Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုဂယက်

***************************************************************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုဂယက်

ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေမှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ဆိုထားခြင်းကြောင့် ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၀ ကျော် လွတ်လပ်သွားပြီဖြစ်သည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲကို ယခုလွတ်တော်တွင် အင်အားကြီးပါတီဖြစ်နေသော ကြံ့ခိုင်ရေးပါတီ၊ မကြာမီကပင် မှတ်ပုံတင်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများမှ ကိုယ်စားလှယ်လောင်းများ အကြိတ်အနယ်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကြည့်လို့ ကောင်းမည့် ပွဲတစ်ပွဲပင်ဖြစ်သည်။ ထိုပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ဦးသိန်းစိန်အစိုးရနှင့် ညှိနှိုင်းမှုအဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ဖို့ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခဲ့ရသည့် ပါတီဖြစ်သည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ပြည်လုံးကျွတ် နီးပါး အနိုင်ရရှိခဲ့သည့် ပါတီတစ်ရပ်ဖြစ်နေသောကြောင့် လူထုစိတ်အဝင်စားဆုံး ပါတီတစ်ခုဟုဆိုနိုင်ပါ သည်။

ပင်မရေစီးကြောင်းနိုင်ငံရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ပင်မရေစီးကြောင်းနိုင်ငံရေး တစ်နည်း လွှတ်တော်တွင် နိုင်ငံရေးသို့ ဝင်ရောက်လာခြင်းအပေါ် စာရေးသူအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုအပ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီနှင့် အဖက်ဖက်မှ ယှဉ်ပြိုင်နိုင် စွမ်းရှိသည့် ပါတီတစ်ရပ်အနေဖြင့် လွှတ်တော်တွင် အားကောင်းသည့် အတိုက်အခံ အသွင်ဆောင်သည့် နိုင်ငံရေးအင်အားစုကို အထူးပင်လိုလားခဲ့ပါသည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ရွေးကောက်ပွဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို သဘောမတူ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။ အဖွဲ့ချုပ်အတွင်းတွင် ရွေးကောက်ပွဲကိုဝင်ရန် လိုလားသော အင်အားစုလည်းရှိနေပြန်ရာ ထိုအင်အားစုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအမည်ဖြင့် ရွေးကောက်ပွဲကိုဝင်ရောက်ခဲ့သည်။

အခြားဒီမိုကရက်တစ်ပါတီများသည်လည်း ရှိသမျှစွမ်းရည်ဖြင့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။ စာရေးသူသတိထားမိသည့်အချက်မှာ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်သည့်အချိန်နှင့် ရွေးကောက်ပွဲကျင်းပသည့် အချိန်မှာ လအနည်းငယ်သာ ကွာခြားသည့်အတွက်ကြောင့် လသားအရွယ် ပါတီများသည် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနည်းပါးခဲ့ရသည့်အဖြစ်ပင်ဖြစ်သည်။ နိုင်ငံရေးပါတီများမှာပါတီ၏ စွမ်းရည်နှင့် အင်အားစုများ ခိုင်မာတောင့်တင်းရေးလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲအပြီးကာလမှ စတင်လုပ်ဆောင်ခဲ့ရသည်။

ဂိုဏ်းကွဲ၊ အုပ်စွဲကွဲများ ဖြစ်ပေါ်လာရသည့်အကြောင်းရင်း

မကြာမီကာလမှာ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ယင်းပါတီမှ လွတ်လပ်စွာ သဘောထားကွဲလွဲ၍ ခွဲထွက်လာသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ယင်းမှတစ်ဆင့် ခွဲထွက်လာသည့် အမျိုးသားဒီမိုကရေစီ အင်အားစုသစ် ပါတီသစ်တို့ ဆက်ဆံရေးမှာ အကဲဆတ်သည်နှင့်အမျှ ဖြေရှင်းခြင်းငှာ အချိန်ယူဆောင်ရွက်ရမည့် အခြေအနေမျိုးဖြစ်သည်။ စာရေးသူ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခြင်းအပေါ် ချီးကျူးကြိုဆိုပါသည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် “မူ” ရှိရမည်ဟူ၍ သဘောထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူ့အကျိုးကိုထမ်းရွက်လိုသည့် ပြည်သူ့အကျိုးဆောင် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရွေးကောက်ပွဲဝင်မည် ဆိုခြင်းမှာ သူမတန်ဖိုးထားရာ “မူ” ဖြစ်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်တစ်ဦးဟု သတ်မှတ်၍လည်းရ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဒီမိုကရေစီအမှတ်အသား လက္ခဏာအဖြစ် တင်စားခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပုဂ္ဂိုလ်ရေးသြဇာ ကြီးကြီးမားမားရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုမှာလည်း ရှင်ဘုရင်များလက်ထက်ကတည်းက ယနေ့ခေတ်အထိတိုင် ခေါင်းဆောင်အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကြီးမားသည်ဖြစ်ရာယင်းအချက်သည်ပင်လျှင် ထိပ်ပိုင်းအဆင့် ခေါင်းဆောင်များအကြားတာဝန်ခွဲဝေယူမှု (Shared Responsibility) အားနည်းသွားစေပြီး ဂိုဏ်းကွဲ၊ အုပ်စုကွဲများ(Fanctionalism) ထွန်းကားလာမှုကို အားပေးနေသလိုဖြစ်နေသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းကလည်း ပုဂ္ဂိုလ်ရေးသြဇာ တည်ဆောက်မှုအပေါ် မကျေလည်ရာမှ ဖဆပလအဖွဲ့ချုပ်အတွင်း အကွဲအပြဲများဖြစ်ပေါ်ခဲ့ရသည့် ရလဒ်မှာ သင်ခန်းစာယူစရာ အပြည့်ရှိသည့် သမိုင်း၏ တစ်ခန်းရပ်ပြဇတ်တစ်ခုပင်ဖြစ်သည်။

ဒီမိုကရေစီအင်အားစုများကြားညီညွတ်ရေးအရေးကြီး

Technically အရ (ရှိရင်းစွဲသဘောအရ) ဆိုရလျှင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီပါတီသစ်တို့၏ ခေါင်းဆောင်များသည် NLD မှ ပါတီတစ်ရပ်အဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်ဆိုပါက မိမိတို့ပါတီဖျက်သိမ်းကာ အကြွင်းမဲ့ ပြန်လည်ပေါင်းစည်းမည်ဟူသော နှုတ်ကတိစကားကို မီဒီယာမျက်နှာစာပေါ်တွင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် မိမိတည်ဆောက်လာရသည့် အဖွဲ့အစည်းတစ်ခုကို မိမိတို့ထက် သြဇာကြီးသောအဖွဲ့အစည်းတစ်ခုအောက် သွတ်သွင်းလိုက်ရသည့် အခြေအနေမျိုးကို ပဲ့ထွက် ပါတီခေါင်းဆောင်များက လိုလားဟန်မရှိပါ။ ထိုအတွက်ကြောင့်ပင်လျှင် ပဲ့ထွက်ပါတီခေါင်းဆောင်များ၏ နိုင်ငံရေးဈေးဆစ်မှုများကို မီဒီယာမျက်နှာစာပေါ်တွင် မြင်တွေ့နေရသည်။ မြန်မာနိုင်ငံရေးဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသော စာရေးသူအနေဖြင့် စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ရှိသင့်သည့် ဒီမိုကရေစီအင်အားစုကြီးမှာ ထိုကဲ့သို့ ဂိုဏ်းကွဲ၊ အုပ်စွဲကွဲများ ဆက်လက် ဖြစ်ပေါ်နေလျှင် လွှတ်တော်အတွင်း အတိုက်အခံ အသွင်ဆောင်မည့် အင်အားစုကြီး၏ နိုင်ငံရေးညီညွတ်မှုရရှိရန် ခက်ခဲသွားမည့် အဖြစ်ကိုမလိုလားပေ။

အချိန်ယူဖြေရှင်းရမည့် ပုစ္ဆာ

ဒီမိုကရေစီ နိုင်ငံရေးစနစ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာအဆက်ပြတ်နေသည့် နိုင်ငံရေးပါတီများသည် မိမိတို့၏ ပါတီအတွင်း အရည်အသွေး တည်ဆောက်ရေး (Capacity building) လုပ်ငန်းကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှသာလျှင် မှန်ကန်မှုရှိသည့် နိုင်ငံရေးဆုံးဖြတ်ချက်များကို ပေးအပ်နိုင်မှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘုံတူညီချက်တစ်ခုကို ရယူထားနိုင်သည့် နိုင်ငံရေးညီညွှတ်မှုရလဒ်ကိုလည်း ဖြစ်ပေါ်စေမှာဖြစ်သည်။

ယခုဒီမိုကရေစီအင်အားစုများကြား အဖြေရှာမရသေးသည့် ညီညွှတ်ရေးပုစ္ဆာတွင် အဓိကလိုအပ်သည်မှာ အချိန်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုရှိလာပြီး၊ ဆင်ခြင်တုံတရားနှင့် ယှဉ်သော သဘောတရားများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာသည့် အချိန် အခါမျိုးရောက်သည့်အခါတွင် အထက်ပါ ပုစ္ဆာမှာဖြေရှင်းပြီးအသင့်ဖြစ်နေပါလိမ့်မည်။

***************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment