Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ယှဉ်ပြိုင်မှုကိုအလေးထားမှသာ

***************************************************

ဆောင်းပါးကဏ္ဍ

ယှဉ်ပြိုင်မှုကိုအလေးထားမှသာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယခုလို အချိန်အခါမျိုးတွင် နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်များ၏ ခိုင်မာမှုသည့် ရည်မှန်းရာ အပြောင်းအလဲ ရောက်ရာရောက်ကြောင်း အထောက်အပံ့များ ဖြစ်နေပြီဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံရေးနှင့် စီးပွားရေးအင်စတီကျူးရှင်းများ၏ လုပ်ဆောင်ချက် ပီပြင်အောင် တည်ဆောက်နေမှု ရှိ၊ မရှိဆိုသည်မှာ စိတ်ဝင်စားဖွယ် လေ့လာစရာ အကြောင်းအရင်းတရပ် ဖြစ်လာသည်။

မြန်မာနိုင်ငံမှာ ဒေသတွင်း အာဆီယံနိုင်ငံများနှင့်ယှဉ်လျှင် စီးပွားရေးအရ အောက်ဆုံးအနေအထားသို့ ရောက်ရှိနေသည်။ ထိုအတွက်ကြောင့် မူဝါဒချမှတ်သူများက စီးပွားရေးဖိုရမ်များ ပြုလုပ်စေခြင်းဖြင့် စီးပွားရေး အပြောင်းအလဲများကို ဦးစားပေး ဆောင်ရွက်လာကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံသည် ၁၉၉၂/၃ မှစတင်၍ စီးပွားရေး အပြောင်းအလဲများကို ပြုလုပ်ခဲ့သေးသည်။ သို့သော် နိုင်ငံရေးစနစ်မှာ ဗဟိုဦးစီးစနစ် ဖြစ်နေ သောကြောင့်လည်းကောင်း၊ သဘာဝ သယံဇာတကို အမှီပြုပြီး နိုင်ငံ၏ GDP ကို တိုးပွားအောင် ဆောင်ရွက်နိုင်ခြင်းကြောင့်သော်လည်းကောင်း အပြောင်းအလဲများမှ နောက်ကြောင်းပြန်ခဲ့ရသည်။ ယခုအပြောင်းအလဲတွင်ရော နောက်ကြောင်းပြန်နိုင်စရာ ရှိပါသလောဟုမေးစရာ ဖြစ်လာသည်။

မူဝါဒချမှတ်သူများအနေဖြင့် သဘာဝသံယံဇာတအပေါ်၌သာ အဓိက မှီခိုအားထားနေရသည့် စီးပွားရေးစနစ်၏ နိုင်ငံတကာတွင် ယှဉ်ပြိုင် နိုင်စွမ်းမရှိပုံကို သိမြင်နားလည်နိုင်သည့် အချိန်လုံလုံလောက်လောက် ရှိသွားပြီဟု မှတ်ယူ၍ ရနိုင်ပါသည်။ ထို့ကြောင့်လည်း အခြား ရွေးချယ်စရာ မရှိတော့သည့် အနေအထားတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တာဝန်ယူမှုအပြည့်ဖြင့် လုပ်ဆောင်လာကြခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ်ထွန်းလာမည့် အာဆီယံစီးပွားရေးဇုန်အမှီ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ အင်စတီကျူးရှင်များကိုအချိန်ကိုက် တည်ဆောက်နိုင်မှ သာလျှင် ယှဉ်ပြိုင်မှုအသာစီးရမှု (Competitive Advantage) ရှိမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများသည် နိုင်ငံတကာ ဈေးကွက်အတွင်း အခြားနိုင်ငံများ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဦးစွားလုပ်ဆောင်သင့်သည့်အရာမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင် စွမ်းကိုအားပေးဖို့ရန် ဖြစ်သည်။ တနည်းဆိုရလျှင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေးတွင် ယှဉ်ပြိုင်မှုကိုသာ စီးပွားရေးဖွံ့ဖြိုးရာ လမ်းကြောင်းအဖြစ် ရွေးချယ်မှုပြုရန်ဖြစ်သည်။ ယခင်ကအစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေးမှာ အာဏာပိုင်များနှင့် နီးစပ်သူများကိုသာ လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ပေးသည့် အနေအထားမျိုးသာ ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အရင်းအနှီးအများအပြားရှိသည့် အရင်းရှင်များနှင့်လက်တွဲ၍ နိုင်ငံ၏စီးပွားရေး တိုးတက်အောင်ဆောင် ရွက်ရသည်မှာ မှန်ကန်မှုရှိသည့် လုပ်ရပ်တစ်ခုဖြစ်ပါသည်။ သို့သော် စီးပွားရေး လုပ်ငန်းတစ်ခု၏ တီတွင်ဖန်တီးမှု စွမ်းရည်များကြောင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်သည့် အနေအထားများ ရှိသည်ဆိုလျှင်တောင် ပြိုင်ဆိုင်မှုကို အလေးထားမှသာ စီးပွားရေးရေရှည်တိုးတက်နိုင်မည်ဆိုသည့် အသိကြောင့် အစိုးရမှ စည်းကမ်းစည်းကမ်းများသတ်မှတ်ပြီး ဈေးကွက်အတွင်း လက်ဝါးကြီးအုပ် ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းအား ဟန့်တားထိန်းချုပ်မှုများ ပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းယဉ်ကျေးမှုမှာ ဆိုခဲ့ပြီးသည့်အတိုင်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် ယဉ်ကျေးမှု ဖြစ်သောကြောင့် ယင်းကို အစိုးရ၏ စည်းမျဉ်းစည်းကမ်း၊ မူဝါဒများဖြင့် ဖယ်ရှားပစ်ရန်  လိုအပ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှ မတ် ၃၀ တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသွားသည့် မိန့်ခွန်းတွင်လည်းအဆိုပါ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဈေးကွက်စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီးနိုင်ငံတကာမှာ အယူအဆအမျိုးမျိုး ရှိကြသလို လုပ်နည်းလုပ်ဟန်တွေလည်း ကွဲပြားခြားနား ကြပါတယ်။ အချို့နိုင်ငံတွေမှာ ဈေးကွက်ကို လုံးဝလွှတ်ထားပေးတာမျိုး ရှိသလို အချို့နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာတစ်ခုအထိ ၀င်ပြီးထိန်းပေးနေရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရက အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုးဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေးစနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ် ဆိုတာလည်း ဈေးကွက်ရဲ့လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုးမဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်းတည့်မတ် ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်” ဟူ၍ဖြစ်လေသည်။ ယင်းကို သုံးသပ်ကြည့်ပါက ဦးသိန်းစိန်အစိုးရသည် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်း၍ စီးပွားရေးလုပ်ငန်းကြီးများ၏ လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာမှုကို ကန့်သတ်ထိန်းချုပ်ကာ စီးပွားရေးလုပ်ငန်းများ အားလုံးတန်းတူညီတူယှဉ်ပြိုင်နိုင်ရေး (Level Playing Field) ကို အားပေးသွားမည်ဟု တစ်နိုင်ငံလုံးအား အသိပေး ပြောကြား လိုက်ခြင်းပင် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော ပုဂ္ဂလိကပိုင်ပြုရေး အစီအစဉ်  များသည် စီးပွားရေးလုပ်ငန်းများအား တန်းတူယှဉ်ပြိုင်နိုင်သည့် စည်းမျဉ်းစည်းကမ်းများကို ပွင့်လင်းမြင်သာမှုရှိရှိ သတ်မှတ်ပေးခြင်းသည် အထက်ပါ သမ္မတကြီး၏ မိန့်ခွန့်ပါ မူဝါဒကိုလက်တွေ့ ဆောင်ရွက်လိုက်ခြင်းပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်မူအရိုးစွဲနေပြီ ဖြစ်သော မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်း၏ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အခုအခံများရှိမည်ဖြစ်သလို ထင်သလိုခရီးမပေါက်မှုများနှင့်လည်း ကြုံတွေ့ရဖွယ် ရှိပါသည်။ သို့သော် ယင်းတို့မှာ နိုင်ငံ တည်ဆောက် ရေးတွင် မဖြစ်မနေမလွဲမသွေ ဖြတ်သန်းရမည့် ဆူးညောင့်ခလုတ်များသာ ဖြစ်ပါသည်။ ဈေးကွက်စီးပွားရေးကိုယုံကြည်မှုအပြည့်ဖြင့် နိုင်ငံ၏ စီးပွားရေး တည်ဆောက်မည်ဆိုလျှင် ယှဉ်ပြိုင်နိုင်မှု သည်သာ စီးပွားရေးရေရှည်ဖွံ့ဖြိုးမှု၏ အဖြေဖြစ်ပါကြောင်း……………….။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment