင်းရေး အပြီးတွင် မြန်မာနိုင်ငံအပေါ် ကြိုးပမ်းမှု အသစ်များ ပြန်လည် ပြုလုပ်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သူများ ကမူ ဒဲရက် မစ်ချယ် (Derek Mitchell) အား အမည်စာရင်း တင်သွင်းကြကြောင်း အိုဘားမားက ပြောသည်။ ဒဲရက်သည် အာရှ မူဝါဒ ချမှတ်သူဟောင်း ဖြစ်ပြီး ယခုအခါ ပင်တဂွန်တွင် တာဝန်ထမ်းဆောင်နေသည်။ ယင်းသည် မြန်မာနိုင်ငံနှင့် အမေရိကန်ကြား ညှိနှိုင်းပေးမည့်သူ အဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် အစိုးရသည် အမည်စာရင်း တင်သွင်းမှုကို မကြာမီ ပြုလုပ်မည်ဖြစ်ပြီး ကွန်ဂရက်ရှေ့မှောက်တွင် မစ်ချယ်အား မိတ်ဆက်ပေးလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။ ကွန်ဂရက်သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်နေကျ နေရာ တစ်ခု ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အိုဘားမား တက်လာပြီးနောက် အနောက်နိုင်ငံများ၏ စစ်အစိုးရ အပေါ် အထီးကျန်ပြုမှုသည် ထိရောက်မှု မရှိခြင်းကြောင့် မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ စတင်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တိုးတက်မှုများ မရှိသဖြင့် စိတ်ပျက်ကြောင်း ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ အချိန်အခါမျိုးတွင် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းမှ အပ အခြား နည်းလမ်း မရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှ ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူ ကာ့ ကမ့်ဘဲ (Kurt Campbell) က မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် သွားရောက်၍ အစိုးရ၏ ကြိုးပမ်းမှုကို လုပ်ဆောင်ပေးခဲ့ဖူးသည်။

ကွန်ဂရက်သည် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ပိုမို တင်းကြပ်လိုက်သည့် ကျယ်ပြန့်သော ဥပဒေများကို အတည်ပြုပေးခဲ့ပြီး အထူး ကိုယ်စားလှယ် အတွက် နေရာတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုစဉ်က သမ္မတ ဘုရှ် (Bush) က မိုက်ကယ်ဂရင်း (Michael Green) ကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အထက်လွှတ်တော်တွင် မသက်ဆိုင်သော နိုင်ငံရေး ဆိုင်ရာ အငြင်းပွားမှုများကြောင့် ထိုအစီအစဉ် ပျက်သွားခဲ့သည်။

ယခုကဲ့သို့ မစ်ချယ်အား ခန့်အပ်မှုသည် မြန်မာမူဝါဒ ချမှတ်ရေး အတွက် ဟန်ချက်ညီသွားမည် ဖြစ်ပြီး အစိုးရကလည်း ယင်းအား လုပ်သာကိုင်သာ ရှိရန် လုပ်ပိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ဂရင်းက ပြောကြားခဲ့သည်။ ဂရင်းသည် ယခုအခါ ဂျော့တောင်းတက္ကသိုလ် (Georgetown University) နှင့် Centre for Strategic and International Studies) တွင် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

“ကာ့တ် ကမ့်ဘဲကလည်း ဒီကိစ္စကို အသေအချာ လုပ်စေချင်ပါတယ်၊ သူလုပ်ခဲ့ပေမဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ ပြောင်းလဲမှုတွေ ထွက်မလာခဲ့ပါဘူး၊ ဒါကြောင့် အချိန်ပြည့် လုပ်နိုင်မယ့် တစ်ယောက်ကို ခန့်လိုကြပါတယ်” ဟု ဂရင်းက AFP သို့ ပြောကြားသည်။

အထူးကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရာတွင် ကမ့်ဘဲသည်  ယင်း၏ ရှေ့က အစိုးရ လက်ထက်က ခရစ်စတိုဖာ ဟေးလ် (Christopher Hill) အား ဝေဖန်ခဲ့ခြင်းမျိုးကို မခံခဲ့ရပေ။ ခရစ်စတိုဖာဟေးလ် သည် မြောက်ကိုရီးယားတွင် နျူကလီယာ ဖျက်သိမ်းရေး ကိစ္စ ညှိနှိုင်းခြင်းကိုသာ စိတ်ဝင်စားပြီး အာရှဒေသကို လစ်လျူရှုခဲ့ကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။

မြန်မာ စစ်အစိုးရအဖွဲ့ကို ဗုဒ္ဓဟူးနေ့က တရားဝင် ဖျက်သိမ်းလိုက်ပြီး အရပ်သားဟု ခေါ်ဆိုသော အစိုးရအား အာဏာ လွှဲပေးခဲ့သည်။ သို့သော် သုံးသပ်သူ အများစုကမူ ယူနီဖောင်း မဝတ်ဘဲ စစ်အစိုးရ ထိပ်တန်း အရာရှိများက ခေါင်းဆောင်သော ဟန်ဆောင် အစိုးရသာ ဖြစ်ကြောင်း ပြောခဲ့ကြသည်။

နိုင်ငံခြား တိုင်းပြည်များက ကြိုဆိုခဲ့သော တိုးတက်မှု တစ်ခုမှာ ပြီးခဲ့သည့် နှစ်က မြန်မာအာဏာပိုင်များက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပါလီမန်အသစ်တွင် ပြောရေးဆိုခွင့် မရှိပေ။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲသည် အတိုက်အခံနှင့် တိုင်းရင်းသားများအား ကန့်သတ်မှုများ ပြုထားသည်ဟု ဆိုကာ သပိတ်မှောက်ခဲ့ခြင်းကြောင့် ဖျက်သိမ်းခံခဲ့ရသည်။

စနေနေ့က ဝါရှင်တန်တွင် နိုင်ငံရေး လှုပ်ရှားသူများ စုဝေးရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ တိုင်းပြည်အား ဆက်လက်၍ အလေးထား ကြည့်ရှုကြရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။

“အခုချိန်ဟာ မြန်မာနိုင်ငံအတွက် လမ်းဆုံ လမ်းခွကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က US Campaign for Burma အစည်းအဝေးတွင် ဗွီဒီယိုဖြင့် သတင်းစကား ပါးခဲ့သည်။

“တချို့က ပြောင်းလဲမှုကို မြင်တွေ့နေရတဲ့ နေရာကို ရောက်နေပြီလို့ ဆိုနေပါတယ်၊ ကျွန်မတို့ အပါအဝင် တချို့အတွက်ကတော့ ပြောင်းလဲမှုက မလားသေးပါဘူး၊ တွေ့လည်း မတွေ့ရသေးပါဘူး၊ အပေါ်ယံ ပြောင်းလဲမှုပဲ ရှိပါသေးတယ်၊ တကယ် ပြောင်းလဲမှု မဟုတ်သေးပါဘူး၊ အားလုံးကို ကျွန်မ ပြောလိုတာကတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်မှု အရေးကိစ္စဟာ အရေးကြီးတဲ့ နေရာမှာ ရှိတဲ့ အတွက် ကြိုးပမ်းမှုတွေကို အသစ်တဖန် လုပ်စေလိုပါတယ်၊ အစိုးရတွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ တစ်ဝှမ်းက လူတွေ စိတ်ထဲမှာ ထည့်ထားသင့်ပါတယ် လို့ ပြောလိုပါတယ်” ဟု သူမက ဖြည့်စွက် ပြောကြားခဲ့သည်။

***************************************************************************************************************************

မြန်မာနိုင်ငံတွင်း ကျယ်ပြန့်သော ဒိုင်ယာလော့ခ်များ ပေါ်ထွန်းရေး

(The Straits Times မှ Editorial ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ယခုအခါ မြန်မာစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံရသော အရပ်ဖက်အစိုးရအား မတ်လ ၃၀ ရက်နေ့က တရားဝင်အာဏာ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။ သို့သော် မြန်မာစစ်တပ် အနေဖြင့် အသစ် ထွက်ပေါ်လာသည့် ပါလီမန် လွှတ်တော်တွင် အတိုက်အခံ အင်အားစုများနှင့် အဓိပ္ပာယ် ပြည့်ဝသော၊ ပြီးပြည့်စုံသော

ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ကောင်းပြုလုပ်လာနိုင်သလို မပြုလုပ်ဘဲနှင့်လည်း နေကောင်း ဆက်နေသွားနိုင်သည်။ အကယ်၍ စစ်တပ်ကသာ ဆန္ဒရှိမည်၊ လိုလိုလားလား ရှိမည် ဆိုပါက အဓိပ္ပာယ် ကောက်ယူမှု လွဲမှားသည်များကို ရှင်းလင်းသွားစေမည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို ရိုးရိုးရှင်းရှင်းနှင့်ပင် လက်သင့်ခံ လာနိုင်သည်။

မြန်မာနိုင်ငံတွင် အရပ်ဘက်ဟုဆိုသည့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာပြီဟု မည်သို့ပင် ဆိုနေစေကာမူ စစ်တပ်(တပ်မတော်)၏ သြဇာ လွှမ်းမိုးမှုများ ဆက်လက် တည်ရှိ နေဦးမည်သာပင် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို လျစ်လျူမရှုကြောင်း ထုတ်ဖော် ထားသည်မှာ အမှန်ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာ့တပ်မတော် (စစ်တပ်)နှင့် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ အထိမ်းအမှတ် တစ်ခုကို မတ်လ ၂၇ ရက် တစ်ရက်တည်းတွင် ပြိုင်တူ လုပ်ကိုင်ခဲ့ကြသည်ကို တွေ့ရသည်။ စစ်တပ်က တပ်မတော် စတင် ထူထောင်ခြင်း ၆၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး NLD က ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်၊ မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်ဂျပန် တော်လှန်ရေး ၆၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

မြန်မာစစ်တပ်နှင့် NLD ပါတီတို့ တူညီသော သမိုင်းကြောင်းတစ်ခုကို မျှဝေ တန်ဖိုး ထားကြသည်မှာ မှန်သော်လည်း ၎င်းတို့ကြားတွင် ရှိနေသော ကွာဟမှုမှာ လွန်စွာ ကြီးမားလျက် ရှိသည်။ ယခု အရပ်ဘက် အစိုးရသစ် လက်ထက်တွင် NLD ပါတီ၏ ဦးစားပေး တောင်းဆိုမှု တစ်ရပ် ဖြစ်သော အကျဉ်းသား ၂၁၀၀ အား ခြွင်းချက်မရှိ လွှတ်ပေးရေး ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်သည်။ NLD သည် ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သောကြောင့် ယခုအခါ တရားဝင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ ပါလီမန် လွှတ်တော်သစ်တွင်လည်း နေရာ တစ်နေရာမျှပင် မရရှိတော့ပေ။ ယခုကဲ့သို့ အခြေအနေမျိုးတွင် စစ်တပ်ကသာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လုပ်ဆောင်ချက်များကို ဆက်လက် ပိတ်ပင်တားဆီးနေမည် ဆိုပါက အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် မည်သို့သော ကြိုးပမ်းမှုမဆို အောင်မြင် ဖြစ်ထွန်းနိုင်ဖွယ် မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သွားပြီ ဖြစ်သည့် အတွက် အသစ် တက်လာသော အစိုးရအနေဖြင့် အပြောင်းအလဲများ လုပ်ဆောင်ပေးခြင်း ရှိ၊ မရှိကို မျက်ခြေမပြတ် စောင့်ကြည့်နေမည် ဖြစ်သည်။

အကယ်၍ တပ်မတော်ကသာ ပွင့်လင်းသည့် စိတ်ဓာတ်မျိုး ထားရှိပြီး နားမလည်နိုင်သည့် အကြောင်း ကိစ္စများကို ဖြေရှင်းရန် ဆန္ဒရှိမည် ဆိုပါက NLD နှင့် တပ်မတော်အကြား ကောင်းမွန်သော ဆက်ဆံရေးမျိုး ပေါ်ထွန်းလာပြီး တိုင်းပြည်လည်း အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်သည်။ မည်သို့ပင် ကန့်သတ် ချုပ်ခြယ်မှုများ ရှိနေစေကာမူ လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးတော့မည့် မူဝါဒသည် စစ်တပ် သြဇာအာဏာ ကြီးစိုးမှု သေးငယ်သွားအောင် ပြုလုပ်ထားသည် ဖြစ်ရာ နိုင်ငံရေးနှင့် ပတ်သက်သော အမြင်များ၊ အယူအဆများ တစ်နည်းတစ်ဖုံ မလွဲမသွေ ပြောင်းလဲတော့မည်မှာ အမှန်ပင် ဖြစ်သည်။

NLD မှခွဲထွက်သွားပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ လယ်ရီဒင်းဂါးနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးအတွက် ဆွေးနွေးကြောင်း သိရသည်။ အကယ်၍သာ ပိတ်ဆို့အရေးယူမှု အပါအဝင် အခြားသော အရေးကြီး ကိစ္စရပ်များနှင့် ပတ်သက်သော အသံများ ပိုမို ထွက်ပေါ်လာမည် ဆိုပါက မြန်မာနိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် လိုအပ်ချက်များလည်း ရှင်းရှင်းလင်းလင်း ဖြစ်လာပေလိမ့်မည်။ ထို့အတူ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် မည်သို့မည်ပုံ အကူအညီ ပေးနိုင်မည် ဟူသော အချက်ကို အလွယ်တကူ ရှာတွေ့လာမည် ဖြစ်သည်။ အနောက် အင်အားစုများ အနေဖြင့်လည်း ပိတ်ဆို့အရေးယူမှု ဟူသော အကြောင်းကိစ္စနှင့်ပင် ရပ်တန့်မနေဘဲ ပြည်တွင်းမှ အင်အားစုများနှင့် စေ့စပ်ညှိနှိုင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့ လုပ်ဆောင်ရမည့် ကိစ္စမှာ မြန်မာအမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ချက်များကို အနီးကပ် စောင့်ကြည့် လေ့လာ နိုင်မည့် အမြဲတမ်း သံတမန်တစ်ဦး ခန့်အပ်ရေးပင် ဖြစ်သည်။

ဤသို့ ဆိုပါက မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသော အောင်မြင် ဖြစ်ထွန်းမှုများ မပေါ်ပေါက် သေးသည့်တိုင် ကောင်းမွန်သော အလားအလာများကို တွေ့မြင်နေရပြီ ဖြစ်သည်။ ဥပမာအားဖြင့် ပြရလျှင် အာဆီယံက ချမှတ်လိုက်သော မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒသည် အပြုသဘော ဆောင်သလို လတ်တလော နှစ်များအတွင်း အခြေအနေကောင်းများ ဖြစ်ပေါ်အောင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဆီယံနည်းအတိုင်း အပြုသဘော ဆောင်သည့် ချဉ်းကပ်မှုမျိုး ပြုလုပ်ကာ ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာသော နိုင်ငံတစ်ခု ဖြစ်အောင် ကူညီလုပ်ကိုင် ပေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

***************************************************************************************************

မြန်မာနယ်စပ်ထိ သွယ်တန်းမည့် ဒေါ်လာ ၂၅၅ သန်းတန် ရထားလမ်း စီမံကိန်း ဘင်္ဂလားဒေ့ရှ် စတင်

(Gulf Times မှ 4 April 2011 ရက်စွဲပါ “Work Begins on $ 255 mm Rail Line Project” ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားခရိုင်နှင့် အရှေ့တောင် အာရှ အပန်းဖြေ ကမ်းခြေတို့ကို အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်သွယ်ပေးမည့် ရထားလမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာက မနေ့က ဖွင့်လှစ်ပေးလိုက်သည်။

ဒေါ်လာ ၂၅၅ သန်း တန်ဖိုးရှိ နှစ်မီတာ ဂိတ်အကျယ် ရထားလမ်းများသည် ဂျီလုံဂျာ မြို့ကို တစ်ဖက်တွင် စစ်တကောင်း ဆိပ်ကမ်းမြို့နှင့် လည်းကောင်း၊ အခြားတစ်ဖက်တွင် မြန်မာ နယ်စပ်အနီးမှ ရာမူး နှင့်လည်းကောင်း ဆက်သွယ် ပေးမည် ဖြစ်၍ ၂၀၁၃ ဒီဇင်ဘာတွင် အပြီးသတ်မည်ဟု Daily Star သတင်းစာက ဖော်ပြထားသည်။

အဆိုပါ ရထားလမ်းအတွက် ပထမဆုံး ကွင်းဆင်း တိုင်းတာမှု ဆာဗေး လုပ်ငန်းကို ဗြိတိသျှ ခေတ်အတွင်း ၁၈၉၀ ခုနှစ်က ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ သို့သော်လည်း ကမ္ဘာစစ် နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် ရထားလမ်း တည်ဆောက်မှုကို စတင်နိုင်ခဲ့ခြင်း မရှိပေ။ ပထမ အကြိမ် ဖြစ်နိုင်ခြေ ရှိသော လေ့လာမှုများကိုမူ ရှိတ်ဟတ်ဆီနာ၏ ယခင် ဝန်ကြီးချုပ် သက်တမ်း ကာလ အတွင်း ၂၀၀၁ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၃၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းနှင့် ရထားလမ်း၊ ကားလမ်းများ ဆက်သွယ်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment