Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃၁.၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြောက်ကိုရီးယားမှ နျူကလီးယားရယူရန် ကြိုးပမ်းနေခြင်းမရှိကြောင်း မြန်မာငြင်းဆို

(AFP သတင်းဌာနမှ 31 Jan 2012 ရက်စွဲပါ Myanmar denies trying to obtain North Korean nukes ကိုဘာသာပြန်ဆိုသည်)

  1. အဆိုးဆုံးကို မျှော်လင့်ထားဟု KNU ခေါင်းဆောင်ပြော

(monster and critic မှ 31 January 2012 ရက်စွဲပါ Myanmar rebel leader says ‘prepare for the worst’ ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတံခါးဖွင့်လာခြင်းကြောင့် အရှေ့တောင်အာရှလေကြောင်းလိုင်းများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်

(Reuters သတင်းဌာနမှ 30 Jan 2012 ရက်စွဲပါ Southeast Asia airlines to profit as Myanmar opens ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. တိုးရစ်ဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းမြင့်တက်၍ ဟိုတယ်မလုံလောက်မှုပြဿနာ မြန်မာကြုံတွေ့

(Monster and Critics မှ 30 Jan 2012 ရက်စွဲပါ Myanmar faces hotel shortage as arrivals jump 26 per cent ကိုဘာသာပြန်ဆိုသည်)

*********************************************************************************************

မြောက်ကိုရီးယားမှ နျူကလီးယားရယူရန် ကြိုးပမ်းနေခြင်းမရှိကြောင်း မြန်မာငြင်းဆို

(AFP သတင်းဌာနမှ 31 Jan 2012 ရက်စွဲပါ Myanmar denies trying to obtain North Korean nukes ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ နျူကလီးယားလက်နက်များ ရရှိရန်ကြိုးပမ်းလျက်ရှိသည်ဟူသောအချက်မှာ မှန်ကန်မှုမရှိကြောင်း သမ္မတ ဦးသိန်းစိန်က ငြင်းပယ်ပြောဆိုလိုက်ပြီး ယင်းနျူကလီးယားအစီအစဉ်နှင့်ပတ်သက်သော စွပ်စွဲပြောဆိုချက်များသည် ကျိးကြောင်းခိုင်လုံမှုမရှိသည့် စွပ်စွဲချက်များသာဖြစ်ကြောင်း သတ်မှတ်ဖော်ပြသည်။

"ကျွန်တော်တို့ဟာ မြောက်ကိုရီးယားနိုင်ငံထံမှ နျူကလီးယားလက်နက်တွေရယူဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ အဲဒီစွပ်စွဲပြောဆိုချက်တွေဟာ ကျိုးကြောင်း ခိုင်လုံမှု မရှိသလို အနောက်နိုင်ငံကြီးတချို့ရဲ့ သံသယဖြစ်မှုပေါ်မှာ အခြေခံတာပဲဖြစ်ပါတယ်" ဟု မြန်မာသမ္မတ ဦးသိန်းစိန်က စင်ကာပူသို့ လေးရက်တာခရီးစဉ်အဖြစ်အလည်အပတ်ရောက်ရှိစဉ် The Straits Times သတင်းစာနှင့်တွေ့ဆုံရာ၌ ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂအစီရင်ခံစာတွင် မြောက်ကိုရီးယားအစိုးရသည် မြန်မာ၊ အီရန်၊ ဆီးရီးယား အစရှိသည့်နိုင်ငံများသို့ ကန့်သတ် ပိတ်ပင်ထားသော နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးလက်နက်ပစ္စည်းများထောက်ပံ့ပေးပို့လျက်ရှိသည်ဟု စွပ်စွဲရေးသားထားသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ်လာရောက်ခဲ့စဉ်“မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှုများကို လျှော့ချပြီး ဝါရှင်တန်နှင့် တိုးတက်ကောင်းမွန်သောဆက်ဆံရေး ထူထောင်သင့်ကြောင်း” တိုက်တွန်းပြောဆိုသွားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂကချမှတ်ထားသော ဆုံးဖြတ်ချက်နှင့် စည်းမျည်းစည်းကမ်းများအတိုင်း လိုက်ပါပြုမူသွားမည်ဖြစ်သည်ဟူသော ခိုင်မာသည့် အာမခံချက်ပေးခဲ့ကြောင်း ဟီလာရီကလင်တန်ကပြောကြားသည်။ ယခင် မြန်မာစစ်အစိုးရကလည်း ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ဇွန်လအတွင်း အလားတူအာမခံချက်မျိုးပေးခဲ့ဖူးသည်။ ထိုစဉ်က မြန်မာစစ်အစိုးရက မိမိတို့အနေဖြင့် ပြုံယမ်းအစိုးရနှင့် ပူးပေါင်းပြီး နျူကလီးယားဗုံးလက်နက်တီထွင်ထုတ်လုပ်ရန် ရည်မှန်းချက်မရှိကြောင်းပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် အရေးကြီးသော နျူကလီးယားအစီအစဉ်များလုပ်ကိုင်ဆောင်ရွက်နေသည့် အရိပ် အယောင်များ မတွေ့ရကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလတွင်ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးသည့်နိုင်ငံတစ်နိုင်ငံဖြစ်ရာ နျူကလီးယား လက်နက်မျိုးတီထွင်ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂဆုံးဖြတ်ချက်အတိုင်း ပြုမူနေထိုင်လျက်ရှိကြောင်း၊ အခြားသော ခေတ်မီနိုင်ငံများနည်းတူ ငြိမ်းချမ်းရေးကိုဦးတည်သည့် နျူကလီးယာသုတေသနအစီအစဉ်ကိုသာ ရုရှားနိုင်ငံ၏ အကူအညီဖြင့် လုပ်ဆောင် ခဲ့ဖူးကြောင်း မြန်မာအစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

ယခုအခါ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း ထူခြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ကိုင်ဆောင်ရွက်ကာ အတိုက်အခံများနှင့် ဝေဖန်ဆန်းစစ်သူများကို အံ့အားသင့်စေလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှလွှတ်ပေးကာ နိုင်ငံရေးဖြစ်စဉ်ထဲသို့ဝင်ရောက်ခွင့်ပြုခြင်း၊ အထင်ကရနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း အစရှိသည်တို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံသယဖြစ်မှုများလျော့ကျလျက်ရှိသည်။ ထို့ပြင် ဦးသိန်းစိန်ဦးဆောင်သောအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြင့် ပါလီမန်လွှတ်တော်တွင် နေရာရရှိရန် လမ်းဖွင့်ပေးထားသည်။

တစ်ချိန်တစ်ခါက စစ်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးသူ ဦးသိန်းစိန်ကိုယ်တိုင်က မိမိတို့အစိုးရသည် မြန်မာနိုင်ငံတွင် ကျန်းမာသန်စွမ်းသော ဒီမိုကရေစီစနစ် ထူထောင်သွားမည်ဖြစ်ကြောင်း စင်ကာပူခေါင်းဆောင်များနှင့် အတူပြုလုပ်သော နိုင်ငံတော်ညစာစားပွဲ၌ ကတိပေးပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အခြေအနေတွေဖန်တီးနိုင်ဖို့အတွက် စာမျက်နှာသစ်တစ်ရပ်ကို ကျွန်တော်တို့ဖွင့်လှစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ အတွက် သစ်လွင်တောက်ပတဲ့အနာဂတ်တစ်ခုကို ကျွန်တော်တို့ပေးချင်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲမှာ ကျွန်တော်တို့ ပြည်သူတွေ ပူးပေါင်းပါဝင်စေချင်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှင်သန်စေချင်ပါတယ်။ မြန်မာပြည်မှာ ခိုင်မာတဲ့ဒီမိုကရေစီစနစ်ထူထောင်နိုင်ရေးအတွက်

ကျွန်တော်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေးပြောဆိုလိုပါတယ်” ဟု ဦးသိန်းစိန်ကပြောကြားသည်။

***************************************************************************

အဆိုးဆုံးကို မျှော်လင့်ထားဟု KNU ခေါင်းဆောင်ပြော

(monster and critic မှ 31 January 2012 ရက်စွဲပါ Myanmar rebel leader says ‘prepare for the worst’ ကို ဘာသာ ပြန်ဆိုသည်)

ကရင်အမျိုးသားယူနီယံ (KNU) အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးစောတာမလာဘောက မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းများအပေါ် မျှော်လင့်ချက်များရှိသည် မှန်သော်လည်း အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရန် ယင်း၏ နောက်လိုက်များကို ပြောလိုက်သည်။

KNU သည် ဇန်နဝါရီ ၁၂ ရက်က ကရင်ပြည်နယ်မြို့တော် ဘားအံတွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှေ့ပြေး ငြိမ်းချမ်းရေးစာချုပ်နှစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ “ဒီသဘောတူညီချက်တွေက အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့အတွက် ရှေ့ဆက်ဖို့ စလိုက်တဲ့ခြေလှမ်းတွေပါ။” ဟု ဦးစောတာဘလောက ဆိုသည်။

“ဆက်လုပ်ရမှာတွေ အများကြီးရှိပါတယ်။” ဟု ယင်းက ဆက်လက်ဆိုပြီး “အားလုံးကိုသတိပေးချင်တာကတော့ အကောင်းဆုံးအတွက် သံသယမရှိ အသင့်ပြင်ထားပါ။ လက်စားချေဖို့ ဆန္ဒတွေရှိပါ။ တစ်ချိန်တည်းမှာပဲ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါ ဆိုတာပါပဲ။” ဟု ပြောသည်။

KNU အဖွဲ့သား ၂ဝဝ ကျော်သည် ယနေ့ ၃၁ ဇန်နဝါရီသည် KNU အဖွဲ့၏ ၆၃ နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်သည့်အတွက် ကရင်ပြည်နယ် Oo Kyay Kee ကျေးရွာတွင် နှစ်ပတ်လည်အထိမ်းအမှတ် စုစည်းကြခြင်းဖြစ်သည်။ KNU ခေါင်းဆောင်က ဆက်လက်၍ ငြိမ်းချမ်းရေးသည် သမ္မတဦးသိန်းစိန်၏ သဘောထားကြီးကျယ် မြင့်မြတ်မှုအပေါ် မူတည်နေသည်ဟုလည်း ပြောသည်။

“ကရင်တို့ရဲ့ တော်လှန်ရေးဟာ ၆၃ နှစ်ကြာမြင့်ခဲ့ပေမဲ့ ကျွန်တော်တို့ဆက်ပြီး ကြိုးစားရုန်းကန်ရပါဦးမယ်။ ကရင်ပြည်လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးတို့ကို လိုလားတဲ့ ကရင်လူထုအားလုံးရဲ့ဆန္ဒတွေ မပြည့်မြောက်သေးလို့ပါ။” ဟု ယင်းက ဆက်လက်ပြောသည်။

အစိုးရက KNU နှင့် ရှေ့ပြေးငြိမ်းချမ်းရေးစာချုပ်အပြင် ရှမ်းနှင့် ချင်းတို့နှင့်လည်း သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသည်။ ကချင် KIO အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးဘဲ ရှိနေသည်။

************************************************************************************************

မြန်မာတံခါးဖွင့်လာခြင်းကြောင့် အရှေ့တောင်အာရှလေကြောင်းလိုင်းများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်

(Reuters သတင်းဌာနမှ 30 Jan 2012 ရက်စွဲပါ Southeast Asia airlines to profit as Myanmar opens ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံရေးအရအထီးကျန်ဖြစ်မှုမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သောကြောင့် မြန်မာသို့ အလည်အပတ်သာမက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်သွားရောက်လည်ပတ်သည့် ခရီးသွားဦးရေမြင့်တက်လာရာ အရှေ့တောင်အာရှလေကြောင်းလိုင်းများအနေဖြင့် အကျိုးအမြတ်များ ရရှိတော့မည်ဖြစ်သည်။ သို့သော် ညံ့ဖျင်းလှသော မြန်မာ့အခြေခံအဆောက်အဦများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဖြစ်စဉ်ကို နှေးကွေးသွားစေမည် ဖြစ်သည်။

Burma ဟုခေါ်သော မြန်မာသည် အာရှတွင်အထီးကျန်အဖြစ်ဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ နှစ်ပေါင်း ၂၀ တာကြာမျှ ပိတ်ဆို့ အရေးယူမှုများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း သမ္မတသစ်ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမှုအပါအဝင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြန်လည်အသိအမှတ်ပြုကြိုဆိုခြင်းခံလာရသည်။

ထိုင်းလေကြောင်း(Thai Airways)၊ စင်ကာပူဆစ်ခ်အဲ(Silk Air)၊ အဲအေးရှား(Air Asia Bhd) နှင့် ဂျက်စတား(JetStar) အစရှိသည့် လေကြောင်းလိုင်းများမှာ ရန်ကုန်မြို့သို့ နှစ်ပေါင်းများစွာ ပြေးဆွဲပျံသန်းခဲ့ကြပြီး ယခုဆိုလျှင် မြန်မာပြည်၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် အကျိုးအမြတ်ဖြစ်ထွန်းနေသည့် လေကြောင်းလိုင်းများအဖြစ် ရှုမြင်ခြင်းခံကြရသည်။

"မြန်မာနိုင်ငံဟာ လေကြောင်းလိုင်းတွေအတွက် စီးပွားရေးတိုးတက်မှုသစ်ကိုဆောင်ကြဉ်းပေးမယ့် ဧရာမ နိုင်ငံကြီးတစ်နိုင်ငံပါပဲ၊ အထူးသဖြင့် အခကြေးငွေသက်သာတဲ့ လေကြောင်းလိုင်းတွေအတွက်ပေါ့" ဟု Standard and Poor  မှ စီးပွားရေးဆိုင်ရာ Analyst တစ်ဦးဖြစ်သူ Shukor Yusof က ပြောကြားသည်။ ယင်းလေကြောင်းလိုင်းများသည် မြို့တော်ဟောင်းရန်ကုန်သို့ လေကြောင်းခရီးစဉ်ပြေးဆွဲပေးခြင်းဖြင့် အဆင်ပြေချောမွေ့မှုများနှင့် အကျိုးအမြတ်များ ရရှိနေသည်ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။

မပျက်မစီးသေးသော ကမ်းခြေများနှင့် ထိတွေ့မှုမရှိသေးသော ယဉ်ကျေးမှုဆိုင်ရာ နေရာဒေသများကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် ကမ္ဘာ့လှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော Tourist Desination တစ်ခုဖြစ်လာပြီး ပြည်တွင်းသို့တိုးရစ်ဝင်ရောက်မှုမှာလည်း မြင့်တက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ခုနှစ်(ဧပြီလမှ မတ်လအထိ) ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်လည်ပတ်ခဲ့သည့် တိုးရစ်ဦးရေမှာ ၄၂၄၀၀၀

ဦးရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရသိရသည်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာမူ  အဆိုပါနှစ်အတွင်း ကမ္ဘာ့လှည့်ခရီးသည် ဝင်ရောက်မှု ၁၉ သန်းခန့်အထိ လက်ခံရရှိခဲ့သည်။ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည့် မလေးရှားအဲယားအေးရှား(Air Asia)မှ Thai Air Asia လေကြောင်းလိုင်းအဆိုအရ ၎င်းတို့အနေဖြင့် မြန်မာပြည်တွင်းမှ ယဉ်ကျေးမှုဒေသများသို့ တိုးချဲ့ပြေးဆွဲပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအနေအထားတွင် Asia Asia သည် ဘန်ကောက်နှင့် ကွာလာလမ်ပူမှ ရန်ကုန်သို့ပြေးဆွဲလျက်ရှိသည်။

"မြန်မာနိုင်ငံက မြို့အတော်များများကို လေကြောင်းခရီးစဉ်သစ်တွေတိုးချဲ့ပြေးဆွဲဖို့ ကျွန်တော်တို့စဉ်းစားနေပါတယ်။ လက်ရှိအနေအထားမှာ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့ကိုပဲပြေးဆွဲလျက်ရှိပါသေးတယ်။ ဒါပေမဲ့ မန္တလေးနဲ့ ပုံဂံကို ထပ်မံပြေးဆွဲကြည့်ဖို့ ကြိုးပမ်းနေပါတယ်"ဟု Thai AirAsia မှ

စီအီးအိုဖြစ်သူ Tassapon Bijleveld က Reuters သတင်းဌာနသို့ပြောကြားသည်။ စင်ကာပူလေကြောင်းလုင်းတစ်ခုဖြစ်သော Silk Air နှင့် Qantas Airways Ltd ၏ လက်ခွဲလေကြောင်းလိုင်းဖြစ်သည့် JetStar တို့ကမူ ၎င်းတို့အနေဖြင့် လတ်တလောအနေအထားတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲရန်အစီအစဉ်မရှိသေးသော်လည်း တိုးချဲ့နိုင်မည့်အခွင့်အရေးများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

စင်ကာပူအခြေစိုက် လေကြောင်းစီးပွားဆိုင်ရာ လေ့လာဆန်းစစ်သူ John Rachmat က သံတမန်ရေးရာတင်းမာမှုများလျော့ကျလာရုံဖြင့် ကာလတိုအတွင်း လေကြောင်း ခရီးစဉ်များတိုးချဲ့ရန်အရေးတကြီးမလိုအပ်သေးကြောင်း၊ လေကြောင်းလိုင်းများအနေဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေ နဂိုပုံစံထဲသို့ ပြန်လည်ရောက်ရှိနိုင်ခြင်း ရှိ၊မရှိဟူသောအချက်ကို သိရှိရန်လိုအပ်ကြောင်း ပြောကြားသည်။

"လေကြောင်းခရီးစဉ်သစ်ပြေးဆွဲတယ်ဆိုတာ လေကြောင်းလိုင်းတစ်လိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ အဲဒီအတွက် လိုင်းကြောင်းလိုင်းတွေ အနေနဲ့ အခက်အခဲတွေကို စီမံခန့်ခွဲနိုင်ခြင်း ရှိ၊မရှိဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်" ဟု John Rachmat ကပြောကြားသည်။

အခြေခံအဆောက်အဦ အခက်အခဲ နိုင်ငံရေးအရေးကိစ္စများကို အသာဘေးဖယ်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် Capacity ကိစ္စကို မြှင့်တင်ရန် ကြိုးစားမည်ဆိုလျှင်လည်း အခက်အခဲများနှင့်ရင်ဆိုင်ရမည်သာပင်ဖြစ်၏။ အကြောင်းမှာ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများမှာ ညံ့ဖျင်းလွန်းလှပြီး ပြဿနာများနှင့် ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်သည်။

စစ်အစိုးရလက်ထက် နှစ်ပေါင်းများစွာလွဲမှားခဲ့သော စီးပွားရေးစီမံခန့်ခွဲမှုများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများက မြန်မာနိုင်ငံကိုဆင်းရဲတွင်းနက်စေခဲ့သည်။ ခန့်မှန်းချက်များအရ လူဦးရေ သန်းခြောက်ဆယ်၏ သုံးပုံတစ်ပုံခန့်မှာ တစ်နေ့လျှင် ၁ ဒေါ်လာအောက်မျှသာ ရှိသောဝင်ငွေဖြင့်ရပ်တည်နေထိုင်ကြရသည်။ လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၌ Air Bus A 320 နှင့် Boeing 737 ကဲ့သို့သော လေယာဉ် အမျိုးအစားများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းပေါင်း ၃ ကွင်းသာရှိသည်။ နာမည်ကျော် ကမ်းခြေဖြစ်သည့် ငပလီသို့ရောက်ရှိနိုင်သည့် သံတွဲမြို့ အနီးတစ်ဝိုက်တွင် အလားတူလေယာဉ်ကွင်းမျိုးမရှိပေ။

******************************************************************************************************

တိုးရစ်ဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းမြင့်တက်၍ ဟိုတယ်မလုံလောက်မှုပြဿနာ မြန်မာကြုံတွေ့

(Monster and Critics မှ 30 Jan 2012 ရက်စွဲပါ Myanmar faces hotel shortage as arrivals jump 26 per cent ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှခရီးသွားများ ဝင်ရောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အကယ်၍ ယခု ၂၀၁၂ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းများဆက်လက်ဖွံ့ဖြိုးလာမည်ဆိုပါက ဟိုတယ်ခန်းများ မလုံမလောက်ဖြစ်မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုးရစ် ၇၉၁၅၀၅ ဦးဝင်ရောက်ခဲ့ရာမှ ပြီးခဲ့သည့်၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦးသို့ မြင့်တက်လာခဲ့ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ဒေါ်ကြည်ကြည်အေးကပြောကြားသည်။ ယမန်နှစ်အတွင်း တိုရစ်ဇင်လုပ်ငန်းမှ ရရှိသော အခွန်ဘဏ္ဍာမှာ ဒေါ်လာ ၃၁၉ သန်းရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်မူ ၂၅၄ သန်းရှိခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာသည် ယမန်နှစ်က နိုင်ငံခြားခရီးသည် ၁၉ သန်းခန့်ဝင်ရောက်ခဲ့သည့် ထိုင်းနိုင်ငံနှင့်နှိုင်းယှဉ်ပါက ကိန်းဂဏန်းအရ လျော့နည်း နေသေးသော်လည်း ယခုလို တိုးရစ်ဝင်ရောက်မှုများပြားလာခြင်းက ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အဦများနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ဖြစ်ပေါ်စေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဟိုတယ်ခန်းပေါင်း ၂၅၀၀၀ ခန့်သာရှိပြီး မြို့တော်ဟောင်း ရန်ကုန်တွင်မူ ၈၀၀၀ ခန့်သာရှိသည်။ လတ်တလော အနေအထားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများတည်ဆောက်နေသည့် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ် ၆ ခုရှိပြီး တည်ဆောက်မှုများပြီးဆုံးသွားပါက အခန်းရေ ၁၄၀၀ ခန့်တိုးလာမည်ဖြစ်သည်။ သို့သော် အဆိုပါ အခန်းရေမျှဖြင့် ၂၀၁၂ ခုနှစ်အတွင်း တိုးမြင့်လာမည့် တိုးရစ်ဦးရေအတွက် လုံလောက်မျှတစေမည် မဟုတ်ပေ။ "စိန်ခေါ်မှုလိုဖြစ်နေတာကတော့ တကယ်လို့ ၂၀၁၂ ခုနှစ်ထဲမှာ တိုးရစ်ဇင်လုပ်ငန်းကြီးထွားလာမယ်ဆိုရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ဆိုတာပါပဲ" ဟု ဒေါ်ကြည်ကြည်အေးက ရှင်းပြသည်။ ခရီးသွားလုပ်ငန်းကုမ္ပဏီများကလည်း ၎င်းတို့အနေဖြင့် ဟိုတယ်ခန်းများနှင့် လေကြောင်းခရီးစဉ်များ အတွက် ဘွတ်ကင်(Booking) ပြုလုပ်ရာတွင်အခက်အခဲများနှင့်ကြုံတွေ့ရကြောင်းပြောဆိုကြသည်။

"လာမယ့် နိုဝင်ဘာလအတွက် အခုကတည်းက ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတယ်။ ကျွန်တော်တို့ကုမ္ပဏီအတွက် အခန်းရနိုင်မယ့် ဟိုတယ်တွေမှာ ဘွတ်ကင်လုပ်ထားရတာ" ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အခြေစိုက် Asian Trails ကုမ္ပဏီမှ ဒါရိုက်တာ Luzi Matzig ကပြောကြားသည်။

ယခုလို နိုင်ငံခြားခရီးသွားများဝင်ရောက်မှုတိုးမြင့်လာရခြင်းမှာ မြန်မာအစိုးရသစ်က ယမန်နှစ်မှစ၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်းအစရှိသည်တို့ကြောင့်လည်းဖြစ်သည်။

**********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စောင့်ကြည့်ရဦးမည့် စမ်းသပ်ပွဲ

*******************************

ဆောင်းပါးကဏ္ဍ

စောင့်ကြည့်ရဦးမည့် စမ်းသပ်ပွဲ

မိုးမြင့်ငြိမ်း

အားစမ်းမှုများကြားက

အမေရိကန်အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များသည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် အာမခံချက်ရှိသော အပြောင်းအလဲဖြစ်သည်ဟု တညီတညွတ်တည်း သဘောထွက်ဆိုမှုများ ရှိလာနေသည်။ မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့်လည်း လက်ရှိ လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးအင်အားစုများကြားတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အတားအဆီးများ မရှိ တဟုန်ထိုးဆောင်ရွက်နိုင်သည့် အနေအထားမျိုးတော့မဟုတ်။ ပြုပြင်ပြောင်းလဲမှုများကြောင့် လူမှုရေးမတည်ငြိမ်မှုဖြစ်မည် ဆိုးသည်ကတစ်ဖက်၊ အခုအခံများ၏ တုန့်ပြန်နေမှုများကို အားပြိုင်နေရသည်ကတစ်ဖက်နှင့် မရဲတရဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှလည်း နိုင်ငံရေး ဖြစ်စဉ်များကို စောင့်ကြည့်ကာအကောင်း၊ အဆိုးချီးကျူး ဝေဖန်ရန် အသင့်အနေအထားပင် ဖြစ်သည်။

ဒီမိုကရက်တစ် တာဝန်ခံမှု

အာဏာပိုင်စနစ်မှ အသွင်ကူးပြောင်းပုံဖော်လာသော အရပ်သားတစ်ပိုင်းအစိုးရကို ပြည်သူများရော၊ နိုင်ငံတကာရော အစပိုင်းတွင် သံသယဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ယခုအခါတွင်တော့ အစိုးရ၏ ဒီမိုကရက်တစ်တာဝန်ခံမှုများ (democratic accountability) ကို မျက်ဝါးထင်ထင် တွေ့မြင် လာရပြီဖြစ်သည်။ ပြည်သူအများက ဆန့်ကျင်နေသည့် မြစ်ဆုံစီမံကိန်း ရပ်တန့်ခဲ့ခြင်း အပါအဝင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း တို့သည် ဒီမိုကရေစီ အစိုးရ၏ တာဝန်ခံခြင်းများပင်ဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသည် စစ်မှန်သော အပြောင်းအလဲ လမ်းကြောင်းပေါ် စတင်ရောက်ရှိနေပြီဖြစ်သည်ဟု ရဲရဲကြီး သုံးသပ်ပြောကြားနေခြင်း ဖြစ်သည်။

မြန်မာနွေဦးပို၍တာ

မန်မာနိုင်ငံနှင့်အပြိုင် နိုင်ငံရေးပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည့် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျားအစရှိသည့် အာရပ်နိုင်ငံများကို ကြည့်ပါ။ ယင်းနိုင်ငံများရှိ ပြည်သူများတောင်းဆိုခဲ့သည့် နိုင်ငံရေးပြောင်းလဲမှုမှာ အုပ်ချုပ်စနစ် အပြောင်းအလဲ(Regime change) ဖြစ်ပါသည်။ ထိုအတွက်ကြောင့် လူထုတော်လှန်ရေးသည် အဓိကပင်မ ရေစီကြောင်း နိုင်ငံရေးဖြစ်ခဲ့သည်။ သို့သော် ယင်းလမ်းကြောင်းထိရောက်မှုမရှိသည့်အပြင် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိကြောင်းတော်လှန်ရေးအပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် တွေ့မြင်လာရသည်။  မြန်မာနိုင်ငံသည်လည်း စစ်အာဏာရှင် အစိုးရ လက်ထက်တုန်းက လူထုတော်လှန်ရေးလမ်းကြောင်းသည် ပင်မရေစီးကြောင်းနိုင်ငံရေး ဖြစ်ခဲ့ပါသည်။ ယခုအခါတွင်တော့ လွှတ်တော်နိုင်ငံရေးသည်သာ ပင်မရေစီကြောင်းနိုင်ငံရေး ဖြစ်လာလေပြီ။ တနည်းအားဖြင့်ဆိုရလျှင် မြန်မာနွေဦးမှာအာရပ်နွေဦးထက် များစွာတာသွားခဲ့ပြီး ထိရောက်မှုလည်း ရှိကြောင်း တွေ့ရသည်။

ဧည့်သည်တော်များ၏ ကတိကဝတ်

အစိုးရသစ်၏ ဒီမိုကရက်တစ်တာဝန်ခံမှုကိုနောက်ထပ် အမှတ်ရနိုင်သည့် စာမေးပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲပင် ဖြစ်သည်။ နိုင်ငံတကာမှ ရောက်ရှိလာသောအဆင့်မြင့် သံကိုယ်စားလှယ်များ၊ သြဇာရှိ လွှတ်တော်အမတ်များကလည်း ယင်းအချက်ကို အဓိကအလေးထား ပြောဆိုလာကြသည်။ ဇန်နဝါရီ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဂျိုးနက် ဂတ်စကိုနှင့် တွေ့ဆုံစဉ် ယင်းက မြန်မာနိုင်ငံအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားဥပဒေစိုးမိုးပြီး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား ဆောင်ရွက်ပါက နော်ဝေးနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်သော ကိစ္စများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသွားခဲ့ သည်။ အစိုးရသစ်၏ လုပ်ဆောင်ချက်များ အပြုသဘောတုန့်ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်မှုများ အနက်မှ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ဆိုင်ငံ့ခဲ့သည်။

တရားမျှတဖို့ ဆိုလျှင်

နောင်လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်မှာ ပြုပြင်ပြောင်းလဲမှု၏ အရေးကြီးဆုံးပွိုင့်တစ်ခု ဖြစ်ပါလိမ့်မည်။ ယခင် တရားမျှတမှုနှင့် ပွင့်လင်းမှုမရှိဘူးဟု နာမည်ထွက်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြောင့် ပြိုကွဲခဲ့ရသည့် ပြည်သူများ၏ မျှော်လင့်ချက်ကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုအပြည့်ရှိသည့် လာတော့မည် ကြားဖြတ်ရွေးကောက်ပွဲဖြင့်သာ ပြန်လည်ဆည်ယူနိုင်မည် ဖြစ်သည်။ ထိုအတွက်ကြောင့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမှ စောင့်ကြည့်နေမည့် အဖွဲ့အစည်းများနှင့် မီဒီယာကိုလွတ်လပ်စွာ သတင်းယူ မှတ်တမ်းတင်ခွင့် ပေးသင့်ပါသည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းမှ သတင်းစာရှင်းလင်ပွဲတစ်ခုတွင် နိုင်ငံတကာမှ လေ့လာစောင့်ကြည်သူများ မြန်မာနိုင်ငံကို လာရောက်ကာ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ၏ စံနှုန်းများဖြစ်သော မဲဆန္ဒရှင်စာရင်း ကောက်ခြင်း၊ ပါတီတည်ထောင်ခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ဝင်ရောက်ကူညီစေခြင်းကို မြင်တွေ့လိုကြောင်းပြောကြားသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ယခုအပြောင်းအလဲများသည့် နိုင်ငံတော် သမ္မတကြီးပြောခဲ့သလို နိုင်ငံတကာ၏ ဖိအားများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ် ဟူသည်ကို စာရေးသူအနေဖြင့် အသိအမှတ်ပြု အလေးထားပါသည်။ သို့သော် နိုင်ငံရေးမှာ သိပ္ပံနည်းကျ ဖော်မြူလာထုတ်မရသည်များလည်းရှိရာ အသိဖြင့် သာဆောင်ရွက်ရသည့်အတွက် ဖြစ်တန်ရာ နိုင်ငံရေးမှန်းဆချက်များဖြင့် မရေရာမသေချာမှုများကို ရေရာသေချာအောင် ဆောင်ရွက်ရသော အနုပညာရပ်ပင် ဖြစ်သည်။

စာရေးသူအနေဖြင့် နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၏ လမ်းကြောင်းမှန်ကန်မှုမှာ နိုင်ငံရေးစေတနာပေါ်တွင် များစွာ မူတည်သည်ဟုယုံကြည်ပါ သည်။

*******************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs