Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၇.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရရှိမည်
  2. ကြယ်စင်အိမ်ရာစီမံကိန်းအား စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုမှ လာရောက်ရင်းနှီးမြှပ်နှံရန်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အာဆီယံမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ လာရောက်ရေး စဉ်းစားမည်
  1. ၁၉၉၀ ရွေးကောက်ပွဲတွင် မဲပေးခြင်းအား ကျေနပ်မှုရှိကြောင်း NLDပါတီဥက္ကဋ္ဌ ပြောကြား
  2. သုံးခွမြို့နယ်တွင် NDFပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရရှိမည်

           လာမည့် ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအနေဖြင့် ထိုင်းလုပ် သားများနှင့် တန်းတူအခွင့်အရေးရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများအား ထိုင်းလုပ်သားများနှင့် တန်းတူအခွင့်အရေးပေးရခြင်းမှာ မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံအား အကျိုးပြုနေသူများ ဖြစ်သည်ပာု ထိုင်းအစိုးရမှ အသိအမှတ်ပြုခြင်းကြောင့်ဖြစ်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည့် ထိုင်း- မြန်မာ့စီးပွားရေး ဆွေးနွေးပွဲအပြီး ထိုင်းနိုင်ငံရှိ Samutsakhonခရိုင် အလုပ်သမားရေးရာအကြံပေး Mr.Prechaက ပြည်တွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Express Time ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာလုပ်သားများ ထိုင်းလုပ်သားများနှင့်တန်းတူရရှိမည့် အခွင့်အရေးများမှာ လုပ်ခလစာ၊ ထိုင်းနိုင်ငံရှိ ဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်ခွင့်နှင့် ထိုင်းနိုင်ငံ အလုပ်ပိတ်ရက်များအတွင်း ထိုင်းလူမျိုးများနှင့်တန်းတူ အလုပ်ပိတ်ရက်အဖြစ် ရရှိမည်ဖြစ်ပြီး ယခင် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအား တစ်ရပ်လျှင် လုပ်ခ ဘတ် ၁၅၀ မှ ၂၀၀ ကြားပေးထားရာမှ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ ခရိုင်ခုနှစ်ခုတွင် လုပ်အားခအ နည်းဆုံး တစ်ရက်လျှင် ဘတ် ၃၀၀ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ထိုင်းလွှတ်တော်အမတ် ခရိုင်ဆပ်ချွန်နဝန် ဦးဆောင်၍ အင်ဒိုနီးရှားလွှတ်တော်အမတ် ၂ ဦး၊ ဖိလစ်ပိုင်လွှတ်တော်အမတ် ၁ ဦးပါဝင်သော အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့(ASEAN Inter-Parliamentary Myanmer Caucus) မှ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ AMPIC အဖွဲ့မှ ထိုင်းနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေကို လေ့လာရခြင်းမှာ ရွေ့ပြောင်းလုပ်သားများ၏ အခြေ အနေကို သက်ဆိုင်ရာအစိုးရများထံ တင်ပြ၍ အခွင့်အရေးလေးစားလိုက်နာမှုအတွက် တွန်းအားပေးနိုင်ရန်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သား တစ်သန်းခွဲခန့်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြယ်စင်အိမ်ရာစီမံကိန်းအား စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုမှ လာရောက်ရင်းနှီးမြှပ်နှံရန်ရှိ

ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ သန်လျင်တံတားအနီးတွင် ဆောက်လုပ်နေဆဲဖြစ်သော ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းတွင် စင်္ကာပူနိုင်ငံအ ခြေစိုက် YOMA Strategic Holding Ltd. မှ စင်္ကာပူဒေါ်လာ ၉၁သန်းနှင့် FMI Group Of Companies မှ ၃၀ရာခိုင်နှုန်းမြှပ်နှံ၍ ဆောက်လုပ်မည်ဖြစ် ကြောင်း ကြယ်စင်အိမ်ရာစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကြယ်စင်အိမ်ရာစီမံကိန်းက ၂၀၁၀ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ အခန်းပေါင်း ၈၀၀၀မှ ၉၀၀၀ကြား ပါဝင် မှာဖြစ်ပြီးတော့ လူဦးရေ ၂၅၀၀၀ခန့် နေထိုင်လို့ရအောင် ဆောက်လုပ်ထားပါတယ်။ ပြီးတော့ လူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်း ဧရိယာတွေပါဝင်ပြီး ဘဏ် လုပ်ငန်းရယ်၊ ကျောင်းတွေရယ်၊ ရုပ်ရှင်ရုံတွေ ပါဝင်မှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောကြားသည်။

ယင်းစီမံကိန်းမှာ ၅နှစ်စီမံကိန်းဖြစ်ပြီး မြေအကျယ် ဧက ၄၂၀ပေါ်တွင် Y-type ပုံစံဖြင့် ဆောက်လုပ်ထားပြီး အဆောက်အဦးအမှတ် (၁)အား ဆောက်လုပ်ရောင်းချပြီးဖြစ်ပြီး လက်ရှိတွင် အမှတ် (၂)အား ဆောက်လုပ်နေ ဆဲဖြစ်ကြောင်းကိုလည်း ၎င်းထံမှ သိရှိရသည်။

“လက်ရှိမှာအဆောက်အဦး (၁)မှာက အခန်းပေါင်း ၄၀နီးပါးလောက်ပဲ ကျန်ပါတော့တယ်။ အခန်းတစ်ခန်းရဲ့ တန်ဖိုးကို ၃၇၅သိန်းကနေ သိန်း ပေါင်း ၁၃၀၂သိန်းအထိ ပေါက်ဈေးရှိတယ်။ ပြီးတော့ ဒီလိုမျိုးဆောက်လုပ်ရခြင်းကလည်း အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးလာအောင်ရယ်၊ လူလတ်တန်း စားတွေနဲ့ အထက်တန်းစားအဆင့်ကလူတွေကို အဓိကထား ရောင်းချတာဖြစ်ပါတယ်။ ဒါ့အပြင် အရစ်ကျစနစ်ဖြင့်လည်း ဝယ်လို့ရအောင်စီစဉ်ထားပါ တယ်။ အရစ်ကျစနစ်ကိုတော့ အရင်ဦးဆုံး ၅ဝရာခိုင်နှုန်းကို ငါးလခွဲပေးရမည်ဖြစ်ပြီး ကျန်တဲ့ ငွေကို သုံးနှစ်ခွဲပေးရအောင် လုပ်ထားပါတယ်။ နေထိုင်တဲ့လူတွေ အဆင်ပြေချောမွေ့အောင် အကြိုအပို့ စီစဉ်ထားပါတယ်”ဟု ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းမှ အရောင်းဝန်ထမ်းတစ်ဦးမှ ပြောကြားချက်အရ သိရသည်။

ထိုသို့ ဝန်ဆောင်မှုပေးခြင်းများတွင်လည်း နေထိုင်မည့်သူများအဆင်ပြေစေရန် အကြိုအပို့ဘတ်စ်ကားများရှိပြီး မော်တော်အကြိုအပို့အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် ဆွေးနွေးလျက်ရှိပြီး ရေ၊ မီးနှင့် လုံခြုံရေးများအား အပြည့်အဝပေးထားလျက်ရှိပြီး လက်ရှိတွင် ပြည်တွင်းမှ ၇၅ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသားများမှ ၂၅ရာခိုင်နှုန်း တို့အား ရောင်းချထားသည်ဟုလည်း ၎င်းထံမှ သိရှိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အာဆီယံမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ လာရောက်ရေး စဉ်းစားမည်

           လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် မြန်မာလွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိစေရေးအတွက် အာဆီယံနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်ရေးအတွက် စဉ်းစားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အာဆီယံ အတွင်းရေးမှူး ချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများ လာရောက်ရေး လက်ခံလိုက်ပါက မြန်မာနိုင်ငံ၏ ပွင့်လင်း မြင်သာမှုကို ပြသနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ လာရောက်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူများ လာရောက်ဖို့အတွက် ကြိုဆိုပါတယ်” ပာု ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့ လာဆန်းစစ် သုံးသပ်ရေးကော်မရှင် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဝမ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး သ တင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် ပွင့်လင်းထင်သာမြင်သာမှုသည် ၂၀၁၄ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ရမည့် ကာလအတွက် ပြင်ဆင်မှုများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ ဒဏ်တပ်အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နှင့် အီးယူနိုင်ငံများကလည်း မြန် မာနိုင်ငံအတွင်း လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၏ အခြေအနေပေါ်မူတည်၍ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

            YC

-----------------------------------------------------------------------------------------------------------------------------------

၁၉၉၀ ရွေးကောက်ပွဲတွင် မဲပေးခြင်းအား ကျေနပ်မှုရှိကြောင်း NLDပါတီဥက္ကဋ္ဌ ပြောကြား

ဖေဖော်ဝါရီ ၂၆ရက်နေ့ နေ့လည် ၃နာရီကျော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သုံးခွမြို့နယ်သို့ သွားရောက်၍ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ထို့နောက် ၎င်းသည် သုံးခွမြို့နယ်ရှိ ပဲခင်းတစ်ခု၌ သုံးခွမြို့နယ်ရှိ ပြည်သူလူထုအား တစ်နာရီခန့် မိန့်ခွန်းပြောကြားခဲ့ပြီး လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲပေးခြင်းနှင့် ဆိုင်သည့် မဲပေးရန် ဆုံးဖြတ်ရမည့်အချက်များနှင့် မဲပေးပုံပေးနည်းတို့အား ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

“မဲပေးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ နှလုံးသားနဲ့ ပေးရပါမယ်။ ကြောက်လို့ မဲပေးတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံရလို့ မဲပေးတာမျိုးကို မဖြစ်ပါစေနဲ့။ ကိုယ်ဘာကြောင့် မဲပေးရတာလဲ ဘာကြောင့် ထောက်ခံရတာလဲဆိုတာကို သေသေချာချာစဉ်းစားပြီးမှ မဲပေးမှသာလျှင် အဲဒီမဲတစ်ပြားဟာ တန်ဖိုးရှိမှာဖြစ်ပါတယ်။ နောက်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မဲပေးတာထက် အဖွဲ့အစည်းတစ်ခုကို မဲပေးရမှာ ဖြစ်ပါတယ်။ ကိုယ်မဲပေးမယ့် အဖွဲ့ အစည်းဟာ မူရှိရမယ်၊ အစဉ်အလာရှိရမယ်၊ ပြီးတော့ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ သမိုင်းရှိရပါ့မယ်”ဟု ၎င်း၏ မိန့်ခွန်းများထဲမှ ကောက်နုတ်ဖော်ပြ လိုက်ရပါ သည်။

ထို့ပြင် သုံးခွမြို့၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်စုစုလွင်သည် ယခင် NLD ပါတီတွင် တာဝန်ထမ်းရွက်သွားသည့် အတွင်းရေးမှူး ဦးလွင်၏ သမီး ဖြစ်သည်သိရှိရပြီး ယင်းမဲဆန္ဒနယ်တွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သတင်းများအရသိရသည်။

“လာတဲ့အချိန်ကလည်း နည်းနည်းနောက်ကျနေတယ်။ ဒါပေမယ့် လူတွေကော ကားတွေကောကတော့ အပြည့်ပဲ။ တစ်လမ်းလုံး ဖုန်တထောင်း ထောင်းနဲ့။ ဒါပေမယ့် ဘယ်သူမှ မျက်နှာမညှိးကြဘူး။ အကုန်လုံး ပျော်ပျော်ရွှင်ရွှင်ပဲ။ အမေစုက သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောသွားတယ်။ မဲပေးရင် ဘယ်သူမှ ကြောက်စရာမလိုဘူးတဲ့။ ကိုယ်ပေးတာကို ဘယ်သူမှလည်း သိမှာမဟုတ်တဲ့အတွက် လာပြီးခြောက်ရင်လည်း ကြောက်ချင်ယောင်ဆောင်နေလိုက်လို့ ပြော သွားတယ်။ ပြီးတော့ ဒီသုံးခွမြို့နယ်မှာ ဝင်ပြိုင်တဲ့ ဒေါ်စုစုလွင်ကို မဲပေးဖို့ ပြောသွားသေးတယ်။ မြို့ပြင်က ပဲခင်းထဲမှာ ပြောသွားတာ။ တစ်နာရီနီးပါး လောက်ရှိတယ်”ဟု ထိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက်၎င်းသည် ကိုယ့်ကို ကတိများ အရမ်းပေးလွန်းသည့်အဖွဲ့အား လုံးဝမဲမပေးကြရန်။ ချော့တောင်းတာထက် ခြောက်တောင်းတာက ပိုပြီး အခြေအနေဆိုးပြီး အရေးကြီးဆုံးအချက်အဖြစ် မဲပေးသည့်အခါတွင် မကြောက်ကြရန် ရဲရဲဝံ့ဝံ့ မဲပေးကြရန်ပြောကြားသွားခဲ့ပြီး ၎င်းအနေဖြင့် လွတ်လွပ် လပ်လပ် မဲပေးခွင့်ရခဲ့သည့်အချိန်သည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲဖြစ်ပြီး ထိုအချိန်တွင် လွတ်လပ်စွာ ကြိုတင်မဲပေးနိုင်ခဲ့သည်ဟုလည်း ပြောကြားသည်။

ထို့ပြင် ၎င်းသည် မတ်လ ၃ရက်နှင့် ၄ရက်နေ့များတွင် မန္တလေးမြို့သို့ ပါတီစည်းရုံးရေးအတွက် သွားရောက်မည်ဖြစ်ပြီး လူဦးရေ ၇သောင်းနီးပါးခန့် ဆန့်မည့်နေရာတစ်ခုဖြစ်သည့် လမ်း ၅၁လမ်းနှင့် ၅၂လမ်း တို့ရှိ မြေကွပ်လပ်တစ်ခုတွင် ကျင်းပမည်ဖြစ်သည်ဟုလည်း သတင်းများအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

သုံးခွမြို့နယ်တွင် NDFပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်

ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက် ၉နာရီတွင် သုံးခွမြို့နယ်၌ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်ဟု NDFပါတီ မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြား ချက်အရသိရသည်။

ထိုရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းအား သုံးခွမြို့နယ်ရှိ အမှတ် (၂၈/ခ)၊ အောင်ဇေယျလမ်း (၆)ရပ်ကွက်တွင် ပြုလုပ်ကျင်းပခဲ့ပြီး ထိုအခမ်းအ နားသို့ NDFပါတီမှ ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ ဦးတိုးပို၊ ဦးသာဆိုင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့များမှလည်း တက်ရောက်ခဲ့ကြသည်ဟု ၎င်းထံမှ သိရှိရသည်။

ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေမှ “လွှတ်တော်ထဲတွင် NDFပါတီမှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွက် တတ်နိုင်သလောက် တင်ပြ ပြော ဆိုနေပြီဖြစ်ပြီး ထိုတင်ပြမှုများထဲတွင် ပင်စင်လစာကိစ္စရပ်များနှင့် လယ်ယာကိစ္စများပါဝင် လျက်ရှိပြီး အခြားပြည်သူများအတွက် အရေးကြီးသည့် ကိစ္စရပ် များကိုလည်း တင်ပြနေပါတယ်။ ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စရပ်များ၊ မြစ်ဆုံနှင့် sanction ကိစ္စရပ်များကိုလည်း တင်ပြခဲ့ပါတယ်။ NDFခမောက်ပါတီ သည် ပြည်သူများ အရှေ့တွင် မားမားမတ်မတ်ရပ်တည်လျက်ရှိကြောင်း” ယင်းဖွင့်ပွဲတွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

ထို့ပြင် NDFပါတီခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ၂၀၁၀ ဇူလိုင်လတွင် စတင်ပေါ်ပေါက်လာပြီး သက်တမ်း ကာလသိပ်မကြာ သေးကြောင်း၊ ယခင်ပါတီဟောင်းဖြစ်သည့် NLDပါတီ၌ နှစ် ၂၀ကျော် ရှေ့ဆက်လို့မရသောကြောင့် ပိတ်ဆို့မှုများအား ကျော်ဖြတ်၍ လမ်းကြောင်းတစ်ခု ပေါ်သို့ ပါတီခေါင်းဆောင်၊ ဦးဝင်းနိုင်နှင့် ဦးစိန်လှဦးတို့အား တိုင်ပင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်မှ ရွှေဂုံတိုင်ကြေညာချက်ဖြစ်လာစေရန် ကြိုးစားခဲ့ကြောင်း၊ လွှတ်တော်ထဲတွင်ရှိသည့် အမတ်များဖြင့် ပြည်သူအပေါ် ကတိတည်ရန်နှင့် ကျေပွန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တည်ဆောက်ရေးတွင် ရွေးကောက်ပွဲသည် အဓိကဖြစ်ပြီး မဲပေးသည့် ပြည်သူများအား ပစ်ထားသည့်ကိစ္စမှာ မဖြစ်သင့်ကြောင်းတို့အား ပြောကြားသွား ခဲ့ပြီး သုံးခွမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကြည်သန်းသည် ယခင် ၂၀၁၀ရွေးကောက်ပွဲတွင် ကျောက်တန်း၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်ဟုလည်း ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းမှ ဆက်လက်ပြောကြားသွားသည်။

“ဦးကြည်သန်းက ၂၀၁၀ရွေးကောက်ပွဲက ဒီကြားဖြတ်ပွဲမှာ ဝင်ပြိုင်ရတာနဲ့ ပတ်သက်ပြီး သူ့အတွက် နိုင်ငံရေးရေဆန်ခရီးကို ဖြတ်သန်းရတဲ့အ ခါမှာ မဟာစွန့်စားခန်းအဖြစ်ထင်နေကြတဲ့ သူတွေကို ပြောသွားခဲ့တယ်။ ပြီးတော့ အရင်က ရေးရေးသာထင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းက အခု မြန် မြန်ဆန်ဆန်နဲ့ သာယာချောမွေ့တဲ့ ခရီးလမ်းကြောင်းဖြစ်လာတာကို မထင်မှတ်ထားတာရယ်၊ ပြည်သူတွေအတွက် တစ်သားတည်း ရှိနေတာရယ်၊ ခေတ် ကိုပြောင်းတာ ခမောက်၊ စနစ်ကို ပြောင်းတာ ခမောက်၊ စားဝတ်နေရေးပြေလည်ဖို့ ခမောက်ကို မဲထည့်ကြဆိုတဲ့ ဆောင်ပုဒ်ကိုရွတ်သွားပြီးတော့ NDFနဲ့ ခမောက်သင်္ကေတကို မဲထည့်ပြီး အားပေးကြပါလို့ ပြောသွားပါတယ်”ဟု ယင်းပွဲသို့ တက်ရောက်သူ ဒေသခံတစ်ဦး၏ ပြော ကြားချက်မှ သိရသည်။

“မေးတဲ့အထဲမှာတော့ ဒီမိုကရေစီ ဆယ်ပါတီအကြောင်းရယ်၊ ဘယ်ပါတီတွေပါလဲ၊ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ နောက် ပြန်လှည့်သွားနိုင်တယ်ဆိုတာ ဘာဖြစ်လို့လှည့်သွားနိုင်တာလဲရယ် ပြီးတော့ ခမောက်ကအတုဟု ဘာကြောင့်စွပ်စွဲတာလဲ စတဲ့မေးခွန်းတွေကို မေးသွားကြ ပါတယ်။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ ခမောက်ကို ၂၀၁၀ရွေးကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သား သင်္ကေတအဖြစ် ပြည်သူတွေသိအောင် အ မြန်ဆုံးလုပ်ဆောင်ရတာ ဖြစ်ပြီး ဒီမိုကရေစီ တိုက်ပွဲအတွက် ပါတီက အသုံးပြုရတာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကလည်း အသိအမှတ်ပြု ကြောင်း စတာတွေကို ပါတီခေါင်းဆောင်တွေကနေ ဖြေကြားသွားခဲ့ပါတယ်”ဟု ၎င်းမှ ထပ်မံပြောကြားသည်။

ယင်းသုံးခွမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီများမှာ NDFပါတီမှ ဦးကြည်သန်း၊ NLDပါတီမှ ဒေါ်စု စုလွင်နှင့် ကြံ့ခိုင်ရေးပါတီက ဦးအောင်ကျော်မင်းတို့ဖြစ်သည်ဟုလည်း သတင်းများအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စက်မှုဖွံ့ဖြိုးရေးစီမံကိန်းက အခုအချိန်မှာ ရပ်ဆိုင်းသင့်ပါပြီ။ အဲဒီလိုပဲ နေပြည်တော်နဲ့ ပတ်သက်ပြီး အကုန်အကျ တွေကလည်း အရမ်းများပါတယ်။ မနေ့က နေပြည်တော်ဘတ်ဂျက် တောင်းတဲ့အခါမှာ ဒေါက်တာအေးမောင် တင်သွင်းတဲ့ ပြင်ဆင်ချက်ကို ကျွန်တော် ထောက်ခံပေးခဲ့ပါတယ်။အခုအချိန်မှာ အဲဒီကိစ္စတွေထက် ပြည်သူလူထု တိုက်ရိုက် စိတ်ချမ်းမြေ့မယ့် စားဝတ်နေရေး ပြေလည်မယ့် လစာနှုန်းသစ်တွေကို တိုးပေးနိုင်ရေး ပိုအရေးကြီးတယ်လို့ ယူဆပါတယ်”

ဖေဖော်ဝါရီ ၂၉ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၂) တွင်ပါသည့် “ပြည်ထောင်စု အစိုးရအဖွဲ့မှတင်ပြလာသော အမျိုးသားစီမံကိန်းကြီးများအနက်မှ ကျပ်ဘီလျံပေါင်း ၃၇၀ ကျော်ကုန်ကျ မည့် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျပ်ဘီလျံပေါင်း ၅၀၀ ကျော် ကုန်ကျမည့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းများကို လောလောဆယ် ဆောင်ရွက်ရန်မသင့်သေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

**************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment