Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. တောင်ကိုရီးယား၏ ခရစ်စမတ်မီးထွန်းညှိမှု မြောက်ကိုရီးယားစိတ်ဆိုး

(BBC news မှ 11 December 2011 ရက်စွဲပါ N.Korea Furious at South's Christmas Lights Plan ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာသို့ လမ်းပြန်ဖွင့်ခြင်း

(The Koreatimes မှ 11 Dec 2011 ရက်စွဲပါ Reopening Myanmar Road သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************************************************************

တောင်ကိုရီးယား၏ ခရစ်စမတ်မီးထွန်းညှိမှု မြောက်ကိုရီးယားစိတ်ဆိုး

(BBC news မှ 11 December 2011 ရက်စွဲပါ N.Korea Furious at South's Christmas Lights Plan ကို ဘာသာပြန်ဆိုသည်)

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဆက်ဆံရေးတင်းမာနေသော နယ်စပ်တွင် ခရစ်စမတ်သစ်ပင်ပုံစံ တာဝါတိုင်ကို မီးထွန်းညှိခဲ့ပါက မမျှော်လင့် သော အကျိုးဆက်များ ဖြစ်လာလိမ့်မည်ဟု မြောက်ကိုရီးယားက သတိပေးခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် Uriminjokkri ဝက်ဘ်ဆိုက်တွင်လည်း ၎င်းသည် စိတ်ဓာတ်စစ်ဆင်ရေးပုံစံတစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်သည် နှစ်စဉ်ခရစ်စမတ် သစ်ပင်တာဝါ ရိုးရာမီးထွန်းညှိမှုကို ဆက်ဆံရေးနွေးထွေးလာမှုကြောင့် ၂ဝဝ၃ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သည်။ သို့သော် တောင်ကိုရီးယားအနေနှင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ယွင်းလာမှုကြောင့် ပြီးခဲ့သည့်နှစ်က မီးထွန်းညှိခဲ့သည်။ AP သတင်းဌာနက ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်၏ပြောကြားမှုကို ကိုးကား၍ဖော်ပြရာတွင် တောင်ကိုရီးယားသည် ခရစ်ယာန်အုပ်စုများအား ယခုနှစ်တွင် နောက်ထပ် တာဝါ တိုင်နှစ်ခု မီးထွန်းညှိရန် ခွင့်ပြုခဲ့သည်ဟု ဆိုသည်။ အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် အဆိုပါတာဝါတိုင်များမှာ နယ်စပ်၏အနောက်ဖက်၊ အလယ်နှင့် အရှေ့ဖက်အပိုင်းများတွင် တည်ရှိမည်ဖြစ်ပြီး မီးစတင်ထွန်းညှိမည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှစ၍ ၁၅ ရက် လုံခြုံရေး တင်းကြပ်ထားမည်ဟု ဆိုသည်။

ပျက်ယွင်းလာသော ဆက်ဆံရေး

ပြီးခဲ့သည့်နှစ်က သစ်ပင်ပုံစံတာဝါသည် သံနှင့်ပြုလုပ်ထားပြီး မီတာ(၃ဝ)မြင့်ကာ နယ်စပ်မှ ၃ ကီလိုမီတာ(၂) မိုင် ဝေးသော Aegibong တောင်ပေါ် တွင် တည်ရှိသည်။ အဆိုပါတာဝါတိုင်ကို ထောင်ပေါင်းများစွာသော မီးလုံးများဖြင့် အလှဆင်ထားသည်။ ယင်းတာဝါတိုင်မီးထွန်းညှိထားသည်ကို မြောက် ကိုရီးယား၏ အဓိကမြို့ဖြစ်သော Kaesong မှ တွေ့မြင်ရကြောင်း မီဒီယာသတင်းများအရ သိရှိရသည်။ ဆိုးလ်အနေဖြင့် ဘာသာတရားနှင့် ပတ်သက်ခြင်း မရှိသော တိုင်းပြည်တွင် ခရစ်ယာန် သတင်းစကားများ ပျံ့နှံ့စေရန် သစ်ပင်ကိုအသုံးချသည်ဟု ပြုံယမ်းက ယခင်ကစွပ်စွဲခဲ့ဖူးသည်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေသည်မှာ လအတန်ကြာရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားက ၂၀၁၀ မတ်လတွင် ယင်း၏စစ်သင်္ဘောနစ်မြုပ်ပြီး ၄၆ ဦး သေဆုံးခဲ့သောအမှုတွင် မြောက်ကိုရီးယားအား စွပ်စွဲခဲ့သော်လည်း ပြုံယမ်းကငြင်းဆိုခဲ့သည်။ ၂ဝ၁ဝ နိုဝင်ဘာတွင် မြောက်ကိုရီးယားတို့က တောင်ဘက်ရှိ နယ်စပ်ကျွန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လူလေးဦး သေဆုံးခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုဖြစ်လာခဲ့သည်။

***************************************************************************

မြန်မာသို့ လမ်းပြန်ဖွင့်ခြင်း

(The Koreatimes မှ 11 Dec 2011 ရက်စွဲပါ Reopening Myanmar Road သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

နှစ်ပေါင်းငါးဆယ်အတွင်း လူသိအများဆုံး အမေရိကန်သံတမန်ရေး ခြေလှမ်းဖြစ်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်နှင့်အတူ အမေရိကန်ပြည်ထောင်စုသည် အရှေ့တောင်အာရှ၏ပထဝီနိုင်ငံရေးစစ်တုရင် ကစားပွဲထဲသို့ အပျံစားအကွက်ရွှေ့ကာ ဝင်ရောက်လာပြီဖြစ်သည်။ ယခင်က ကမ္ဘာ့နိုင်ငံရေးအပယ်ခံ ဖြစ်ခဲ့သော မြန်မာနိုင်ငံကို အိမ်နီးချင်းတရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က အချိုသတ် ပေါင်းသင်းအမြတ်ထုတ်ခဲ့ကြပြီး ဝါရှင်တန်နှင့် အနောက်နိုင်ငံအများစုကမူ လူရာမသွင်းဘဲ ရှောင်ကြဉ်ခဲ့ကြသည်။

သို့သော် ယခုအခါ မြန်မာနိုင်ငံမှ စစ်မှန်သော နိုင်ငံရေးမျှော်လင့်ချက် အလင်းရောင် ပေါ်ထွက်လာမှုက ဝါရှင်တန်၏ ထိတွေ့ဆက်ဆံမှုကို အစပျိုး ပေးခဲ့သည်ဟု ဆိုနိုင်သည်။ မကြာသေးမီက မြောက်ပိုင်းဩစတြေးလျတွင် အမေရိကန်မရင်းတပ်ဖွဲ့ အနည်းငယ် တပ်စွဲစေမည့် အိုဘားမား၏ အစီအစဉ်ကို ဘေဂျင်းက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်တွင် ယခု မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးတိုးတက်မှုသည် ပြည်မကြီး၏ တောင်ဘက်အပေါက်ဝတွင် အမေရိကန်ပြည်ထောင်စုက သိသိသာသာ နိုင်ငံရေးခြေလှမ်းချခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက သတ်မှတ်ယူဆထားသည်။ သိသာသော စစ်ရေးအခြေစိုက် ခြင်းနှင့် ပတ်သက်သော ယခုပုံစံကို စစ်အေးတိုက်ပွဲအယူဝါဒ သမိုင်းတရပ်နှင့် အမေရိကန်ဝိုင်းကြီးပတ် ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံတွင် ရှုမြင်လျက်ရှိကြ သည်။ သို့ဖြစ်ရာ အမေရိကန်- မြန်မာဆက်ဆံရေး တိုးတက်နွေးထွေးလာခြင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နောက်ဖေးပေါက်မှ ပြိုင်ပွဲတစ်ခုအဖြစ် ဘေဂျင်းက ရှုမြင်ထားသည်။ ထိုသို့ ဇာတ်ရှိန်တက်နေသော မြန်မာနိုင်ငံဇာတ်လမ်းကို ထပ်၍ တွန်းအားပေးလိုက်သည့်အချက်မှာ မြန်မာနိုင်ငံကို နူကလီး ယား နည်းပညာဖြန့်ဖြူး ရောင်းချရန် စီစဉ်နေသော မြောက်ကိုရီးယားနှင့် ကြာမြင့်စွာ လျှို့ဝှက်ဆက်ဆံနေခဲ့ခြင်းကို ဖြတ်တောက်ရန် ကလင်တန်က နေပြည်တော်ကို ဖိအားပေးလိုက်ခြင်းပင် ဖြစ်သည်။

ပထဝီသွင်ပြင်အရ မြောက်ဖက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဖက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့နှင့် ထိစပ်နေသော၊ လူဦးရေ ၅၅ သန်း နေထိုင်သည့် မြန်မာနိုင်ငံသည် ပါဝါအကျိုးစီးပွားများ ပြိုင်ဆိုင်မှု အရှုပ်အထွေးထဲတွင် ရှိနေမြဲပင်ဖြစ်သည်။ သမိုင်းကြောင်းအရ တရုတ် နှင့် ဗြိတိသျှ အိန္ဒိယတို့၏ စက်ကွင်းနှင့် မလွတ်ခဲ့သော မြန်မာနိုင်ငံမှာ မက်လောက်ဖွယ် သယံဇာတများကို ယနေ့အချိန်တွင် တရုတ်ပြည်မ ကုမ္ပဏီ များစွာ က လက်တွေ့ကျကျ စုတ်ယူဝါးမျိုနေကြပေသည်။ တစ်ချိန်က အနောက်နိုင်ငံများကို တံခါးပိတ်ထားခဲ့သော ယခင် ဗြိတိသျှကိုလိုနီနိုင်ငံဟောင်းသည် ၁၉၆ဝ ခုနှစ်များမှစ၍ အမျိုးသားရေးဝါဒ၊ ဆိုရှယ်လစ်ဝါဒနှင့် နိုင်ငံခြားသားရွံ့မုန်းမှု အယူအဆတို့ကို အဆန်းတကြယ် ရောမွှေထားသော နိုင်ငံရေးစနစ် ကျင့်သုံးသည့် လက်ဝဲယိမ်း တပ်မတော်အစိုးရလက်ထဲသို့ ကျရောက်သွားခဲ့သည်။ ၁၉၈၈ တွင် ဂတ်ဗိုလ် (ရထားထိန်း) လဲလိုက်သော တပ်မတော်အစိုးရက Burma ကို Myanmar ဟု ပြောင်းခဲ့သည်။ Rangoon ကို Yangon ဟု ပြောင်းသည်။ တဖန် ရန်ကုန်မှ အစိုးရကို နေပြည်တော်သို့ ရွှေ့ပြန်သည်။ နေပြည်တော်ဟူသည်မှာ ဘာမျှ မရှိသေးသော လွင်တီးခေါင်အလယ်တွင် တောက်ပသော အစိုးရ အဆောက်အဦးများသာ ထိုးထွက်နေသော ကုန်းတွင်းပိတ် မြို့တော် (သို့) လျှို့ဝှက်လိုဏ်ခေါင်းများ ရှိနေသော မြို့တော်ဖြစ်သည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး စနစ်တကျ နှိပ်စက်ညှင်းပန်းမှုများ၊ နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချမှုများကြောင့် အမေရိကန်ပြည်ထောင် စု၊ ဩစတြေးလျနှင့် ဥရောပနိုင်ငံများက မြန်မာအစိုးရကို ယခုအချိန်ထိ ဖြောင့်မတ်သော သိက္ခာဖြင့် ရှောင်ရှားခဲ့ကြပြီး တင်းကြပ်သော စီးပွားရေးအရေးယူ ဒဏ်ခတ်မှု Sanctions များ ချမှတ်ထားခဲ့ကြသည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ယခင်သမ္မတ ဘွတ်ရှ် အစိုးရနှင့် ဥရောပမိတ်ဆွေများက မိုက်လုံးထွား သော မြန်မာအာဏာရှင်တို့ကို ပစ်ပယ်ထားရန် နိုင်ငံရေးအရ နီးနီးကပ်ကပ် လက်တွဲညီညီ လုပ်ဆောင်ခဲ့ကြသည်။

အစွန်းရောက် ရက်စက်ကြမ်းကြုတ်သော ယခင်တပ်မတော်အစိုးရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြောင်ပြောင်တင်းတင်း နှောင့်ယှက်ခြင်းတို့ကို ပြုလုပ်ခဲ့သည့်အပြင် ပူးပေါင်းဆောင်ရွက် ရှိသော နိုင်ငံရေးအတိုက်အခံ လှုပ်ရှားမှုမျိုးကိုပင် ခွင့်မပြုခဲ့ပေ။

ထိုနည်းအားဖြင့် ပြည်သူလူထု နာလန်မထူနိုင်တော့၊ ခေါင်းမထောင်နိုင်တော့ဟု ယုံကြည်နေသော တပ်မတော် အစိုးရကို ၂ဝဝ၇ ခုနှစ်က သံဃာ တော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးဆန္ဒပြမှုများက အလွန်အမင်းစိုးရိမ် တုန်လှုပ်သွားစေခဲ့သည်။ ထိုကဲ့သို့ အရာရာ ယိုယွင်းနေသော မြန်မာနိုင်ငံကို ၂ဝဝ၈ ခုနှစ် မေလ၌ ပင်လယ်ပြင်မှ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက ဝင်ရောက် ထိုးနှက်မှုကြောင့် ဆိုးဝါးသော ရေလျှံမှုနှင့် အသက်ဆုံးရှုံးမှု များ ဖြစ်ပွားနေချိန်တွင် လူသားချင်းစာနာသော နိုင်ငံခြားအကူအညီများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းသော ဆိုးဝါးမှုတစ်ခု ဖြစ်ခဲ့ သည်။

ကုလအဖွဲ့ကမူ သိန်းနှင့်ချီသော ဒုက္ခသည်များကို ကယ်ဆယ်နိုင်ရန်အတွက် မြန်မာအာဏာပိုင်များကို လက်တွေ့ကျကျတောင်းပန် လှုပ်ရှားခဲ့ သည်။ မြစ်ဝကျွန်းပေါ်ဒေသမှ လူပေါင်း ရှစ်သောင်းခန့်မှာ သူတို့အစိုးရ၏ အသလွတ် မောက်မာမှုကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ ထိုနှစ်များအတွင်း မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်းမှုများကို ကုလသမဂက ထုတ်ဖော်ရန် ကြိုးစားခဲ့သော်လည်း မြင်သာသော အောင်မြင်မှု အနည်း ငယ်သာ ရှိခဲ့သည်။

ယခု အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံသို့ ပြန်ဝင်ရန် လမ်းသည် စိတ်ရင်းစေတနာကောင်းများ၊ နိုင်ငံခြား ကူညီထောက်ပံ့မှုများဖြင့် ခင်းကျင်းရမည်ဖြစ်သော်လည်း နှစ်ဖက်စလုံးတွင် မမျှော်လင့်နိုင်သော ပိတ်ဆို့မှုများ ရှိနေသည်။ မြန်မာတပ်မတော် အာဏာပိုင်များအနေဖြင့် မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲကို ကျင်းပကာ လက်ရှိအရပ်ဖက် အစိုးရကို ဖွဲ့စည်းပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်နှင့် တိုင်းရင်းသား အုပ်စုများကို တိုက်ခိုက်မှုရပ်ဆိုင်းရန် မဖြစ်မနေလိုအပ်နေသည်။

လက်ရှိမြန်မာအစိုးရသည် အကြီးတန်းတပ်မတော်အရာရှိဟောင်းများ အဓိက ပါဝင်ဖွဲ့စည်းထားသော နာမည်ခံ အရပ်ဖက်အစိုးရသာဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ထားသည်။ အကျယ်ချုပ် လွတ်ကာစ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုံးရွှင်နေသော ဟီလာရီတို့အကြား လတ် တလောတွေ့ဆုံမှုများက အစိုးရ၏ ပြောင်းလဲမှု သေချာကြောင်း ညွှန်းဆိုခဲ့သော်လည်း မြန်မာအတိုက်အခံခေါင်းဆောင်က နိုင်ငံတကာ ဆက်ဆံရေးပုံမှန် ပြန်မဖြစ်ခင် အစိုးရက ယခုထက်များစွာ ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဝန်ခံပြောကြားထားသည်။

ဝါရှင်တန်အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်မည့်လမ်းပြမြေပုံတွင် မျက်မြင်ခိုင်မာသော ပြောင်းလဲမှုများက ဆုံးဖြတ်ပေးသော အဖိုးတန် လှုပ်ရှားမှုများဖြင့် သတိ၊ ပညာကြီးစွာ ထားကာ တစ်လှမ်းပြီး တစ်လှမ်း သွားရပေလိမ့်မည်။ မြန်မာအာဏာပိုင်များအတွက်မူ ဝါရှင်တန်နှင့် ဆက်ဆံရေး သည် ယခုအချိန်ထိ အသွားနှစ်ဖက်ရှိသော ဓားတစ်လက် ဖြစ်နေဆဲပင်ဖြစ်သည်။

မြန်မာအစိုးရသည်ယင်း၏ ချုံးချုံးကျစီးပွားရေးကို ကယ်ဆယ်ရန်အတွက် အမေရိကန်အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို အသည်းအသန်လိုအပ် လျက် ရှိသည်။ ထိုအချိန်တွင် ဟီလာရီ၏ နာမည်ကျော်ခရီးစဉ်မှ ရရှိသော အသိအမှတ်ပြုခံရမှုသည် အပယ်ခံ အထီးကျန်နိုင်ငံတွင် ကောင်းစွာ အလုပ် ဖြစ်နေပြီ ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ နိုင်ငံရေးအကွက်များ အားလုံးမှာ ခက်ခဲသော နိုင်ငံရေးရလဒ်ကောင်းများ ရရှိနိုင်ရန် အမေရိကန် တို့၏ ပါဝါအပျော့ ဒီပလိုမေစီကို အသုံးပြုနေခြင်းပင် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာလမ်းမ Burma Road သည် ဂျပန်တို့ကို တိုက်ခိုက်နေသော တရုတ်ဖြူတို့ကို မဟာမိတ်တို့က နောက်ဖေး ပေါက်မှ ထောက်ပံ့သည့် လမ်းကြောင်းအဖြစ် ကိုယ်စားပြုခဲ့သည်။ ယနေ့ကာလ မြန်မာလမ်းမမှာမူ ခေတ်ဟောင်းထဲမှ မြန်မာနိုင်ငံသို့ မျှော်လင့်ချက်နှင့် ဆက်ဆံရေးကောင်းများ ဆောင်ကြဉ်းပေးရန် အမေရိကန်ပြည်ထောင်စုက အသစ်ကြိုးပမ်းမှုများ အဆက်မပြတ် ပြုလုပ်နေကြောင်း ပြသလျက်ရှိသည်။

ဝါရှင်တန်အနေဖြင့် စေတနာကောင်းများဖြင့် ကြိုဆိုရန် တွေးတောစဉ်းစားနေမည် ဖြစ်သော်လည်း မြန်မာလမ်းကို ပြန်ဖွင့်၍ ပြန်လည်တွေ့ထိ ဆက်ဆံမည့် မူဝါဒသစ်ကိုမူ သတိထား၍ ဂရုတစိုက် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment